Showing posts with label သုတ၊ရသ. Show all posts
Showing posts with label သုတ၊ရသ. Show all posts
Friday, 8 November 2013
နာယကဂုဏ် (၆)ပါး နှင့် အ နာယကဂုဏ် (၆)ပါး
နာယကဂုဏ် (၆)ပါး
နာယကဂုဏ် (၆)ပါး
၁။ ထကြွ
၂။ နိုးကြား
၃။ သနား
၎။ သည်းခံ
၅။ ဝေဖန်
၆။ ထောက်ရှု ဤခြောက်ခု ကြီးသူနာယက ။
အ နာယကဂုဏ် ( ၆ ) ပါး
“ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင် ၊ လိပ်မျိုး ၊ နွားသိုး၊ ခွေးအ၊"
ဤခြောက်ဝ နာယက မတင်ထိုက်။”
၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ကိုင်းပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။
ဂဏန်းသည် 
တည့်တည့်မသွား။
ဘေးတိုက်သွား၏။
ငါတည်းဟူသောမာနနှင့်
လက်မတထောင်ထောင်ရှိလှ၏။
ပုတ်သင်သည်
ရာသီအလိုက် အရောင်ပြောင်းတတ်၏။
မှန်သည်မှားသည်။သင့်သည် မသင့်သည်။ မစဉ်းစား။
နေရာတိုင်းမှာ ခေါင်းတညိတ်ညိတ်ရှိ၏။
ကိုင်းပင်သည် 
မားမားမတ်မတ်မရှိ။
လေယူရာယိမ်း၏။ ဆိတ်ခလောက်နှင့် ဆင်တူ၏။
သို့သော် သူတပါးအပေါ်၌
စိုးမိုးအုပ်ချုပ်လိုသော ဆန္ဒအမြဲရှိ၏။
လိပ်သည်
လေးတုန့်နှေးကန်စွာသွားလာတတ်၏။
ယက်လေသမျှဝမ်းဗိုက်အောက်သို့သွင်း၏။
ရလေသမျှငါ့ဥစ္စာချည်းဟုထင်၏။
တစ်ကိုယ်ကောင်းဆန်လွန်းသောကြောင့်
ကိုယ့်ဘက်ကိုယ်ယက်သောလိပ်ဟုပင်စကားပုံပြုကြ၏။
နွားသိုးသည်
ရှူးရှူးရှဲရှဲနှင့် ဒေါသထွက်လွယ်၏။
မြင်သမျှနွား ငါ၏ပြိုင်ဘက်ဟုထင်၏။
မိန်းမမြင်သော် ကြိုးပြတ်အောင် ရုန်းသောကြောင့်
နွားသိုးကြိုးပြတ်ဟု ခိုင်းနှိုင်းပြောဆိုကြ၏။
ခွေးအသည်
သူတပါးအူသံကြားသော်လိုက်၍အူ၏။
အူသော်လည်းဘာမှအရာမထင်။
ကျိုးကြောင်းရှိမရှိကို မစဉ်းစား။
မိမိအူသံဘယ်သို့ ရှိသည်ကိုမသိ။
ဤသို့ဖြင့် အထက်ပါအချက်တို့မှ တပါးပါးဖြင့်သော်လည်းကောင်း အားလုံးဖြင့်သော်လည်းကောင်း
ငြိစွန်းခဲ့သော်ဤသူကိုခေါင်းဆောင် မတင်သင့်ဟူ၍နောင်လာနောက်သား ပြည်သူအများတို့အား
ရှေးမြန်မာပညာရှိတို့ လမ်းညွှန်ပြခဲ့ကြသည်။
from googling
Sunday, 3 November 2013
"အိပ်မက်လေးရဲ့  ~ မီးပုံးပျံ"
"အိပ်မက်လေးရဲ့  ~ မီးပုံးပျံ"
24 October 2010 at 00:37
ကျွန်တော့်နာမည်က အိပ်မက် ပါ ။ အိပ်မက်ဆိုလို့"အိပ်"တာမက်တဲ့ကောင်လို့ တော့
မထင်လိုက်နဲ့ ဦးနော် ...။ ကျွန်တော်က ကစားသမားဗျ ။ အဆော့တအားမက်တာ ။
ကစားတဲ့၊ဆော့တဲ့နေရာမှာ မျောက်ရှူံးအောင်ကိုပဲဗျာ...။လူ'သာပြောင်းသွားမယ်
အိပ်မက်'တို့ အဆော့မပျက်ဘူးဆိုသလိုပေါ့...ကျွန်တော်နဲ့ ကစားပေးတတ်ကြတဲ့
ကစားဖော်တွေ၊အပေါင်းအသင်းတွေသာ ~ တစ်ဦးနဲ့ တစ်ဦး ၊ လူချိန်းလို့ ပြောင်းလဲ
သွားလိမ့်မယ်...။ကျွန်တော်ကတော့ ပင်တိုင်စံ'ပါ ။ဒီလိုလူစား ကျွန်တော့်အတွက်တော့
 အခုလိုရာသီပွဲတော်လေးဟာ ... ကျွန်တော်စိတ်ကြိုက် ဆော့ဖို့ အရေး လေပေးသင့်ပေး
နေသလိုပါပဲဗျာ ... ။
"၀ါလကင်းလွတ် ~  သီတင်းကျွတ်ပြီ" ဆိုတော့ ... ငယ်ငယ်ကရွတ်ဆိုဖူးတဲ့ကဗျာလေးကို
သွားသတိရကာ ...
သီတင်းကျွတ်ပြီ...
မီးပုံးပျံလွှတ်ကြရအောင်
မီးစာကို ရေနံဆွတ်ပါ
မိုးလွတ်ပါမည်လား ... ။ဆိုသလိုပဲ ... ကျွန်တော်လည်း မီးပုံးပျံလေးတစ်လုံးလွှတ်တင်ချင်လို့
ရှိစု၊မဲ့စုမုန့် ဖိုးလေးနဲ့  မီးရှူး၊မီးပန်းဆိုင်ကိုအပြေးလေးသွားလို့  မီးပုံးလေးဝယ်လာခဲ့တယ် ...။
မီးပုံပျံဆိုတဲ့အရာမျိုးကလည်း ... တစ်ဦးတစ်ယောက်ထဲကစားလို့ အလုပ်ဖြစ်တဲ့အရာမှ
မဟုတ်တာလေ။ အဲ့တော့ ... ကျွန်တော့်မှာအပေါင်းအဖော်တွေရဲ့ အကူအညီလေးယူလို့ 
မီးပုံးလေး လေပေါ် လွှတ်ရဦးမှာပေါ့...ကျွန်တော့်ကို တစ်ချက်လောက်ကူကြပါဦးဗျာ...
ဆိုတာနဲ့  ။ အနီးအနားမှာရှိကြတဲ့ ကိုဇွဲတို့ ညီအစ်ကိုတွေ(ကိုဇွဲ ၊ ကိုလုံ့လ ၊ ကိုဝီရိယ)နဲ့ 
ကိုပညာတို့ က အပြေးလေးအနားလာလို့  မီးပုံးလေးမှိုင်းဝကာ ၊ တည့်မတ်ဖို့  အရေး
ဝိုင်းကူလို့ ပေးတယ်လေ ... ကိုရီးယုံလို့ ခေါ်တဲ့ (ကိုယုံကြည် ) ကတော့ မီးစာတံကလေးကို
မီးရှို့ ကာ ပေးလို့ ... ကျွန်တော် အိပ်မက်လေး လွှတ်တင်နိုင်လိုက်ပါပြီ...။
တကယ်တမ်းတော့ မီးပုံးပျံဆိုတဲ့အရာလေး ဟိုးမြင်မြင့်ကို ကောင်းမွန်၊တည့်မတ်စွာ ပျံသန်းနိုင်ဖို့ 
အရေးမှာ... အိပ်မက်လေးတစ်ယောက်ထဲနဲ့  မစွမ်းနိုင်ပါဘူးဗျာ...။အစ်ကိုတော်များဖြစ်ကြတဲ့ဇွဲ 
လုံ့လ ၊  ၀ီရိယပညာ နဲ့ ယုံကြည် တို့ကြောင့်သာလျှင် ဟိုးမိုးသားထက်မှာ  မီးပုံးလေး
အမြင့်တက် ပျံသန်းနိုင်တော့တာပါပဲလေ ...
အကယ်၍သာ အိပ်မက်လေး လုပ်ချင်၊ဖြစ်ချင်သော်လည်း ဇွဲလုံ့လ ၊  ၀ီရိယပညာ နဲ့ 
ယုံကြည် တို့ ရဲ့ အကူအညီသာမပါခဲ့ပါဘူးဆိုရင် ... ကျွန်တော့် စိတ်ကူးထဲက မီးပုံးပျံလေး
ဟိုးကောင်းကင်ကိုကပ် ၊ အမြင့်တက် ပျံသန်းနိုင်မှာ မဟုတ်ပါဘူးလေ ... ။ ~ ။
♥MOESUTNAY♥
23.10.2010
9:30 p.m.
အဲလ်ဗတ်အိုင်းစတိုင်းတဲ့လား...???
အဲလ်ဗတ်အိုင်းစတိုင်းတဲ့လား...???
29 September 2010 at 11:42
ကျွန်တော် အိုင်းစတိုင်း ကို လေးစားတယ် ~
ကျွန်တော် math graduate တစ်ယောက်မို့ 
ပြောတာလည်းမဟုတ် ...
သဘောကျလို့ မဟုတ် ...
ကျော်ကြားတဲ့ နှိုင်းဆသီအိုရီနဲ့ အမှီသဟဲနိယာမတွေကို
ဖော်ထုတ်ခဲ့လို့ လည်းမဟုတ် ...
သူတွေးတဲ့  philosophy တစ်ချို့ ကို
နှစ်သက်လွန်းလို့ လည်းမဟုတ် ...
အိုင်းစတိုင်း ဆိုတာ ~
သူက သူ့ နိုင်ငံကိုချစ်တယ်...
ဒါပေမယ့် စစ်မဖြစ်စေလိုခဲ့ဘူး ...
လူလူချင်းတန်ဖိုးထားလို့ 
လန်ချားတောင်မစီးပါဘူးဆိုတဲ့
သူ့ စိတ်ထားကို ကျွန်တော်သဘောကျတယ် ...
မတတ်လို့ ရှောင်ရင်-ဘယ်တော့မှမသိဘူး
စပ်စုတယ်ထင်ပါစေ-သိချင်တာကိုရအောင်မေးဆိုတဲ့
သူ့ စရိုက်ကို ကျွန်တော်ကြိုက်တယ် ...
လူတစ်ယောက်ရဲ့ ပင်ပန်းမှု့ အပေါ်မှာ
အသာလေးခူးခပ်စားခြင်းဟာ
စာနာမှု့ ကင်းတယ်လို့ ပြောဖူးတယ် ...
ကမ္ဘာကြီးငြိမ်းချမ်းဖို့ အတွက်~
လက်နက်နဲ့ စစ်မက်တွေကိုတားဆီးဖို့ ရာ
ကျွန်တော်တို့ လူသားတွေရဲ့ ဆန္ဒပါတဲ့  ...
ဘာပဲဖြစ်ဖြစ်ဗျာ~
 ပညာတွေတတ်ပါရက်နဲ့ 
ဂျူးလူမျိုးတွေအတွက်
လူမိုက်တစ်ယောက်လို့ သက်မှတ်ခံရရင်တောင်
ကျွန်တော်သူ့ ကိုယ်လေးစားတယ် ...
သူတတ်တဲ့ပညာက
သူ့ အတွက် လူသတ်မဲ့ပညာရပ် မဟုတ်ဘူးတဲ့လေ !!!
♥MOESUTNAY♥
16.6.2010
"ဘ၀ရထားပေါ်ကဖေဖေနဲ့ ကျွန်တော်"
"ဘ၀ရထားပေါ်ကဖေဖေနဲ့ ကျွန်တော်"
26 September 2010 at 20:13
" Time and tide wait for no man "တဲ့  ... ဒီရေတွေတဖြေးဖြေးစီးဆင်းလာခဲ့သလို ...
ကျွန်တော့်အသက်လေးလည်း အခုဆို ၂၃ နှစ် ပြည့်တော့မယ် ဖေဖေ ...
ကလေးဘ၀လေးကို ကျော်လွန်ခဲ့လို့  အခုဆို လူကြီးပေါက်စန ဖြစ်နေရပြီ ဖေဖေ ...
ကျွန်တော်မြင်တာလေးတွေလည်း တဖြည်းဖြည်း ပြောင်းလဲတတ်လာပြီ ဖေဖေရေ ...
ကလေးပေါက်စန မူကြိုအရွယ်က ဖေဖေဆိုတာ ကျွန်တော့်အတွက် ခင်တွယ်စရာကောင်းတဲ့
ကစားဖော်ကြီးရယ် ... ဒီလိုနဲ့ ရယ်~ကျွန်တော့်အသက် ၁၀  နှစ်ကျော်အရွယ်မှာ ဖေဖေဆိုတာ
အာလာဒင်ဆီမီးခွက်လေးလိုပဲ~ လိုအပ်ချက် ကွက်လပ်လေးတွေကို ဖြည့်စွက်ကာ ဖြည့်ဆည်းပေး
ပြန်တယ် ... ဆယ်ကျော်သက်အရွယ် ၁၆ နှစ်ပတ်လည်ကျတော့ ဖေဖေဆိုတာ
ကျွန်တော့်ဘ၀အတွက်  လမ်းပြကြယ်( Guiding Star ) လေးလို့ ကျွန်တော်မှတ်ထားခဲ့တယ်...
ကျွန်တော့်အသက် ၂၀ ကျော်တဲ့အရွယ်မှာတော့ ဖေဖေဆိုတာ တိုင်ပင်လို့ ကောင်းတဲ့
အဖော်တစ်ယောက် ၊ ရင်ဖွင့်လို့ ရတဲ့ စကားပြောဖော်ကြီး ရယ်လို့   ...
ကျွန်တော် နားလည်တတ်ခဲ့ပြန်တယ် ...
အခု ကျွန်တော့်အသက် ၂၃ နှစ်အရွယ်မှာတော့ တစ်နှစ်တစ်ခြား ၊ ရွေ့ လျား...ရွေ့ လျားလာခဲ့တာ
ကျွန်တော်မြင်ထားတာလေးတွေဟာပိုပိုပြီး များပြားလာပြီ ဖေဖေ ... ကျွန်တော်သိခဲ့ပါတယ် ...
ကျွန်တော်နားလည်ခဲ့ပါတယ် ... ဖေဖေဆိုတာ ဘယ်လိုမှ ဖွင့်ဆို/ ခွဲခြား/ထုတ်ဖော်/မြင်ပြ
ထားလို့ မရတဲ့ ပြည့်ဝသော အဓိပ္ပာယ်တို့ ရဲ့  ဂုဏ်ပုဒ်ပါပဲလေ ...
ဖေဖေ~ကျွန်တော်ဖေဖေ့ကို တအားချစ်တယ် ။ ဒါပေမယ့် မှတ်မိသလောက်တော့ လူမှန်းသိစ
ကလေးအရွယ်ကတည်းက အခုအချိန်ထိရယ်ဖေဖေ့ကို ချစ်တယ်လို့  ကျွန်တော် တစ်ခွန်းမှ
မပြောခဲ့ဖူးဘူးနဲ့ တူတယ် ။ဖေဖေလည်း မပြောဖူးဘူးနော် ... ကျွန်တော်တစ်ခါမှ မကြားဖူးဘူးလို့ 
ထင်တာပဲ ... တစ်ခါတစ်ခါ ကျွန်တော်မကျေနပ်ဘူးဖေဖေ ... ကျွန်တော် ကလေးဘဝ
ဟိုးငယ်ငယ်ကလေးကတည်းက  ဖေဖေကျွန်တော့်ကို ကျောင်းလိုက်ပို့ ဖူးတာဆိုလို့ 
မူလတန်း+အလယ်တန်းမှာ လေး၊ငါးကြိမ် သာသာလောက်ပါ ... ဖေဖေမအားတဲ့ 
တာဝန်နဲ့ ဝတ္တရားတွေရဲ့ နောက်မှာ သားမျှော်လင့်တာလေးတွေ လစ်လပ်ခဲ့တယ်နော် ...
ပွဲတော်အခါသမယတွေ မိသားစု ဟိုဟိုဒီဒီ သွားချင်လို့  ချိန်းဆိုကြတိုင်းလည်း အိမ်ပြန်
နောက်ကျတတ်တဲ့ ဖေဖေကြောင့် ကျွန်တော်တို့ ပျော်ရွှင်မှု့ တွေအပြည့်အ၀မရခဲ့ပါဘူး ...
ဖေဖေမတရားဘူး ... ဖေဖေနားမလည်ခဲ့ဘူးနော် ... အဲ့အချိန်တွေတုန်းက ဖေဖေဟာ
ကုမ္ပဏီကြီးတစ်ခုက မန်နေဂျာ , ဖေဖေသုံးစွဲဖို့ ရာ ပေးအပ်ထားတဲ့ ကားလေးဟာ
မိုးလင်းလို့  အိမ်ကထွက်သွားလိုက်ရင် မိုးချုပ်မှသာ အိမ်ကို ပြန်ဝင်တတ်တော့တယ်လေ ...
တာဝန်နဲ့ဝတ္တရားဆိုတဲ့အရာတွေက ဖေဖေ့ကို ချုပ်ကိုင်ထားသတဲ့လားဗျာ ...
တစ်ခါတစ်ခါ ဖေဖေနဲ့ ကျွန်တော် မျက်နှာချင်းမဆိုင်လိုက်ရတဲ့နေ့ တွေတောင်ရှိပါတယ် ...
"ဖေဖေနဲ့ ဆုံချင်လို့ ပါ... အိပ်ပုတ်ကြီးတတ်တဲ့ ကျွန်တော်လေ မနက်ခင်း
စောစောလေးထလို့  ဖေ့ဖေ့ကားလေး ရေဆေးပေးခဲ့တယ် ..."  နောက်ခန်းတံခါးဖွင့်လို့ 
ပုန်းဝပ်ကာ ဖေဖေ့နောက်ကို ကျွန်တော်လိုက်ချင်ပါတယ် ... လမ်းတစ်ဝက်ရောက်မှ
(၀ါး) ခနဲ ထခြောက်ကာ၊စနောက်တဲ့ ကျွန်တော့်ကို ဖေဖေ စိတ်ဆိုးတဲ့အကြည့်တွေနဲ့ ကြည့်ကာ
အလုပ်ရှုပ်တယ်ထင်ပြီးရောက်ရာကနေ ပြန်လှည့်ကွေ့ ကာ ကျွန်တော့်ကို ဖေဖေအိမ်မှာ ထားခဲ့ပြန်တယ် ။
ကျွန်တော်ဖေဖေ့ကို မခင်တွယ်တော့ဘူး ။ ဖေဖေဟာ ကျွန်တော်နဲ့ အတူလိုက်ဆော့ပေးနိုင်တဲ့
ကစားဖော်ကြီးလည်း မဟုတ်တော့ဘူး ... ရပါတယ်~ဖေဖေ ... နေပါစေလေ ... ကျွန်တော့်မှာ
အတူဆော့ဖို့ ရာ သူငယ်ချင်းတွေရှိလာပါပြီလေ ... "ဖေဖေ~ကျွန်တော်
ကျေးဇူးတင်တယ်နော် " စက်ဘီးလိုချင်ရင်၊စက်ဘီး...စကိတ်လိုချင်ရင်၊စကိတ်...
ဂိမ်းစက်ဆိုရင်ဂိမ်းစက်...တောင့်တသမျှကို ဖြည့်ဆည်းပေးတတ်တဲ့ဖေဖေဟာ...
ကျွန်တော့်အတွက်တော့ အဖိုးထိုက်ရတနာကြီးပါ ။ဒီလိုနဲ့ ကာလတွေရွေ့ လာလိုက်တာ
ကျွန်တော်လည်း အဆော့မမက်တော့ပါဘူးဗျာ ... စာအုပ်တွေ ရှာရှာဖတ်လို့  ...
သိလိုသမျှကို စူးစမ်း ၊ ဖေဖေ့ဆီမှာ မေးမြန်းတတ်လာပြီ ... ဖေဖေရဲ့ 
အိပ်ယာဝင်ချိန်တွေမှာ လျောင်းနေတဲ့ ဖေဖေ့ခြေသလုံးနှစ်ချောင်းဟာ ကျွန်တော်ဖို့ 
ကီးစမ်းစ၊စန္ဒရားခုံကြီးပမာပါ ... ဖေဖေကတော့ ကျွန်တော်အတွက်"Wikipedia " ပါ ...
ဒီလိုနဲ့ အချိန်ဆိုတဲ့ရထားကြီးကို စီးနင်းလိုက်ပါလာကြတာ ... သက္ကရာဇ်တွေ တရစ်ရစ်နဲ့ 
ဘူတာလေးတွေလည်း အသစ်အသစ်ဖြစ်လာခဲ့ပြီ ...။အခုတော့ ဖေဖေနဲ့ မေမေက အငြိမ်းစား...
ကျွန်တော်တို့ က မနက်ဆို ရုံးသွားကြပြီ ။ လောကဓံတရားက တစ်ဖန်ပြန် လည်လာလေသလားပေါ့ ...
မနက်မိုးလင်းတိုင်း ဘုရားရှိခိုး၊ဖေ မေကန်တော့ကာ ရုံးကိုထွက်သွားတတ်တဲ့ ကျွန်တော်တို့ ရဲ့ 
အိမ်ပြန်ချိန်တွေကို ~ အခုဆို ဖေနဲ့ မေတို့ က ပြန်လို့  မျှော်နေတတ်ပြီနော် ...
အလုပ်တွေမပြီးပြတ်လို့  အိမ်ပြန်ချိန်တွေနောက်ကျတတ်တဲ့ ကျွန်တော့်ကို ...
ဖေဖေများမျှော်နေမလား ... မေမေများ ပူပန်နေမလား ...ဗျာ ။။။။
ဖေဖေ့တုန်းက နားမလည်တတ်ခဲ့တဲ့ သား ... အခုတော့ တာဝန်နဲ့ ဝတ္တရားဆိုတာကို
ကောင်းကောင်းကြီး သဘောပေါက် သွားပါပြီ ...။
အချိန်စက်ဝန်းတွေပြောင်းလို့  ... ရာသီတွေလည်းဟောင်းခဲ့တော့ " ပေါ် ... ပူး...ပေါ် "
"ဖေဖေရေ ... တက်...တက် " ရထားကြီးထွက်တော့မယ်တဲ့ဗျ...
( ဘ၀ရထားကြီးပေါ်တွင် စီးနင်းလိုက်ပါလာကြသော
လောကခရီးသည်များခင်ဗျာ ... မကြာမီ အချိန်အတွင်းမှာ ~ ဘ၀ရထားကြီး ဆက်လက် ထွက်ခွာသွားမည် ဖြစ်ပါ၍
သက္ကရာဇ်မိုင်တိုင်လေးများကို ကျော်ဖြတ်ရန် လောကခရီးသည်များ အဆင်သင့်နေရာယူထားကြပါရန် ..................
" ပေါ် ... ပူး...ပေါ် ".....................................( ဂျုံး ဂျုံး ဂျက် ဂျက် ) .... .
( ဂျုံး ဂျုံး ဂျက် ဂျက် )
..............................................................
........................................................................
...............................................................................
ဘူတာအိုလေးကျန်ခဲ့ပြီ ...။   ။ 
♥MOESUTNAY♥
September 26 ,2010
( Sunday )
12:00 a.m.
"ခံယူချက်"
"ခံယူချက်"
29 September 2010 at 15:31
ကျွန်တော်တို့ ရဲ့ သတ္တလောက ကမ္ဘာကြီးထဲမှာ တစ်ဦးနဲ့ တစ်ဦး၊တစ်ယောက်နဲ့ တစ်ယောက်
သက်ရှိရယ်၊သက်မဲ့ရယ် မှမဟုတ်ဘဲ ရှင်သန်ကြီးပြင်းဖြစ်တည်နေကြရတဲ့ အရာတွေတိုင်းမှာ
တစ်ဦးရဲ့ ခံစားချက်နဲ့ တစ်ဦး၊ တစ်ယောက်ရဲ့ ခံယူချက်နဲ့ တစ်ယောက် ၊ ထပ်တူညီ
တစ်သားတည်း မကျကြဘဲ ...လွတ်လပ်စွာ ကွဲပြားခြားနားနေကြတာကတော့
အမှန် ဧကန် ထူးခြား မဆန်းပြားလှပါဘူးလေ ... 
>>> လေညှင်းလေးကပြောတယ်...
"ငါ့ကြောင့်...လေထုကိုရှူရှိုက်ရှင်သန်နေကြရတဲ့ 
သတ္တ၀ါတွေ ရွှင်လန်းစေဖို့  လေပြေလေညှင်းအေးအေးလေးတွေနဲ့ 
ပတ်ဝန်းကျင်ကိုအေးမြစေဖို့  နူးညံ့ စွာငါတိုက်ခတ်ပေးရမယ်..."
>>> မုန်တိုင်းကြီးကပြောတယ်...
"ငါတို့  လေထုကိုရှူရှိုက်လို့ အမှီစိုက်နေကြရတဲ့ 
သူတွေအငိုက်မှာ အရှိုက်ထိစေဖို့ ရာ ငါ ခပ်ပြင်းပြင်းတိုက်ခတ်လိုက်မယ်..."
>>> ကျောင်းဆရာတစ်ဦးက ဒီလိုပြောတယ်....
"ငါ့ကြောင့်...ပညာရေးလောကဟာ
အောင်မြင်တိုးတက်ရပါစေသား...
>>> အခြားဆရာတစ်ယောက် ပြန်လို့ ဆိုပေတယ်...
"ပညာရေးလောကကြောင့် ...ငါ" အောင်မြင်တိုးတက်ရပါစေ..."
>>> ဒူးရင်းသီးလေးက ဂုဏ်ယူဝံ့ကြွားစွာ ကျူံးဝါးတယ်...
"ငါ့ရဲ့  အရသာနဲ့ အနံ့ ကို ခြေဖျက်စားသုံးလိုသူအတွက်
ငါ့ကိုယ်ငါ ဆူးတွေနဲ့  ကာရံထားရမယ်...
>>> ပိန္နဲသီးလေးက အေးဆေးစွာပြန်လို့ ပြောတယ်...
"ငါတတ်စွမ်းသမျှ ရနံ့ အရသာနဲ့  လောကသားတွေစားသုံးနိုင်ဖို့ 
ငါတို့ တွေ ၀င်းမှည့်ပေးရမယ်..."
>>> ကျီးကန်းတစ်ကောင်က ဟိုဟို သည်သည် ကြည့်လို့  ပြောတယ်...
"လူတွေလစ်တာနဲ့ သူတို့ ရဲ့  အသား၊ငါးတွေကို ငါတို့ တွေ အလစ်ဆွဲစားရမယ်..
>>> ဥသြငှက်ကလေးက သာယာစွာပြန်လို့ ပြောတယ်...
"လူသားတွေ အမောအပန်းပြေစေဖို့ အတွက် ငါတို့ ရဲ့ တေးသံသာနဲ့ ဖျော်ဖြေပေးမယ်..."
>>> ကောင်လေးတစ်ယောက်က ဘုရားကန်တော့တိုင်း  သစ္စာဆိုကာ ဤသို့ ဆုတောင်းတယ်...
"သားကြောင့်...ကမ္ဘာလောကကြီးဟာ ကြည်နူးလှပ အေးချမ်းသာယာ နိုင်ရပါစေသား..."
>>> အခြားတစ်ယောက်ကတော့ ....
"သားအတွက်...ကမ္ဘာလောကကြီးဟာ ကြည်နူးလှပ အေးချမ်းသာယာ နိုင်ရပါစေ..."
အသက်ရှိရှင်သန်နေထိုင်ကြပုံခြင်းတူပေမယ့် ... ခံယူပုံ၊ ခံယူချက်ခြင်းမတူကြတဲ့ 
ဤသတ္တကမ္ဘာလောကကြီးထဲတွင် ... လရေးနှစ်ချောင်းငင်(လူ) ၊ လူချင်းတူပေမယ့်လည်း...
ခံယူပုံ ၊ ခံယူချက်ခြင်း မတူညီကာ ခြားနားကွဲပြားနေကြပါရောလားဗျာ ...
♥MOESUTNAY♥
"မီးနဲ့ ဝေးစေ...ပိုးဖလံရေ"
"မီးနဲ့ ဝေးစေ...ပိုးဖလံရေ"
27 September 2010 at 14:36
ဆုတောင်းများမှားခဲ့လား မှတ်ရတယ်
ဖြစ်ချင်တာနဲ့ ဖြစ်နေတာက
တေ့တေ့လေးရယ် လွဲနေလိုက်တာ ...
ကကြိုးကကြောင်နဲ့ အပေါက်အလမ်းမတည့်ခဲ့သမျှ
ကျွန်တော့်ကောက်ကြောင်းတွေကို
တစ်ချက်လောက်တော့ ပြန်စီရဦးမယ်ဗျာ ...
သူလိုကိုယ်လိုနဲ့ နေလာလိုက်တာ
ဆန္ဒနဲ့ ဘ၀ကြားက ဖြစ်တည်နေခြင်းကို
ရှင်သန်နေထိုင်မှု့ လို့ ဆိုထားမိတယ် ...
လရေးနှစ်ချောင်းငင်(လူ)
လူကတော့(လူ)ပဲ
အသံထွက်ပုံချင်းတူပေမယ့်
အနက်တွေကွဲနေပြန်ပါရောလား ...
ဒီလိုနဲ့ ပဲ ...(၃၁)ဘုံအတွင်းမှာ
လူးလိမ့်ကာ ကျင်လည်နေရင်း
ကြိုးလျှောက်တာ ကြိမ်ရေများလာလို့ 
တစ်ခါတစ်ခါ တကယ်(ပမ်း)တယ်ဗျို့  ...
လူတစ်ချို့ သိပ်လုပ်တတ်ပ
အပေါ်ယံ သကာလောင်းလို့ 
ရင်ထဲမှာတော့ ဟောင်းလောင်း
မာယာတွေ ဗလပွနဲ့ 
အပြုံးတွေ စီသကြတာ ...
ကိုယ့်ရှိမှကိုယ့်ဟာ
သူ့ ရှိတော့ သူ့ ဟာ
ဘာမနာလိုစရာရှိလဲ
မုဒိတာ မပွားဘဲ
ဣဿာတွေများနေလိုက်တာ
ဒီဘ၀ကြီး ခဏရတာပါဗျ
နောက်တစ်ဘက်ကမ်းကို
အပူတွေနဲ့ မတက်လှမ်းချင်စမ်းပါနဲ့ ဗျာ ... ။ ။
♥MOESUTNAY♥
11thJuly2010
( Sundy )
2:00 p.m.
"ရုန်းရင်း၊ကန်ရင်း...သူငယ်ချင်း"
"ရုန်းရင်း၊ကန်ရင်း...သူငယ်ချင်း"
27 September 2010 at 14:58
"Life is a struggle"ကွ
ရုန်းရင်း၊ကန်ရင်းပေါ့...သူငယ်ချင်းရယ်
ဘ၀ဆိုတာ...တိုက်ပွဲတဲ့
မနိုင်ရင်တော့ ရှုံးမှာပဲ
လဲရင်ပြန်ထ ... ဒါ'ဘ၀ကွ
ဘ၀ဆိုတာ
Director မလိုဘူး၊Producerမလိုဘူး
Actor / Actress အဖြစ်နဲ့ 
မင်းကိုယ်တိုင် လောကဇာတ်ခုံပြစင်ပေါ်မှာ
တင်ဆက်ဖျော်ဖြေကပြခွင့်ရမယ်လေ …
ဒါပေမယ့်…မှားသွားရင်တော့လား
ပြန်ပြင်ဖို့ အခွင့်အရေး (သူ့ )မှာမပေးဘူး …
အခမဲ့ချလို့ ပေးထားတဲ့ Canvas တစ်ချပ်မှာ
လိုရာပုံဖော်လို့ စိတ်ကြိုက်ပန်းချီရေးခြစ်လို့ ရတယ်
သို့ သော်လည်း…အမှားပြင်ဆင်ချက်နဲ့ 
နောက်ကြောင်းတွေပြန်ဖြည့်စွက်တဲ့အကွက် လုံးဝခွင့်မပြုပါ …
Domain Name ၀ယ်စရာမလိုတဲ့
Free Web-Page တစ်ခုမှာ
ငါတို့ ကြိုက်တဲ့ Platform ကနေ၊စိတ်ကြိုက်Programming Languageနဲ့ 
ရေးဆွဲကာပုံဖော်ပြလို့ ရတယ်
ချွင်းချက်…တင်ပြတဲ့ forumတွေ blogတွေမမှားစေနဲ့ ပေါ့ဗျာ
သူကပြန်ပြင်ခွင့်မရှိလို့ ပါ ...
ဒီလိုနဲ့ ပဲ
မေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ
ရုန်းရင်း၊ကန်ရင်းနဲ့ လှုပ်ရှားနေရတာ
Game ပွဲတစ်ပွဲအလားပမာ
Win (or) Game over တစ်ခုခုတော့
ငါတို့ တွေ သေချာပေါက်ရမှာပါ ....
လှုပ်ရှားမှု့ ဟာရပ်တန့် သွားရင်
ဘ၀တွေလည်း (တန့် ) သွားနိုင်တယ်ကွ ....
လူ့ ပြည်ထဲခြေမနင်းခင်
မေမေ့ဝမ်းထဲသန္ဓေတည်စ
ဟိုး...လူ့ ဘ၀ကြီးရဲ့ အစကတည်းကိုက
ငါတို့ တွေ ရုန်းကန်ခဲ့လိုက်ရတာ ...
လှုပ်ရှားမှု့ သာမပါကြည့်ပါလား
မေမေ့ဝမ်းအတွင်းထဲ ရေမွှာတွေ မွှမ်းလို့ ပဲ
ငါတို့ တွေ လူ့ လောကကြီးပေါ်
ခြေဆင်းလို့  မြေနင်းခွင့်ရပါ့မလားနော် ....
လှုပ်ရင်း၊ရှားရင်းနဲ့ ပဲ
အူဝဲလို့ မြည်တမ်းကာ ကမ္ဘာမြေကြီးထဲကို
လည်လည်တစ်ခေါက် ရောက်လာလိုက်တာ .....~
ဟူးးးးး ခန္ဓာတွေ မချုပ်ငြိမ်းလို့ 
မနက်ဖန်တွေ မသိမ်းခင်အထိတော့
(နောက်တစ်နေ့  မကူးခင်အထိပေါ့)
လှုပ်ရင်း၊ရှားရင်းနဲ့ ပဲ ရုန်းကန်သွားရဦးမှာပါလား . . . ။ ။
"Life is time between womb & tomb! "
♥MOESUTNAY♥
 11.7.2010(Sun)
7:20p.m.
"ကံသေကံမတွက်ဆလို့ မရ"
"ကံသေကံမတွက်ဆလို့ မရ"
29 September 2010 at 10:42
အသုံးမ၀င်တိုင်း အမှိုက်တော့ မဟုတ်ပါဘူး ...
ဈေးပေါတိုင်း တန်ဖိုးမရှိတာ မဟုတ်ပါဘူး ...
လွယ်လွယ်ရတိုင်း အဖိုးမတန်တာ မဟုတ်ပါဘူး ...
စွန့် ပစ်တိုင်းလည်း မလိုချင်လို့ တော့ မဟုတ်ပါဘူး ...
အ၀တ်စုတ်တိုင်းလည်း သူတောင်းစား မဟုတ်ပါဘူး ...
တော်နေကြတိုင်းလည်း လူကောင်းရယ်လို့ မဟုတ်ပါဘူး ...
လက်မှတ်တွေကပ်ထားတိုင်းလည်း တကယ်တတ်ကြတာ မဟုတ်ပါဘူး ...
ပေါ့ပေါ့နေတိုင်းလည်း ပျက်ဆီးနေတာ မဟုတ်ပါဘူး ...
ရိုးသားသူတိုင်းလည်း လူကောင်းရယ်တော့ မဟုတ်ပါဘူး ...
အဆင့်အတန်းမြင့်သူတိုင်းလည်း ကိုယ်ကျင့်တရားကောင်းတာ မဟုတ်ပါဘူး ...
နုံချာသူတိုင်းလည်း အဆင့်အတန်းနိမ့်ကြတာ မဟုတ်ပါဘူး ...
ကြိုးစားသူတိုင်းလည်း အောင်မြင်ကြတာ မဟုတ်ပါဘူး ...
ရှူံးနိမ့်သူတွေတိုင်းလည်း ညံ့ဖျင်းကြတာ မဟုတ်ပါဘူး ...
တွေးတတ်သူတိုင်းလည်း ရင့်ကျက်ကြတာ မဟုတ်ပါဘူး ...
ရင့်ကျက်သူတိုင်းလည်း တွေးတတ်ကြတာ မဟုတ်ပါဘူး ...
ဘာမှမလုပ်ရင် ဘာမှမဖြစ်တတ်လို့ 
ဘာမှမဖြစ်တိုင်းလည်း ဘာမှမလုပ်ဘူးမထင်ပါနဲ့  ...
ဘာဆိုဘာမှ သေချာရေရာမှု့ မရှိတဲ့  ဒီလောကကြီးထဲမှာ
"ဒါ"မှ"ဒါ"ဆိုပြီး အစွဲသုံးနေရင်တော့
ထာဝရ ငါ"ဆိုသည် အမြဲရှူံးနေတော့မှာပါလား ....???
♥MOESUTNAY♥
သူလို <----> ကိုယ်လို
သူလို <----> ကိုယ်လို
29 September 2010 at 10:52
*ကျေနပ်တာတော့
မဟုတ်ပေမယ့်
နေတတ်အောင်တော့ ~ နေခဲ့မိပါရဲ့ ... ။
တစ်စုံတစ်ရာကို ...ကျေးဇူးတင်မိခဲ့တယ်
တစ်စုံတစ်ရာကို ...နာကျည်းချင်မိခဲ့တယ်
တစ်စုံတစ်ရာကို ... အပြစ်တင်မိခဲ့တယ်
တစ်စုံတစ်ရာကို ... မုန်းချင်မိခဲ့တယ် ..... ။
ဒါပေမယ့် ...
အဲ့ တစ်စုံတစ်ရာ ကို
ဘာရယ်မှန်း ... ငါမသိခဲ့ဘူး ... ။
* တစ်ခါတစ်ခါ တွေးပြီးပြုံးမိတယ် ..။
< HTML > = MSN + Kgmalay
* အွန်လိုင်းပေါ်မယ်... စာတက်ရေးမယ် ။
Globalization ~ Telepathy
Idle : Not working
Chatting : Q Q
Invisible : Stealthily
moesutnay.co.cc : error
Ŧ Finished : Absolutely
ဘယ်လိုနာမ၀ိသေသနတွေ ရှေ့ ကပ်မလဲ ...
ဘယ်လိုဂုဏ်ပုဒ်တွေ တပ်မက်မလဲ ...
ဘယ်လိုတွေ မှတ်ချက်ပေးမလဲ ...
Plz , D N D ! ကျွန်တော်မတွေးတော့ဘူး ...
*အတိတ်ကို ကျွန်တော်ပြန်ဝင်စားတော့
ချစ်သူက ... (အမုန်း)
မိတ်ဆွေက ... (ဒေါသ)
အသိုင်းအ၀ိုင်းက ... (ဥပေက္ခာ)
လောက က ... (ဗလာ)
I don't worry about it !
ဘာပဲဖြစ်ဖြစ် အားလုံးကို
" မင်္ဂလာပါ " .......................။ ။
♥MOESUTNAY♥
"လွမ်းလှပါသည်~ရွှေမြန်မာပြည်"
"လွမ်းလှပါသည်~ရွှေမြန်မာပြည်"
8 October 2010 at 18:24
နေချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
မင်းမဲ့စရိုက်တွေဝေး
ဆူပူမှု့ တွေသာငြိမ်းအေးမယ်ဆိုရင် ...
ပြန်လာချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
အလုပ်အကိုင်၊အခွင့်အလမ်းတွေကောင်း
အုပ်ချုပ်မှု့ တွေပြောင်းမယ်ဆိုရင် ...
လွမ်းလှတာပေါ့
ငါ့တိုင်းပြည်လေးရယ်
မေ့ရင်ခွင်ကိုခွဲ၊မိသားစုနဲ့ တကွဲ
ရေမြေခြား'စလုံး'မှာ ~ ငါတို့ တွေအားငယ်နေရ ...
ဖြစ်ချင်တာပေါ့
ငါ့တိုင်းပြည်လေးရယ်
အိမ်နီးချင်းနိုင်ငံများလို
ရေမီးတွေစုံလင်လို့ 
လူနေမှု့ တွေခေတ်မှီ၊ပညာရေးတွေအဆင့်မှီရင် ...
ဆုတောင်းပါတယ်
ငါ့တိုင်းပြည်လေးရယ်
လူသားတိုင်းလူ့ အခွင့်အရေးကိုခံစားကာ
လွတ်လပ်မှု့ ရဲ့ သဘောတရားကိုတန်ဖိုးထားနိုင်ပါစေလို့  ....
အထင်မလွဲပါနဲ့ 
ငါ့တိုင်းပြည်လေးရယ်
ငါတို့ မြေမှာပျော်စရာမရှိလို့ 
ဘော်ဒါငတိတစ်သိုက်
စလုံးကို အခြေစိုက်ရတယ်လို့  ...
ဒါတွေကထားပါတော့လေ
လိုချင်တာရရင်
ပြန်လာရမှာမို့ 
မတိုးတက်တာကိုလည်း အပြစ်မယူတော့ပါ
မဖွံ့ ဖြိုးတာကိုလည်း မငြူစူတော့ပဲ
ဘာပဲဖြစ်ဖြစ်  
အချိန်တန်ရင်  
အိမ်ပြန်ခဲ့ပါမယ် .... ။     ။
♥MOESUTNAY♥
May 19, 2010
5:56 P.m.
 Share
Saturday, 2 February 2013
"အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။"
by Moesut Nay on Thursday, 6 January 2011 at 17:31 
အလုပ်ထဲတွင် အဆင်ပြေစွာ နေတတ်နေဖို့ နေနည်း ( ၅ ) ချက်
၁။ သင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။
လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက်
အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။
အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။
၂။ သာမာန် အလုပ်ဖြစ်သော်ငြား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီး
ကြည့် ကာ လုပ်ပါ။ အများအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း များ
လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ မရယ်မိပါစေနှင့်။
၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့ နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့) သူဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။
၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည် အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်
တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက “အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။
ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွှတ် ပါနှင့်။
၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ) ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည် သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။
(ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)
ဒီလိုကြီးတော့ မနေနဲ့ ဗျာ … ဟီးဟီး
:))
ကျွန်တော့်များ စောင်းရေးထားသလား မှတ်ရတယ် ။ @ _ @
Fm = > forward message
 Share
"လက်ဆောင်မွန်မှ …"
by Moesut Nay on Friday, 7 January 2011 at 23:30 
ဆရာ မြတ်ငြိမ်း ဘာသာပြန်ရေးသားသော …
ဒေါက်တာ စပင်ဆာဂျွန်ဆင်၏ လက်ဆောင်မွန်မှ …
နှစ်သက်မိသော note တစ်ချို့  ~
~~~~~~~~~~~~~~~~~~~~~~~~~~~
လက်ဆောင်မွန် ဘာလဲဆိုတာ
သင် သိထားပြီးသားပါ ။
အဲဒါကို ဘယ်မှာရှာရမလဲဆိုတာ
သင် သိထားပြီးသားပါ ။
နောက်ပြီး လက်ဆောင်မွန်က
သင် ပျော်ရွှင်အောင်နဲ့  အောင်မြင်အောင်
ဘယ်လိုစွမ်းဆောင်ပေးနိုင်တယ်ဆိုတာ
သင် သိထားပြီးသားပါ ။
သင် ငယ်စဉ်တောင်ကျေး ကလေးအရွယ်တုန်းက
ဒီအကြောင်း အသိဆုံးဖြစ်ခဲ့တယ် ။
တကယ်တော့ သင် မေ့လျော့နေတာပါ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လက်ဆောင်မွန် ဆိုတာ
အတိတ် မဟုတ်သလို
အနာဂတ်လည်း မဟုတ် ။
လက်ဆောင်မွန် ဆိုတာ
ပစ္စုပ္ပန်ပါ ။
လက်ဆောင်မွန် ဆိုတာ
ယခု လက်ရှိအချိန်ပါ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆင်းရဲဒုက္ခ အရောက်ဆုံး
အခြေအနေတွေမှာတောင်
လက်ရှိ ပစ္စက္ခကာလမှာ
အဆင်ပြေချောမွေ့ တဲ့အကြောင်း
အာရုံပြုထားရင်
သင် ပိုပြီး စိတ်ချမ်းမြေ့ လာလိမ့်မယ် ။
နောက်ပြီး မှားနေတာတွေကို
ပြန်ပြီး တည့်မတ်နိုင်အောင်
လိုအပ်နေတဲ့ အားမာန်တွေ
ယုံကြည်မှုတွေ ပေးလိမ့်မယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပစ္စုပ္ပန်မှာ တည်အောင်နေတယ်ဆိုတာ
အာရုံပျံ့ လွင်မှုတွေကို ဖယ်ထုတ်ပြီး
လောလောလတ်လတ် အရေးကြီးနေတာတွေကို
အာရုံစိုက်ခြင်းပဲ ဖြစ်တယ် ။
သင့် အာရုံဝင်စားမှုဟာ
သင့် အတွက် သင်ကိုယ်တိုင်ဖန်တီးပေးတဲ့
လက်ဆောင်မွန်ပဲ ဖြစ်ပေတယ် ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အတိတ် အတွေ့ အကြုံတွေကနေ
သင်ယူဆည်းပူးမှု မပြုခဲ့ဘူးဆိုရင်
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့ 
ခက်ခဲ ပင်ပန်းပေလိမ့်မယ် ။
သင်ယူဆည်းပူးမှု ပြုလုပ်ပြီးတာနဲ့ 
အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့မယ်ဆိုရင်
ပစ္စုပ္ပန်ကို တိုးတက်ကောင်းမွန်အောင်
သင် စွမ်းဆောင်ရာရောက်တယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပစ္စုပ္ပန်ကာလမှာ
သင် စိတ်ဆင်းရဲနေတဲ့အခါမျိုး
ဒါမှမဟုတ်
မအောင်မြင်ဘူးလို့ ခံစားနေရချိန်မျိုး
အဲဒီအချိန်ဟာ
အတိတ်ဖြစ်ရပ်တွေကနေ
သင်ခန်းစာထုတ်ယူရမယ့်
ဒါမှမဟုတ်
အနာဂတ်အတွက် စီမံကိန်းချရမယ့်
အချိန်ပဲ ဖြစ်တယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အတိတ်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာ
ပြန်ပြီး ဆန်းစစ်လေ့လာပါ ။
အဲဒီဖြစ်ရပ်တွေကနေ
အဖိုးတန်သင်ခန်းစာတစ်ခုခု ထုတ်ယူပါ ။
သင် ထုတ်ယူရရှိတဲ့ သင်ခန်းစာကို
ပစ္စုပ္ပန်ကာလ တိုးတက်ကောင်းမွန်ရေးအတွက်
အသုံးချပါ ။
သင် အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး ။
ဒါပေမယ့် အတိတ်ကနေ သင်ခန်းစာ
ထုတ်ယူလို့ ရတယ် ။
အနေအထား တူတာတွေပေါ်ပေါက်လာရင်
အကြောင်းကိစ္စတွေကို မတူ ခြားနားအောင် ဆောင်ရွက်
ပြီးတော့ ပိုပြီး ထွန်းပေါက်အောင်မြင်တဲ့
ပစ္စုပ္ပန်ကာလကို ပျော်ရွှင်ခံစားပါလေ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အနာဂတ်ကို
ဘယ်သူမှ ကြိုတင်ဟောကိန်းထုတ်လို့ မရသလို
ဘယ်သူမှ ထိန်းချုပ်လို့ မရဘူး ။
ဒီလိုဖြစ်ပေမယ့်လည်း
သင် တွေ့ လို ၊ မြင်လိုတာကို များများ စီမံကိန်းချလေ
ပစ္စုပ္ပန်မှာ
သင် စိုးရိမ်ကြောင့်ကြရမှု နည်းလေ
နောက်ပြီး အနာဂတ်ကို
ပိုပြီး သိနေ ၊ မြင်နေ လေပေါ့ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သာယာလှပတဲ့ အနာဂတ်ဘ၀ဟာ
ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးပုံရိပ် ဖော်ကြည့်ပါ ။
အဲဒီဘ၀မျိုး ဖြစ်ထွန်းလာအောင်
လက်တွေ့ ကျတဲ့ စီမံကိန်းတစ်ခု ဖန်တီးပါ ။
သင့် စီမံကိန်းကို လောလောဆယ်ပဲ
အကောင်အထည်ဖော်ပါ ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သင် ဘယ်ပုံ ဘယ်နည်း
တုံပြန် ဆောင်ရွက်သလဲဆိုတာ
သင့် ရည်မှန်းချက်ပေါ်မှာ တည်မှီနေတယ် ။
သင် စိတ်ချမ်းသာပြီး
ပိုမိုအောင်မြင် လိုလာပြီဆိုလျှင်
သင့် အနေနဲ့ မျက်မှောက်ကာလမှာ
ပျော်ဝင်နေထိုင်ရမယ့် အချိန်ရောက်နေပြီပေါ့ ။
ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး
သာလွန်ကောင်းမွန်စေချင်လာပြီဆိုရင်
သင့်အနေနဲ့ မျက်မှောက်ကာလမှာ
ပျော်ဝင်နေထိုင်ရမယ့် အချိန်ရောက်နေပြီပေါ့ ။
ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး
သာလွန်ကောင်းမွန်စေချင်လာပြီဆိုရင်
သင့် အနေနဲ့  အတိတ်ကနေ
သင်ခန်းစာထုတ်ယူရမယ့် အချိန်ဖြစ်နေပြီပေါ့ ။
အနာဂတ်ကို ပစ္စုပ္ပန်ထက်ပိုပြီး
ထွန်းလင်းတောက်ပြောင်စေချင်လာပြီဆိုရင်
သင့်အနေနဲ့  အနာဂတ်အတွက်
စီမံကိန်းချရမယ့် အချိန်သင့်နေပြီပေါ့ ။
သင်ဟာ ရည်ရွယ်ချက်ရှိရှိနေထိုင်ပြီး
လုပ်ကိုင်ဆောင်ရွက်တဲ့အခါ
နောက်ပြီး
မျက်မှောက်ကာလမှာ အရေးကြီးတာကို
တုံ့ ပြန်ဆောင်ရွက်တဲ့အခါ
ဦးစီး ဦးဆောင်ပြုရာမှာ
စီမံခန့် ခွဲရာမှာ
ကူညီထောက်ပံ့ရာမှာ
အဆွေခင်ပွန်းဖွဲ့ ရာမှာ
နောက်ပြီး
မေတ္တာထားရာမှာ
သင့်စွမ်းရည်တွေ ပိုမိုမြင့်မားလာတော့တယ် ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အောင်မြင်ခြင်းဆိုတာ
သင် ကိုယ်စွမ်း ကိုယ်စရှိသလောက်
ထွန်းပေါက်လာခြင်းဖြစ်တယ် ။
နောက်ပြီး လုပ်သင့်လုပ်ထိုက်တဲ့
ရည်မှန်းချက်ပန်းတိုင်များဆီကို
ခရီးပေါက် အောင်မြင်ခြင်းဖြစ်တယ် ။
ငါတို့ အတွက်
အောင်မြင်မှု ဘာလဲဆိုတာကို
ငါတို့ တစ်ဦးချင်း တစ်ယောက်ချင်း
အဓိပ္ပာယ် ကိုယ်စီဖွင့်ကြတယ် ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သင်၏ ပစ္စုပ္ပန်ကာလများကို အသုံးချနည်း သုံးသွယ်
-----------------------------------------------------
သင် စိတ်ချမ်းသာပြီး အောင်မြင်သူဖြစ်လိုတဲ့အခါ ~~~
ပစ္စုပ္ပန်မှာ မွေ့ ပျော်နေထိုင်ပါ ။
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ ။
သင့်ရည်မှန်းချက်ကို အသုံးပြုပြီး လောလောဆယ်အရေးကြီးနေတဲ့ကိစ္စကို
တုံ့ ပြန်ဆောင်ရွက်ပါ။
ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ ~~~
အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ ။
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ ။
အဲဒီ ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာထုတ်ယူပါ ။
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ ။
အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ ~~~
အနာဂတ်အတွက် စီမံကိန်းချပါ ။
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ ။
အဲဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ။
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
The Gift that Makes You Happy and Successful at Work & in Life !
ကျွန်တော်ဖတ်မိသောအခါ ကောင်းလွန်းလို့ 
လက်အညောင်းခံ ရိုက် တင် ထားပါသည် ။
 Share
"ဒီနေ့မြန်မာ့အမေများနေ့"
ဒီနေ့အမေများနေ့တဲ့ ! ! !
(ဘဘဦးသုခသတ်မှတ်ပေးတဲ့မြန်မာ့အမေများနေ့)
Cyprus က အမတစ်ယောက်က လှမ်းပြီး remind လုပ်တယ်။
ပြီးတော့ သူကလည်း message လှမ်းပို့တယ်။
ရုံးပြန်ရင် မေမေ့အတွက် လက်ဆောင်တစ်ခုခုဝယ်သွားတဲ့ . . .
ကျွန်တော် အလုပ်တွေရှုပ်နေတယ် မေမေ
ဒါပေမယ့် ~ ဒီနေ့က ဘာဆိုတာ . . . အမှတ်တရရှိပါတယ်။
မြန်မာ့အမေများနေ့၊ မြန်မာ့အဖေများနေ့၊
ကမ္ဘာ့အမေများနေ့၊ ကမ္ဘာအဖေများနေ့၊
ကမ္ဘာ့မိဘများနေ့ ... အဲ့နေ့တွေဆို
ကျွန်တော်လုံးဝမမေ့ဘူး . . . မေမေ။
အမေများနေ့အမှတ်တရတဲ့ ... ဖေ့ဘွတ်ကြီးပေါ်မှာ
သူများတွေ ကဗျာတွေရေးကြတယ်။
ကျွန်တော်လည်းသူတို့တွေလို ရေးချင်တာပေါ့
ဒါပေမယ့် ... ကျွန်တော်မရေးဖြစ်ဘူး ~ မေမေ။
ကျွန်တော်ဟာ ဘုရားသခင်ဖန်ဆင်းပေးလို့လူဖြစ်လာတာမဟုတ်ဘူး။
မေမေမွေးပေးခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တာ . . .။
မေမေဟာ . . .
ကျွန်တော့်ရဲ့ငိုသံချိုချိုကို ဆည်းလည်းသံလို့ ထင်မှတ်ခဲ့သူ
ကျွန်တော့်ရဲ့သင်ရိုးညွှန်းတမ်းကို ပထမဦးဆုံး ပြဌာန်းခဲ့သူ
ကျွန်တော့်မျက်ဝန်းအိမ် တံခါးဝမှ စိတ်တွင်းသို့ ဖောက်မြင်နိုင်ခဲ့သူ
ကျွန်တော့်ဘ၀အဘိဓါန်ကို စ/လယ်/ဆုံး ကြေညက်ခဲ့သူ
Happy Mother's Day ပါ ... မေမေ
သူများတွေလို မေမေ့ကို ချစ်တယ်/အရမ်းချစ်တယ်လို့
ပြောချင်ပါတယ် ~ ဒါပေမယ့် ပြောမထွက်ဘူး ... မေမေ
ပြောနေကျမဟုတ်တော့ ~ ပါးစပ်က မ၀ံ့ရဲဘူး
မဟုတ်တဲ့နေရာမှာ ရှက်နေတယ် . . . :(
မေမေ့ကို ရှိခိုးပြီးမှ ရုံးသွားခဲ့တာ
နေ့စဉ်တိုင်းမပျက်ခဲ့ဘူး...
ဒါပေမယ့် ~ မေမေ့ကိုချစ်တယ်လို့
တစ်ရက်မှ ပြောမထွက်ခဲ့ဘူး . . . ။
Like · Comment · Share · 26 January
p.s = > ကဗျာမရေးတတ်တော့လို့ ရေးမိရေးရာလေးပါ။ 
 Share
" ရင်ဝယ်ငြိတဲ့ အင်အားကဗျာ "
by Moesut Nay on Monday, 10 January 2011 at 11:47 
" ထိပ်ဆုံးသို့ "
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန် ...
ခါတစ်လေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့ ...
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး ...
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
 ချစ်ဖွယ့်လူသား ... ။ ~  ။
((ငွေတာရီ ))
 Share
" ချစ်တဲ့ မေမေ "
မင်း'...လူ့ ပြည်ကိုသက်ဆင်းဖို့ အရေး
မရဏသေတွင်းဘေးကနေ
ခြေတစ်ဖက်ဆင်းပေးခဲ့တာ
ဘယ်သူလဲ ...
မင်း'...အငိုတိတ်ဖို့ အရေး
ညသန်းခေါင်ယံမှာ အိပ်ပျက်ကာ
တေးချော့မြူပေးခဲ့တာ
ဘယ်သူလဲ ...
မင်း'...လောကဓံမုန်တိုင်းနာကျင်တိုင်းမှာ
အရှူံးကိုဖယ်ခွာလို့ 
အပြုံးနဲ့ ကြိုလင့်ပေးခဲ့တာ
ဘယ်သူလဲ ...
မင်း'...ကောင်းကင်မှာ
ကြယ်တစ်စင်းထွန်းလင်းဖို့အရေး
မျှော်လင့်ပေးခဲ့တာ
ဘယ်သူလဲ ...
ဒီလိုမျိုးအတွေးစတွေနဲ့ ဘဝ
ကျောက်စက်ရည်ထက်အေးမြတဲ့ 
မေမေရဲ့ မေတ္တာတရားကို
သား'...သတိတရနဲ့ ရေးချလိုက်ပြီဗျာ ... ။ ~ ။
11.5.2008 (ကမ္ဘာ့ မေမေများနေ့ အမှတ်တရ )
♥MOESUTNAY♥
---
International Mother's Day is Second Sunday in May !!!!
8.8.2011 မှာ ကျရောက်မည့် ကမ္ဘာ့ မေမေများနေ့ အမှတ်တရ
ကျွန်တော့် ဘလော့မှာ တင်ခဲ့ဖူးသော ပို့ စ်အဟောင်းလေးပါ ။
ကိုးလလွယ် ဆယ်လဖွားလို့  လူလားမြောက်အောင် မွေးဖွားသန့် စင်ပေးခဲ့သော
မွေးမေမေနဲ့ တကွ ပုခက်လွှဲသောလက်များ ၊ နို့ တိုက်မိခင်များ ၊ ကမ္ဘာမြေတစ်ခွင်မှ
"အမေ" ဟူသော  ဣတ္ထိလိင် များ အားလုံး အားလုံးကို ဦးခိုက်ညွှတ်တွားရင်း
ပျော်ရွှင်ဖွယ်ရာ မေမေများနေ့ ဖြစ်ပါစေလို့  . . . ။
ဆန္ဒမွန်ပြုရင်း . . . ♥ ♥ ♥
♥မိုးစွတ်နေ♥
 Share
"ခဲမှန်ဖူးတဲ့ ရန်ကုန်သင်္ကြန်"
by Moesut Nay on Friday, 15 April 2011 at 01:40
================
ဟောဒီ့ ကျီးလန့် စာစားမြို့ လေးမှာ
ပွဲတော်တစ်ခုဟာ စည်ကားနေရှာပေါ့ . . .
ခဲထိဖူးတဲ့ စာသူငယ်တွေ
အထိတ်တလန့် နဲ့  စိတ်မသန့် ပေမယ့် . . .
ပျော်ကြတဲ့သူတွေလည်း ပျော်ကြရှာပါလေ
စွတ်စိုလတ်ဆတ်တဲ့ သင်္ကြန်ရနံ့ တွေက
လူငယ်တွေပေါ်ကို စီးကျကြတယ် . . .
ဟန်ကြွကြွမာန်လွှလွှ ဖူးကြပွင့်ကြမယ့်
ပိတောက်ပန်း
ဟောဟိုဘက်မှာ နေခြောက်လှမ်းနေတဲ့
ကလေးတွေ
သင်္ကြန်ရေဘယ်မခမ်း အိမ်မပြန်စတမ်းဆိုတဲ့
အိုဘယ့် "အလန်း" တွေပေါ့ . . .
ပုလင်းတွေမော့ အပျင်းပြေဆော့ကာ
အော့ . . . အတွင်းကြေရင်တော့
ဟော့ . . . အတိနဲ့ 
ရှော့ . . . ရှိမယ်နော်
ပျံသန်းမယ့် နွေဦးမှာ
ပိတောက်တွေမဖူးရင်လည်း နေပါစေ . . .
ဒီသင်္ကြန်ရေ အေးပါစေ . . .
သွေးနဲ့ ဆေးဖို့  ဝေးပါစေ . . . ။ ~ ။
♥MOESUTNAY♥
14.4.2011
( Thu: )
6 :30 p.m.
( သင်္ကြန်အကျနေ့  )
 Share
" စာအုပ်ထဲက ဒဿနတစ်ချို့ "
by Moesut Nay on Wednesday, 1 June 2011 at 00:21
“ကိုယ်တိုင်အိပ်မှ အိပ်ပျော်မှာ”
=================
♦ မနာလိုမဖြစ်နှင့်
   လုပ်တဲ့သူက နေရာရမှာပဲ . . .
♦ တန်ဖိုးဆိုတာ ကြည့်တဲ့သူ ၊
   သိတဲ့သူအပေါ်မှာပဲ မူတည်တယ် . . .
♦ အပြောကြီးတာမလုပ်ချင်တာကို
   ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ . . .
♦ နှေးနေတာအရေးမကြီးဘူး
   ရပ်မနေဖို့  အရေးကြီးတယ် . . .
♦ အသိတရားရှိရှိနဲ့  စာရိတ္တကောင်းအောင်
   ကြိုးစားရင် လူရာဝင်တာပါပဲ . . .
♦ အပြစ်မရှာကြပါနှင့် အဖြေရှာကြပါ
   အရေးမကြီးတာကို အပ်ကြောင်းမထပ်မိပါစေနှင့် . . .
♦ လိုသလောက် မရနိုင်ပေမဲ့
   လုပ်သလောက်တော့ ရနိုင်ပါတယ် . . .
♦ အချိန်ဖြုန်းတာဟာ
   ဥစ္စာဖြုန်းတာထက် နှမြောဖို့ ကောင်းတယ် . . .
အမေဘယ်လောက်သိပ်သိပ် ကိုယ်တိုင်အိပ်မှ အိပ်ပျော်မှာပါ . . . ။ ~ ။
p.s = > ဖတ်မိ ၊ မှတ်မိ ၊ စုထားမိသော . . . ဒဿန ၊ စာစုလေးတစ်ချို့ 
 Share
"ခေတ်တစ်ခေတ်ရဲ့ အိုလူငယ်"
by Moesut Nay on Thursday, 17 January 2013 at 22:05 ·
ကဗျာမရေးတတ်ရင်
မဖြစ်တော့တဲ့အခါ
ပရဟိတအလုပ်မလုပ်ရင်
မဖြစ်တော့တဲ့အခါ
နိုင်ငံရေးမသိရင်
မဖြစ်တော့တဲ့အခါ
သီချင်းမဆိုတတ်ရင်
မဖြစ်တော့တဲ့အခါ
ဂစ်တာမတီးတတ်ရင်
မဖြစ်တော့တဲ့အခါ
ဖက်ရှင်ဆိုတာနားမလည်ရင်
မဖြစ်တော့တဲ့အခါ
ကွန်ပျူတာမသုံးတတ်ရင်
မဖြစ်တော့တဲ့အခါ
လက်ကိုင်ဖုန်းမရှိရင်
မဖြစ်တော့တဲ့အခါ
ဘာသာစကားတစ်ခုခု မတတ်ရင်
မဖြစ်တော့တဲ့အခါ
.
.
.
ကျွန်တော်ဟာ (၂၁)ရာစုကို
ရောက်နေပြီဆိုတာ သိလိုက်ရတယ် . . . ။
@_@
မိုးစွတ်နေ
Moesut Nay
17.1.2013(Thurs)
9:00 P.M.
သင်လည်းပဲ ၂၁ ရာစု၏ ခေတ်လူငယ်တစ်ယောက်ဖြစ်ကြောင်း ဒီကဗျာထဲမှ အလုံးစုံမဟုတ်တောင် တစ်ပိုဒ်ပိုဒ်မှ သက်သေပြုနေပါလိမ့်မည် . . . ။ :)
စာကြွင်း ။    ။ “ပရဟိတအလုပ်မလုပ်ရင် . . .  မဖြစ်တော့တဲ့အခါ” …. ဆိုသည်မှာ ~ ပရဟိတကို စိတ်အရင်းခံ အမှန်ဖြင့်
လုပ်နေသူများကို မဆိုလိုပါ။ ပေါ်ပင် ရေလိုက် ငါးလိုက် လုပ်တတ်ကြသူများ အတွက်သာ ရည်ညွှန်းပါသည်။
 Share
"လူ့ဘ၀ရဲ့ အကြီးမားဆုံး အသိတရား (၁၄) ချက် "
"လူ့ဘ၀ရဲ့ အကြီးမားဆုံး အသိတရား (၁၄) ချက် "
by Moesut Nay on Saturday, 21 May 2011 at 23:08 ·
 "လူ့ဘ၀ရဲ့ အကြီးမားဆုံး အသိတရား (၁၄) ချက် "
၁။ လူ့ဘ၀၏ အကြီးမားဆုံး ရန်သူသည် မိမိကိုယ်တိုင်ဖြစ်သည်။
၂။ လူ့ဘ၀၏ အကြီးမားဆုံး ဆုံးရူံးခြင်းသည် မိမိ၏မာနကြောင့်ဖြစ်သည်။
၃။ လူ့ဘ၀၏ အကြီးမားဆုံး လက်ဆောင်မွန်သည် သည်းခံခွင့်လွှတ်တတ်သော စိတ်ဓါတ်ဖြစ်သည်။
၎။ လူ့ဘ၀၏ အကြီးမားဆုံး အသိမဲ့ခြင်းသည် မိမိကိုယ်ကို လိမ်လည်ခြင်းဖြစ်သည်။
၅။ လူ့ဘ၀၏ အကြီးမားဆုံး ၀မ်းနည်းရခြင်းသည် မိခင်မေတ္တာကို စွန့်လွှတ်ရခြင်းဖြစ်သည်။
၆။ လူ့ဘ၀၏ အကြီးမားဆုံး မှားယွင်းမှုလုပ်ရပ်သည် မိမိ၏စိတ်ဓါတ် ကျဆင်းခြင်းကြောင့်ဖြစ်သည်။
၇။ လူ့ဘ၀၏ အကြီးမားဆုံး သနားစရာကောင်းခြင်းသည် မိမိ၏စိတ်အားငယ်မှုဖြစ်သည်။
၈။ လူ့ဘ၀၏ အကြီးမားဆုံး ပြစ်မှုပြုခြင်းသည် မိမိ၏အနိုင်ကျင့်လိုမှုဖြစ်သည်။
၉။ လူ့ဘ၀၏ အကြီးမားဆုံး လေးစားခံရခြင်းသည် မိမိ၏ကြံ့ခိုင်သောစိတ်ဓါတ်ဖြစ်သည်။
၁၀။ လူ့ဘ၀၏ အကြီးမားဆုံး စီးပွါးပျက်ရခြင်းသည် မိမိ၏ကိုယ်ပိုင်အနာဂါတ် မျှော်လင့်ချက်ကင်းမဲ့ခြင်းကြောင့်ဖြစ်သည်။
၁၁။ လူ့ဘ၀၏ အကြီးမားဆုံး ချမ်းသာခြင်းသည် မိမိ၏ကျန်းမာရေးကောင်းမွန်ခြင်းဖြစ်သည်။
၁၂။ လူ့ဘ၀၏ အကြီးမားဆုံး အကြွေးသံသရာဖြစ်ခြင်းသည် မိမိအမှားကိုတောင်းပန်ပြုပြင်ရန် ၀န်လေးခြင်းဖြစ်သည်။
၁၃။ လူ့ဘ၀၏ အကြီးမားဆုံး ပီတိသည် မိမိ၏အလှူဒါနပြုခြင်းဖြစ်သည်။
၁၄။ လူ့ဘ၀၏ အကြီးမားဆုံး လိုအပ်ချက်သည် မိမိ၏အကြင်နာတရား မေတ္တာစိတ်ဓါတ်ဖြစ်သည်။
Source : froward mail
 Share
Friday, 11 May 2012
“မေမေဘီလူးမ”
Share
“မေမေဘီလူးမ”
ဒီဇာတ်လမ်းလေးရဲ့အစက  . . . ဒီလိုဗျ
ပဒကုသလဇာတ်တော်အရ ယောက်ျားကလူသား . . . မိန်းမက ဘီလူးမပေါ့ဗျာ ။
ဖြစ်နိုင်ပါ့မလား ~ လူသားယောက်ျားနဲ့ ဘီလူးမ ပေါင်းသင်းဆက်ဆံကြတာ … ဟုတ်ပါ့၊
ဟုတ်ပါ့မလားလို့တော့ မတွေးထင်ကြနဲ့ဗျာ ။ ဒါဟာ ဘုရားဟောဇာတ်တော်လာအတိုင်းပဲ။
နယ်မြေတစ်ခုကို အပိုင်စားရထားတဲ့ ထိုဘီလူးမက ~ သူ့နယ်မြေထဲ ၀င်လာသမျှ
သားကောင် (လူသား)မှန်သမျှကို ဖမ်းယူ၊သတ်ဖြတ်စားသုံးလာခဲ့လိုက်တာ . . .
တစ်နေ့ကျတော့ ဘီလူးမဟာ ဖမ်းယူ၊စားသုံးနေကျ လူသားတွေ ၊ လူသားတွေ များထဲမှာမှ
ထိုလူသားနဲ့ တွေ့စဉ်အခိုက် ~ မှင်သက်သွားရှာခဲ့တော့တယ် . . . ။
ဘီလူးမ မစားရက်၊မသတ်ရက်တော့ဘဲ တစိမ့်စိမ့်လေးနဲ့ကြည့်ကာ...ကြည့်ရင်း ကြည့်ရင်း
ကြွေသွားရှာတယ်ပေါ့ဗျာ . . . ။
အဲ့လူသားနဲ့တွေ့မှ ဘီလူးမလည်း ဘီလူးစိတ်ပျောက်ကာ ဒိန်းဒပ်ဒပ်နဲ့ရင်တွေခုန်ကာ
ချစ်စိတ်တွေဝင်သွားရှာတာပေါ့ဗျာ။ ချစ်စိတ်များ သိပ်ပြင်းပုံက  ... ကိုယ့်အစာကိုကိုယ်မေ့၊
ကိုယ့်ဘ၀ကို ကိုယ်မေ့  ... နောက်ဆုံးဗျာ ထိုဘီလူးမနဲ့ထိုလူသားတို့ပေါင်းသင်းဆက်ဆံ၊
အကြင်လင်မယားပြုခဲ့ကြတယ်ဆိုပါတော့ . . . ။
အကြင်လင်မယားဖြစ်သွားကြပြီ၊ပေါင်းသင်းဆက်ဆံကြပြီ ဆိုမှတော့ဗျာ...
သိပ်မကြာဘူး။ ကလေးလေးတစ်ယောက် ဖွားမြင်ခဲ့တယ်ဗျ။မွေးလာတဲ့ကလေးလေးက
အဖဘက်လိုက်လို့လူသားသွေးဖြစ်ကာ ၊ လူသားလေးအဖြစ် ဖွားမြင်လာရှာတာပေါ့ ။
ဟိုးအရင်ကတစ်ယောက်တည်း နေထိုင်ခဲ့တဲ့ ဘီလူးမရဲ့ဂူလေးထဲမှာ အခုတော့
ခင်ပွန်းဖြစ်သူ လူသား၊ ရင်သွေးလူသားလေးတို့နဲ့ဘီလူးမတို့ မိသားစုနေထိုင်ရာ
လှိုဏ်ဂူလေးထဲမှာ လူသားက နှစ်ယောက် ၊ဘီလူးမက တစ်ယောက်ပေါ့ဗျာ . . . ။
သူ အစိုးရတဲ့ နယ်မြေထဲ ၀င်လာသမျှ လူသားမှန်သမျှ ၊ သတ္တ၀ါမှန်သမျှကို သတ်ဖြတ်
စားသုံးလို့လူသား အစားအစာ ၊ အသုံးအဆောင် ၊ အ၀တ်အထည်များကို
ဆိုရင်လည်း လင်ယောက်ျားနဲ့သားငယ်လေးအဖို့ ဖန်တီး ရှာဖွေပေးခဲ့ရတော့တာပေါ့ . . . ။
ဘီလူးမများ ချစ်တတ်လိုက်ပုံ ~ လင်ယောက်ျားကိုလည်း ချစ်ခင်မြတ်နိုးတွယ်တာသလို
မိမိရင်သွေး သားငယ် လူသားလေးကိုလည်း ချစ်လှလွန်းလို့ ~ တစ်နေ့တစ်နေ့ သားအဖ
လူသားနှစ်ဦး ဘာမှမလုပ်စေ ၊ ဘာမှမကိုင်စေဘဲ ... ဂူတံခါးကြီးပိတ်လို့အစာရှာထွက်ကာ
ကျွေးမွေးလာခဲ့တာ…သားငယ်လူသားလေးလည်းအရွယ်ရောက်လာတာပေါ့ဗျာ . . . ။
အရွယ်ရောက်လာတဲ့ သားငယ်လူသားလေးက ~ လူသားဆိုတဲ့အတိုင်း ဥာဏ်နဲ့အသိ
ယှဉ်ကာကြည့်လို့ ~ မေမေ့ဘက်တစ်လှည့် ငေး ၊ ဖေဖေ့ဘက်တစ်လှည့်တွေးရင်း. . .
အမေးလေး ထုတ်လာတာက “ဖေဖေ… ဖေဖေ့မျက်နှာနဲ့  မေမေ့မျက်နှာက မတူပါလား” ဆိုတော့ . . .
သားငယ်ကို ပေါင်ဆွဲကုပ်လို့  “တိုးတိုးပြောပါသားရ … မင်းအမေမရှိရင် ၊ ငါပြောပြ မယ်ကွ”
ဆိုကာ ~ ဇနီးသည်ဘီလူးမ မကြားအောင် သားငယ်ကို တီးတိုးဖြေကြားပေးခဲ့ တယ်လေ . . . ။
ဘီလူးမ အစာရှာထွက်တဲ့ တစ်နေ့သောအခါကျမှ . . .
“မတူဘူးဆို…ငါ့သားရယ် ~ အဖေက လူသား။ မင်းအမေကလူသားစားတဲ့ဘီလူးမ။
ဒီတော့ အဖေတို့မျက်နှာတွေ ဘယ်လိုလုပ် တူမလဲကွာ”လို့ ပြောလိုက်တဲ့ဖေဖေ လူသားရဲ့
စကားအဆုံး . . .
“ဒီလိုဆို ဖေဖေ…မေမေက သားတို့ကိုကော စားနိုင်လား ဟင်” ဖေဖေ
“စားနိုင်တာပေါ့သားရယ်…မင်းအမေ~ သူ့မှာ စားစရာ လူသားကုန်သွားရင် …
အဖေနဲ့ငါ့သားကိုလည်း သူစားပြစ်ချင်စားပြစ်မှာပေါ့။ စားပြစ်နိုင်တာပေါ့ကွာ”လို့ဆိုတော့
“အာ … ဖေဖေ ။ ဒီလိုဆို အသွေးအသား၊သဘောသဘာဝမတူညီတဲ့ မေမေနဲ့သားတို့
အတူတူနေနေလို့ ဘယ်ဖြစ်မလဲ”ဖေဖေရေ . . .
“အေးကွာ။ အဖေကလည်း မင်းအတွက်ပဲစိုးရိမ်တာ ။ မင်းအဖေငါလည်း တစ်သက်လုံး
ကြောက်လို့ မတွန်းလှန်/မလွန်ဆန်နိုင်ခဲ့တာ မင်းတစ်ယောက်မွေးတဲ့အထိပေါ့ သားရာ ။
ဒါပေမယ့် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ငါ့သားလေး မင်းကိုတော့
အစားမခံနိုင်ဘူး ။ အဖေသာ အစားခံရရင် ခံရပါစေ။ မင်းကတော့ လွတ်အောင်
ပြေးရမယ်နော် သား”လို့ပြောနေရှာတော့တယ်။
ဟောဗျာ . . . ဖခင်မေတ္တာများ ဘယ်လောက်ကြီးမားလိုက်သလဲနော် . . .
ဘီလူးမနဲ့ စပ်မွေးတဲ့ သူ့သား ၊ လူသားသွေးလေးကို ဘီလူးမ အစားခံရမှာကြောက်လို့
စားချင်းစား ~ ငါ’သာအစားခံမယ်တဲ့ဗျာ . . . ။
တစ်နေ့ကျတော့ မေမေဘီလူးမအစာရှာထွက်တဲ့အခါ…သားအဖနှစ်ယောက်ကဂူထဲကနေ
လွတ်မြောက်ဖို့ကြံစည်ကြတယ်လေ။ သားဖြစ်သူ လူသားလေးက ခွန်အားတောင့်တောင့်နဲ့
ကျောက်ဂူဝမှာပိတ်ထားတဲ့ကျောက်ဖျာကြီးကိုတွန်းကြည့်၊တိုက်ကြည့်တာ ကျောက်ဖျာကြီး
ရွေ့သွားတယ်လေ။ဒီလိုနဲ့ဘီလူးမကလည်းသိပ်မကြာခင်လေးအစာရှာရာကနေပြန်ရောက်
လာတော့ကျောက်ဖျာကြီး ရွေ့နေတာကိုတွေ့တော့ ... စိတ်တွေဆိုး ၊ဒေါတွေပွကာ၊
သား ဖြစ်သူကို ခေါ်မေးပါတော့တယ်။
“သားသား… လာဦး ~ ဒီကို ။ မေမေမရှိတုန်း ဒီဂူပေါက်ကို ဘယ်သူ လာဖွင့်လဲ။” မေမေ
ဘီလူးမရဲ့အမေး
“ဘယ်သူမှမဖွင့်ပါဘူး ~ မေမေ”လို့ သားငယ်ဖြစ်သူက အဖြေ . . .
“မလိမ်နဲ့ … သားသား ။ မှန်မှန်ပြော ။ မေမေ့ကို မလိမ်ရဘူးကွယ်” ဟုထပ်ကာမေးတော့မှ
“ဟုတ်ကဲ့ ~ မေမေ။ သား ကိုယ်ခန္ဓာတွေ တောင့်တင်းမှုဘယ်လောက်ရှိသလဲသိရအောင်။
တွန်းရင်း၊တိုက်ရင်းဖွင့်မိတာပါ…မေမေ”ဆိုတော့မှ
“နောက်မလုပ်ရဘူးနော် ။ ကြားလား သားသား ။ မေမေမကြိုက်ဘူး။”လို့ပြောကာ မေမေ
ဘီလူးမ ဆို၊ဆုံးမသွားရှာတာပေါ့ . . . ။
ဒီလိုနဲ့ ~ နောက်တစ်နေ့ မေမေဘီလူးမ အစာရှာထွက်ပြန်တော့ . . . ဖေဖေနဲ့တိုင်ပင်ကာ
“ဖေဖေသားတို့ပြေးကြမယ်။သားတို့ ဒီကနေ ပြေးကြမယ်။သား ဒီဂူပေါက်ဝကို  ရအောင်
ဖွင့်နိုင်ပြီ”ဟုပြောကာ … ဖေဖေ့ကို လက်ဆွဲလို့ သားအဖနှစ်ယောက် ထွက်ပြေးခဲ့ကြတာ
အဖေလုပ်သူက လျှောက်နိုင်တဲ့အခါ တွဲလျှောက် ၊ မောပန်းလို့မလျှောက်နိုင်တော့တဲ့အခါ
ထမ်းပိုးလို့ … ဒီလိုနဲ့ သားအဖနှစ်ယောက် ပြေးနေလိုက်ကြတာပေါ့ . . . ။
ဘီလူးမ အစာရှာထွက်ပြီးလို့ ပြန်လည်းလာကော . . . ဂူပေါက်ကြီးလည်း ပွင့်လို့ ၊
သားအဖ နှစ်ယောက်လည်း ဂူထဲမှာမရှိတာလည်း မြင်ကော . . . သူရဲ့ ကမ္မစိတ်စွမ်းအားနဲ့
ကြည့်လိုက်တာ သားအဖနှစ်ယောက်ထွက်ပြေးဖို့ကြိုးစားနေကြတာကို မြင်ရပါရောဗျာ ။
ဒါပေမယ့် သူ့အပိုင်နယ်ထဲပဲရှိပြေးတာမို့ … ဘီလူးမ လိုက်သွားကာ ၊
သားအဖ နှစ်ယောက်ကို ပြန်ခေါ်လာခဲ့လိုက်ကာ …
“ကဲ ~ ဘယ်များသွားမလို့တုန်း ။ ဒီသားအဖ”လို့ မေမေဘီလူးမက ဆိုတော့ . . .
“မေမေ… သားတို့နဲ့မေမေက တူမှမတူတာ ။ လူသားနဲ့ဘီလူး ဘယ်လို
အတူတကွ နေထိုင်လို့ရမလဲဗျာ”လို့ သားငယ်လူသားကလည်း ပြောကော
“မလုပ်ပါနဲ့ သားရယ်။တစ်အိမ်လုံးမှာမှ…မင်းအဖေရယ်၊မင်းရယ်၊ငါရယ်…
သုံးယောက်ထဲ ရှိတာ။ မင်းတို့သားအဖနှစ်ယောက်က မေမေ့ကိုထားခဲ့ပြီးသွားမယ်ဆိုရင် …
မေမေ ဘယ်လိုလုပ်အသက်ရှင်နေနိုင်မှာလဲ။လာပါ..သားရယ်။ဘာလို့ကြောက်ရတာလဲ။
မေမေက ဘီလူးမဆိုပေမယ့် မေမေ့နှလုံးသွေးနဲ့ရင်းပြီးမွေးကာထားတဲ့ ငါ့သားလူသားလေးကို
မေမေ ဘာလို့စားရမှာလဲ။ဘာဖြစ်လို့ ကြောက်ရတာလဲ။လာစမ်းပါသားရယ်…”ဆိုပြီး
သားငယ် လူသားလေးကို တစ်ဖက်ကချော့ ၊ လင်ယောက်ျားကိုလည်း “တော်ကပါ...
မတားဘဲ ကလေးနဲ့အတူ အားပေးအားမြှောက် ၊ ပေါက်ကရတွေ လုပ်ရသလား”ဆိုကာ
ချော့ တစ်လှည့်၊ ဟောက်တစ်လှည့်နဲ့ သားအမိသုံးယောက် အိမ်ပြန်လာခဲ့ကြတယ် ဆိုပါတော့ဗျာ . . . ။
ဒီလိုနဲ့ ~ သားငယ်လူသားလေးက သဘောအတော်ပေါက်လာခဲ့တယ်။
ထွက်ပြေးဖို့ ကြိုးစားကြံစည်လိုက်တိုင်း ၊ တစ်ကြိမ် မအောင်မြင် ၊ နှစ်ကြိမ်
မအောင်မြင်နဲ့ … ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူး ။ စနစ်တကျဖြစ်အောင်တော့
ကြံစည်ရဦးမှဆိုကာ… ဥာဏ်ရည်၊ဥာဏ်သွေးထက်ထက်နှင့် တွေးနေလိုက်တော့တယ် . . . ။
တစ်နေ့ မေမေဘီလူးမနဲ့သားငယ်လေးတို့ စကားပြောကြ၊ဆိုကြတဲ့အခါ . . .
“မေမေ ။ မေမေ့ …အစိုးရတဲ့ မေမေ့ပိုင်နက်တွေက ဘယ်ကနေ၊
ဘယ်အထိလဲဟင်”လို့ သားငယ်က မေးတော့ . . .
မေမေဘီလူးမက သဘောပေါက်တယ်။ “သား ။ မေမေပိုင်တဲ့ ပိုင်နက်တွေမေးပြီး ။
သား မေမေ့နယ်မြေထဲကနေ ထွက်ပြေးဦးမလို့သား”လို့လည်းပြောကော
“မဟုတ်ပါဘူး…မေမေရယ်။အမွေခံရမယ့် သားဆိုတော့မေမေ့ပိုင်နက်သိထားဖို့လိုတာပေါ့။
ဒါကြောင့်မေးတာပါ မေမေရာ”ဆိုတော့မှ
မေမေဘီလူးမကလည်း သားငယ်လေးရဲ့အဖြေကိုသဘောကျရင်း
စိတ်ရင်းစိတ်ဓါတ်နဲ့ မေးတယ်အထင်နဲ့ပဲ…ဘယ်ကနေစလို့၊ဘယ်လောက်ထိအဆုံးဆိုတဲ့
သူပိုင်သမျှပိုင်နက်ကြီး တစ်ခုလုံးနဲ့ ဧရိယာအကျယ်အ၀န်းပမာဏကို အသေးစိပ်ပြောပြလိုက်တော့
တာပေါ့ . . . ။
တစ်နေ့ကျတော့ ~ မေမေဘီလူးမလည်း အစာရှာထွက်ကော . . . “လာ…ဖေဖေ။
သားတို့ လစ်ကြမယ်။ မေမေ့ပိုင်နက်တွေကိုသားသိထားတယ်။ဒီဘက်လမ်းကနေသွားရင်
မေမေ့ ပိုင်နက်ထဲကနေ လွတ်မြောက်ဖို့ အနီးစပ်ဆုံးပဲ … ဒီလမ်းအတိုင်းသွားကြရင်
မေမေပိုင်တာ မြစ်ကမ်းစပ်လေးအထိပဲ။ဟိုဘက်ကမ်းဆိုရင် မေမေမပိုင်တော့ဘူး။
အဲတော့ သားတို့ ဒီလမ်းကနေပဲထွက်ပြေးကြမယ်။”ဟုဆိုကာဖေဖေ့ကိုထမ်းတစ်လှည့်၊
တွဲ တစ်လှည့်နဲ့ သားအဖနှစ်ယောက် ထွက်ပြေးခဲ့ကြတာ . . .
မြစ်ကမ်းစပ်လည်းရောက်ကော။ဝမ်းသာသွားရှာရောဗျာ။
“ဖေဖေရေ..သားတို့တော့လွတ်ပြီဗျ။”
အဲ့အချိန် ဘီလူးမကလည်း အစာရှာထွက်ပြီးပြန်အလာ ~ ဂူထဲမှာ သားအဖနှစ်ယောက်မရှိတဲ့အခါ . . .
“အော်…သူတို့တွေ ပြေးကြပြီ ။ အဲ့လို ပြေးကြပြီ ဆိုတာကို သူသိတော့ …
ဘီလူးမ နောက်ကနေလိုက်တယ်။သူက ပြေးကာလိုက်ပေမယ့် လူသား သားအဖ
နှစ်ယောက်မှာ သူ့ရဲ့နယ်နိမိတ်ကိုကျော်လွန်သွားကြလေပြီလေ . . . ။
ဒီလိုနဲ့ သားအဖနှစ်ယောက်မှာလည်း မြစ်ကိုဖြတ်ကူးနေကြတာ . . .
အဖေအိုကြီးမလျှောက်နိုင်လို့ ~ သားငယ်က ကုန်းပိုးထမ်းကာမြစ်ကိုကူးဖြတ်ခဲ့ကြတာ …
သူတို့သားအဖနှစ်ယောက် မြစ်အလယ်ကိုရောက်တဲ့အချိန် … မေမေဘီလူးမကြီးကလည်း
အားကောင်းမောင်းသန်နဲ့ အနောက်ကနေ ပြေးလိုက်လာတာ . . . မြစ်ကမ်းစပ်ကို အရောက် ~
ဒါပေမယ့် သူ့မှာ မြစ်ထဲကိုဆင်းခွင့်မရှိတော့ဘူးလေ ။သူ့ပိုင်နက်က ကုန်သွားပြီကိုး . . . ။
နတ်မင်းကြီးလေးပါး ဘီလူးမကို အပိုင်စားပေးထားတာက ဒီနေရာ၊ဒီမျှသာပဲဆိုတော့ . . .
သူ့မှာ မြစ်ကမ်းကနေပြီးတော့အော်ကာ နေရှာတော့
တာပေါ့ . . . ။
“သားရေ ... မေမေ ဒီမှာရောက်နေပြီ။ ဘာဖြစ်လို့ သွားတာလဲ။
မေမေ့ဆီပြန်လာခဲ့ပါ သားရယ်။”မေမေဘီလူးမက မြစ်ကမ်းကအော်တော့ . . .
သွေးဆိုတဲ့အတိုင်း ~ မေမေ့အသံလည်းကြားကော မြစ်လယ်ရောက်နေတဲ့ သားက ဖေဖေ့ကို
ပုခုံးပေါ်က ထမ်းထားရက်နဲ့ နောက်ကျောကိုလှည့်ကာ ကမ်းစပ်ဘက်ဆီကို လှမ်းလို့ကြည့်တယ် . . . ။
သားအမိနှစ်ယောက် အဲ့မှာ ~ မျက်ဝန်းချင်းလည်းဆုံကော …
မေမေဘီလူးမက သားဖြစ်သူကို ပြောတယ် . . . ။
“သားရယ်၊မေမေရယ်၊မင်းအဖေရယ် ... သုံးယောက်ထဲရှိတဲ့ ဒီမိသားစုကမ္ဘာလေးကို ငါ့သားလေးက
ဘာဖြစ်လို့ ပြိုကွဲဖျက်စီးချင်ရတာလဲ။ဘာကြောင့် ရှင်ကွဲ ခွဲပြီး အပြီးအပိုင် စွန့်ခွာသွားဖို့
တွေးရလေသလဲ။ပြန်လာပါ သားရယ် . . . ဒီလောကကြီးထဲမှာ လောက လူသားတွေ မင်းတို့အပေါ်မှာ
ဘယ်လောက်ကောင်းတယ်။ချစ်တယ်လို့ပဲပြောပြော။ မေမေ့ နှလုံးသားထဲကလာတဲ့ မေတ္တာဓါတ်ကိုတော့
ဘယ်သူမှငါ့သားအပေါ်မမှီပါဘူး။ငါ့သားရယ်…
ဒါ့ကြောင့် မေမေ့ဆီပြန်လာပါနော် သားလေး”ဆိုပြီး မေမေဘီလူးမကလည်း လှမ်းကာအော်ခေါ်တယ် ...။
သားဖြစ်သူကလည်း “မေမေ့ရဲ့ မွေးကျေးဇူးတွေကိုလည်း ဘီလူးမကြီး ဆိုပင်၊ ဆိုငြား သော်လည်း
သားအလုံးစုံအသိအမှတ်ပြုနိုင်ခဲ့ပါတယ်။မေမေ့ရဲ့ကျွေးခဲ့တဲ့ကျွေးကျေးဇူးများ ကလည်း သားရဲ့
အသွေးအသားထဲမှာ အမြဲတမ်းကို ရှိလို့နေပါတယ်။ မေမေ… မေမေ့ မွေးကျေးဇူး၊ကျွေးကျေးဇူး
တွေကို သားအသိအမှတ်ပြုတန်ဖိုးထားပါသော်လည်း ~ လူသားနှင့်ဘီလူး ၊ ဘီလူးနှင့်လူသား
ဘ၀မှာ ဘယ်လိုမှ အကြာကြီးနေလို့မရတဲ့ အတွက်ကြောင့် မေမေ နောက်ကြောင်းကိုပြန်
ကိုယ့်ဂူမှာပဲ ဆက်လက်လို့နေထိုင်ပါတော့။
သားတို့ကို သွားခွင့်ပေးပါ။ သားမလိုက်နိုင်ပါဘူး…မေမေ။ မေမေပြန်လိုက်ပါတော့နော်”
လို့ ပြောပင်ငြားလည်း . . .
“သားရယ်။ပြန်လိုက်ခဲ့ပါ။ ဟောဒီ့ကမ္ဘာလောကကြီးထဲမှာ မေမေ့ကိုတစ်ယောက်တည်း
ထားပြီး ငါ့သားလေးထွက်ခွာသွားတော့မယ်ဆိုရင် မေမေအသက်ရှင်ပြီး ကျန်ခဲ့မယ်လို့ ။
သားလေး ထင်သလားကွယ် ။ မေမေ့ရင်ထဲမှာ ကိုးလလွယ်၊ဆယ်လဖွား မွေးခဲ့တဲ့
ဟောဒီ့ သားလေးကိုမေမေ့ရင်ထဲကမေတ္တာစစ်တွေနဲ့ပဲ…မေမေကလည်းလူသားလိုပဲချစ်လို့နေတာ
ပါကွယ်။ဘီလူးမကြီးလို့ဆိုပင်၊ဆိုငြားသော်လည်း မေမေ့သားလေးအတွက်တော့ မေမေကတော့
အမေပါပဲကွယ်။မေမေ့မေတ္တာရေတွေကို အေးမြခြင်းအဖြစ်နဲ့ ငါ့သားလေးက
တန်ဖိုးထားကာ ပြန်လှည့်လို့လာခဲ့ပေးပါ”ဆိုကာ မေတ္တာတွေတောင်းခံနေပေမယ့်လည်း …
လူသားသားငယ်လေးကလည်း မြစ်တစ်ဘက်ကမ်းမှာရှိတဲ့ မေမေဘီလူးမကြီးကို လက်အုပ်မိုးလို့
ရှိခိုးကာ ကန်တော့လို့နေပါပြီ ။ “မေမေ…မေမေ့အပေါ်သား ကာယကံ၊၀စီကံ၊မနောကံတို့ဖြင့် ပြစ်မှား
စော်ကားမိခဲ့သည်များရှိပါက ဒီနေရာကနေ ရှိခိုးလို့ ကန်တော့ တောင်းပန်လိုက်ပါတယ်။
မေမေပြုခဲ့တဲ့ ကျေးဇူးတရားတွေနဲ့ မေမေပေးခဲ့တဲ့ မေတ္တာတရားတွေ သားနှလုံးသားထဲမှာ
အသိအမှတ်ပြုခံစားရင်းနဲ့ ဒီနေရာကနေပဲ သားကို ကန်တော့ခွင့်ပြုပါ။ မေမေ…
သားနဲ့ဖေဖေ့ကို သွားခွင့်ပေးလိုက် ပါတော့။ ”လို့ တောင်းဆိုနေပေမယ့်လည်း
မေမေဘီလူးမကြီးမှာတော့ . . .
“သားလေးရယ် ။ စဉ်းစားပါဦး … မေမေလေ မေမေ့နှလုံးသားထဲမှာ ပူလောင်စွာ
ခံစားနေရပါပြီ။ ဟောဒီ့ မြစ်ကမ်းပါးကရေတွေဘယ်လောက်အေးအေး။မေမေ့နှလုံးသားမှာ
ပူလောင်နေရပါပြီ။ မေမေ့နှလုံးသားကို အေးအောင် မလုပ်နိုင်တော့ပါဘူးကွယ်။
အချိန် မလွန်ခင် ငါ့သားလေး ပြန်လာပါ။ မေမေလိုက်လာလို့မရဘူး…ငါ့သား။”လို့
မေမေ ဘီလူးမကြီးလည်း ခေါ်တယ် . . . ။
လူသား သားငယ်ကလည်း ပြန်မလိုက် ။ ဘယ်လိုမှ တောင်းဆိုလို့မရတော့တဲ့အဆုံး
မေတ္တာတရားကြီးမားလှတဲ့ မေမေဘီလူးမကြီးခမျာ . . .  “င့ါသားလေးက
ဘယ်လိုမှ ပြန်ခေါ်လို့မရတော့ဘူးဆိုရင်… မေမေကလည်း မေမေရဲ့နေရာကို ပိုင်နက်လွန်သွားတဲ့
အတွက် ဘယ်လိုမှ လိုက်ခေါ်လို့မရတော့ပါဘူးကွယ်။ ဒါပေမယ့်ကွယ် ~ ငါ့သားလေး
မေမေ့စကားကို ခဏလောက်တော့နားထောင်ပေးပါ။ (( မြစ်လယ်မှာရှိတဲ့သားငယ်နဲ့
ကမ်းစပ်ကဘီလူးမကြီးတို့မှာ အော်ဟစ်ကာပြောဆိုနေရရှာတာပေါ့ ။ အသားကုန်အော်
ဟစ်ကာပြောဆိုနေမှလည်း ကမ်းတစ်ဖက်မှ သားငယ် ~ ကြားရမယ် မို့လို့
မေမေ ဘီလူးမကြီးမှာ ရင်ကွဲမတတ်အော်နေရတော့တယ်။ )) သားရယ်ငါ့သားလေးဟာ
အမေဘီလူးမကြီးရဲ့ရင်ခွင်ထဲမှာပဲ ကြီးပြင်းလာတော့ လောကလူသားရဲ့အတတ်ပညာ
ဘာမှမရှိဘူး။ ဒါကြောင့် လောကလူသားတွေအလယ်ကိုရောက်ရင် မင်းတို့သားအဖ
မျက်နှာငယ်ရလိမ့်မယ်။ စားစရာ၊နေစရာ၊၀တ်စရာအဆင်မပြေဖြစ်လိမ့်မယ် . . . ။
အဲဒီတော့လေ . . . လောကအလယ်မှာ တင့်တင်စွာ ရပ်တည်နိုင်ဖို့ မေမေ မန္တန်လေး
တစ်ခု သင်ပေးမယ်ကွယ်။ အဲတော့..မေမေ့စကားလေးကို ခဏလောက်နားထောင်ပြီး
သားလေးလိုက်ဆိုပါ။ ဟောဒီ့ မန္တန်လေးက လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်ကတည်းက မေမေရထားတာ။
ဒီမန္တန်လေးကိုသာရရင်လေ … ငါ့သားလေး သူခိုးတွေကိုမိအောင်ဖမ်းပေးနိုင်တယ်။ ဒါကြောင့်
လူတွေအလယ်မှာ သူခိုးတွေမမိလို့များ ငါ့သားလေး ရွတ်ပြပေးလို့ မိအောင်ဖမ်းနိုင်ရင် ၊
ငါ့သားလေးကို ပညာတွေနဲ့တန်ဖိုးထား ၊ ပူဇော်ပသကြလိမ့်မယ်။ ဒါဆိုရင် ငါ့သားလေး
အဆင်ပြေလိမ့်မယ်ကွယ်။ဒီတော့…မေမေ့ဆီ ပြန်မလာရင်တောင် မေမေသင်ပေးတာလေးတော့
ငါ့သားလေးလိုက်ဆိုပါဦးကွယ်။”
မေမေ့မေတ္တာတရားများ ဘယ်လောက်များ ကြီးမားသလဲဆိုဗျာ . . .
သားကို မေမေ့ ရင်ထဲက အထွက်မခံနိုင်ဘူးဆိုပြီး မေမေဘီလူးမ ကြမ်းကြမ်းတမ်းတမ်းနဲ့
ရေထဲကိုဖြတ်ပြီး အသေခံလိုက်ရင်ရပါလျက်သူမလိုက်တော့ပါဘူးလေ။မေမေဘီလူးမကြီးရဲ့
နှလုံးသားထဲက မေတ္တာ  ~ သူ့မှာ မလိုက်ရှာတော့ပါဘူး။ မေမေဘီလူးမခမျာ မြစ်ကမ်းစပ်
တစ်ဖက်ကနေ ပြီးတော့ မကြားတကြား လွင့်ပျံလာတဲ့ လူသား သားငယ်လေးရဲ့အသံကို
ရှိသမျှအသံတွေ အသားကုန်လွင့်ပြီးတော့ မန္တန်လေးကိုသင်ပေးနေတယ်။သားငယ်ကလည်း
ရေထဲကနေ မေမေဘီလူးမရဲ့အသံလေးကို မကြားတကြားနားစွင့်ပြီးတော့ နောက်ကနေ လိုက်လို့
ဆိုနေတယ်။ မန္တန်လေးကို မေမေဘီလူးမက ရှေ့ကနေတိုင်ပေးတယ်~ သားငယ်က
နောက်ကနေလိုက်လို့ဆိုပြန်တယ်။ အကြိမ်ကြိမ်တိုင်လို့ အကြိမ်ကြိမ်လိုက်ဆိုပါများတဲ့အခါ
သားငယ်လေးရဲ့အသိထဲမှာ မန္တန်လေးကို အလွတ်ရသည့်တိုင် ဖြစ်သွားတယ်။ ဂါထာမန္တန်လေးကို
အလွတ်ရသွားပြီးတဲ့အခါ ~ “မေမေ…မေမေလည်းပဲအော်ရတာ၊ အသံ တွေလည်း ၀င်လှပါပြီ။
သားလည်းပဲ မေမေသင်ပေးတာကိုလိုက်ဆိုရင်း တော်တော်လေးကို ရသွားပါပြီ။မေမေ…
ဒါကြောင့်မို့ သားတို့လည်း သွားပါရစေတော့။မေမေလည်း လာရာ လမ်းလှည့်လို့ ကိုယ့်နေရာလေး
ကိုယ်ပြန်ပါတော့~ မေမေ။ မေမေ့ကို ဟောဒီ့ နေရာလေးကနေ နောက်ဆုံးကန်တော့ရင်း
သားတို့ကို သွားခွင့်ပြုလိုက်ပါတော့ ~ မေမေ။”မေမေဘီလူးမကိုလည်း အဲ့လိုပြောနေဆိုနေရင်း
ဖေဖေ့ကိုပုခုံးပေါ်ထမ်းရွက်ရင်း မြစ်ကိုဖြတ်လျှောက်လို့ ရှေ့ဆက်ကာ ဖြတ်၊ဖြတ်၊ဖြတ်~ဖြတ်ကူး
သွားလိုက်တာ…သားအဖနှစ်ယောက်ရဲ့ကျောပြင်ကို မြစ်ကမ်းကနေကြည့်နေရှာတဲ့ မေမေဘီလူးမ
ခမျာ ရင်ထဲမှာပူလောင်စွာနဲ့ခံစားနေရတဲ့သောကဒဏ်ချက်တွေ ဘယ်လိုမှမခံမရပ်နိုင်တော့တဲ့ အခါ
ဒူးလေးညွှတ်ကျပြီး အဲဒီ့မြစ်ကမ်းစပ်လေးမှာတင် ရင်ကွဲနာကျလို့ သေပွဲဝင်ခဲ့ရ ရှာတယ်…ဗျာ . . . ။
    ***             အမေဆိုတဲ့ဘ၀မှာ လူသားမပြောနဲ့ဗျာ ။ လူသားကို အင်မတန်ကြိုက်တဲ့
ဘီလူးမ တစ်ယောက်တောင် သားဆိုတဲ့ သံယောဇဉ်နွယ်လာတဲ့အခါ သားဆိုတဲ့
စိတ်အသိနဲ့ အသက်ပေးလို့ သေသည်အထိ ရင်နင့်အောင် ခံစားကြရရှာတတ်ပါတယ်ဗျာ ။
*         *         *        *         *         *
စာကြွင်း =>  ဒေါက်တာ အရှင်ကောဝိဒ ( မဇ္စျိမဂုဏ်ရည် ဆရာတော် ) ၏
( 22.03.2012 ) ကမာရွတ်မြို့နယ်၊ရှောက်ပင်ခြံတွင် ဟောကြားတော်မူသော
“ဓါတ်ခံ” တရားတော်အား နာကြားခံယူရင်း မှ ပြန်လည် ခံစားရေးဖွဲ့လိုက်သည် . . . ။
၂၀၁၂ ခုနှစ်၊မေလ(၁၃)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့မိခင်များနေ့အားအသိအမှတ်ပြုညွှတ်တားရင်း
မာတာမိခင် ကျေးဇူးရှင်များ ၊ ပုခက်လွှဲသော လက်ပိုင်ရှင်များ ၊ နို့တိုက်သားသည်မိခင်များ ၊
ကမ္ဘာကြီး~ကမ္ဘာကြီးထဲက အမေဆိုတဲ့
ဣတ္ထိလိင်များအားလုံး ~ အားလုံး  . . . သက်ရှည်ကျန်းမာ၊
ဘေးရန်ကွာလို့ စိတ်ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ . . . ။
 မိုးစွတ်နေ
09.05.2012
~        ~        ~        ~       ~        ~        ~        ~