Showing posts with label savetheaged. Show all posts
Showing posts with label savetheaged. Show all posts

Tuesday, 6 January 2015

Save The Aged (၅)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ၀တ္ထု “ဖိုးသုည”


“ဟေ့ကောင် … ထထ ! မင်းဆိုက်ကား အားတယ်မဟုတ်လားကွ”ဆိုပြီး ကိုယ်ကိုပုတ်ကာ လှုပ်နှိုးနေတဲ့ ကာလသားခေါင်း ကိုဖိုးထောင်ကြီးကြောင့် ဖိုးသုတစ်ယောက် နေ့ခင်းကြောင်တောင်ကြီး ဆိုက်ကားပေါ် စက်တော်ခေါ် နေရာမှ နိုးရတော့တယ်။ “နေ့ခင်းကြောင်တောင်ကြီးတောင် ဇက်ကျိုးနေပုံထောက်ရင် မင်းနှယ်တော်တော်  ရေချိန်ကိုက်နေပြီနဲ့တူတယ်”လို့ ပြောတဲ့ ကိုဖိုးထောင်ကြီးကို “မသောက်ရသေး ပါဘူးဗျာ။ဒီမှာ ဆွဲမကောင်းလို့ ညစ်ညစ်နဲ့ အိပ်နေတာပါဗျ”လို့ ကိုဖိုးထောင်ကြီးကို ပြန်ပြောလိုက်တယ်။ “ဆွဲမကောင်းရင်လည်း ငါ့ကို ကားဂိတ်လိုက်ပို့ချည်ကွာ”ဆိုပြီး ကိုဖိုးထောင်ကြီးခမျာ ဆိုက်ကားပေါ်
တက်ထိုင်ဖို့ ဟန်ချီပါတော့တယ်။  ကိုဖိုးထောင်ကြီးတစ်ယောက်လည်း ဆိုက်ကားပေါ်တက်ထိုင်ရင်း လမ်းမှာ ဆွဲမကောင်းတဲ့အကြောင်းတွေ ဖိုးသုညတစ်ယောက် ညည်းညူမိလေတော့တယ်။

ကားဂိတ်ကို ရောက်တော့ကိုဖိုးထောင်ကြီးက သနားပြီး ဆိုက်ကားခအပြင် ထမင်းစားဖို့မုန့်ဖိုး
တစ်ထောင်ပေးခဲ့လေရဲ့။လက်ထဲ ငွေစလေးရောက်တာနဲ့ ဘုံဆိုင်ကို အပြေးလေးနှင်တော့တဲ့ ဖိုးသုည ...
ဒေါ်ဝိုင်းစိန်ရေ “ဇေတစ်လုံးနဲ့ လက်ဖက်သုပ် တစ်ပွဲချဗျာ” … “ဟဲ့ ဖိုးသု နင်နော် အကြွေးစာရင်းမှာတောင် သုံးထောင်ဖြစ်နေပြီ…နင့်အကြွေးတွေများမယ်နော်။ နင်အကြွေး ထပ်သောက်ရင် ငါယောင်္ကျားက မပေးနဲ့တော့လို့ မှာထားတယ်ဟ” လို့လည်း ပြောကော “ဟာဗျာ…ဒီမှာကြည့် ဒီမှာ ထောင့်ငါးရာ
တွေ့လား…ဘယ်သူမှ ခင်ဗျားဆီက အကြွေးမသောက်ဘူး။ အရင်အကြွေးကို အရင်အကြွေးစာရင်း
အတိုင်းမှတ်ထား။ အခု သောက်တာက လက်ငင်းရှင်းမှာဗျ” ခင်ဗျားဟာလေ … လွှတ်တော်က
အမတ်များလိုပဲ အကြောင်းအကျိုးမသိဘဲလွှတ်ဆော်ဖို့ပဲ …. ဟားဟား ဟား …. ရယ်ရယ်ပြောပြောနဲ့ ဖိုးသုတစ်ယောက်မှာသောက်ချင်တဲ့ အရက် စားပွဲသောက်လည်းရောက်ကော တရစပ်မော့တော့တာပါပဲ …

ဖိုးသုတစ်ယောက် ခေါင်းမထောင်နိုင်အောင်မူးပြီဆိုရင် ဒေါ်ဝိုင်းစိန်ဆိုင်ခုံနောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကြီးကိုကြည့်ပြီး … “အမေရေ…အမေကယ်တင်ပါဗျာ။ အမေကယ်မှ… သားတို့လို လူနုံလူမွှဲလေးတွေ ဘ၀လှရမှာ…ဘ၀မှာလေ အမေရယ် ခေါ်စရာဆိုလို့
အမေစုပဲရှိတယ်ဗျ… သားတို့အားလုံးရဲ့အမေ မြန်မာပြည်ရဲ့မိခင် ခွပ်ဒေါင်းတို့ရဲ့အရှင်ရေ”…ဆိုပြီး ဆိုပြော အော်ပြောပြီးလုပ်နေတဲ့ဖိုးသုကို “ဟေ့ကောင် ဖိုးသု မင်းမူးနေပြီ ပြန်တော့ ပြန်တော့ ….
ဆိုင်မှာသောက်နေတဲ့သူတွေ မင်းရဲ့ အာပြဲသံကြီးနဲ့ အနှောင့်အယှက်ဖြစ်တယ်…ပြန်တော့
ပြန်တော့ကွာ”ဆိုပြီး ဒေါ်ဝိုင်းစိန်ရဲ့ယောင်္ကျား ဦးလှဆွေက ပြောလေတော့တယ်။
ဒီလိုနဲ့ ရေချိန်ကိုက်ပြီး ဆိုက်ကားကို ဒယိမ်းဒယိုင်နင်းလာတဲ့ဖိုးသုတစ်ယောက် … လမ်းမှာ ဟိုလူတိုက်မိတော့မလို၊ ဒီလူတိုက်မိတော့မလိုနဲ့… “အာ…ဒီကောင်တော့ ငါတို့ကိုတိုက်မိတော့မှာပဲ…
မူးရင်လည်းကိုယ့်အိမ်ကိုယ်အိပ် နေတာမဟုတ်ဘူး။”ဟု လမ်းသွားလမ်းလာ ရပ်ကွက်ထဲကလူတွေက
ပြောဆိုကြတာပေါ့ … ဖိုးသုမှာတော့ လူအများမေတ္တာခံယူပြီးအိမ်ပြန်ခဲ့ရှာပေါ… “အဲ့ကောင် ဖိုးသုညဟာ မိဘမဲ့လေးမို့ အများကကရုဏာသက်မလား မပြောနဲ့… ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်နေတဲ့ကောင်…
ရုပ်ကလေးက သနားကမားနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမားကိုဖြစ်လို့” ဟုတ်ပ။ ကိုမြင့်ဇော်ရေ …
ဒီလိုကောင်မျိုးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးသမီး မိသိဂီက ဘယ်ဘ၀ရေစက်ရယ်မှန်းမသိ…စေတနာဗလပွနဲ့ သဒ္ဒါတွေတယ်လွန်သဗျ”ဆိုပြီး ကိုကျော်ကြီးက ထောက်ခံနေလေတယ်။

ရပ်ကွက်ကလူတွေ ပြောရင်လည်း ပြောစရာပေလေ… ဖိုးသုကို သနားလို့ မုန့်ဖိုးပဲဖိုးများပေးရင် သူက ဘုံဆိုင်ကို တန်းလစ်တော့တာ။ အရက်ကြီးပုံမှန်သောက်သုံးကာ မှီဝဲလေတော့ ရုပ်သွင်က ရှိရင်းစွဲ
၂၂နှစ်ထက်ကို ပိုရင့်ရော်လို့နေတော့တယ်။ ဖိုးသုက အရက်သာသောက်တာ ငါးပါးသီလမှာ
 လေးပါးအပြည့်လုံတယ်နော်…မဖောက်ဖျက်ဘူးလို့ သူခဏခဏ ပြောတတ်လေတယ်။ တကယ်လည်း ဟုတ်ပါပေတယ်။ ဖိုးသုတစ်ခါမှ သူများဥစ္စာ၊ သူများပစ္စည်း၊ သူများသားမယား၊ မဖောက်ပြား မလွန်ကျုးဘူး သလို …လိမ်ညာပြောတတ်ခြင်းလည်းမရှိဘူး။ ဒီကောင်းကွက်လေးတွေနဲ့ ရပ်ကွက်ထဲက စာနာသူတွေက မိဘမဲ့လေး ဖိုးသုကို ကရုဏာသက်ပေမယ့် အတန်းပညာလည်းမရှိ။ နိစ္စဓူဝ ကစော်သောက်နေတဲ့ ဖိုးသုကို … အရက်သမားဆိုပြီး ချဉ်သူတွေက ချဉ်ကြပေါ့…ဒီထဲမှာမှ ထူးထူးခြားခြား ဖိုးသုအပေါ် စာနာ နားလည်မှု ကြီးပြီး ကရုဏာသက်လွန်းတာက ဖိုးသုနေထိုင်ရာ တစ်လမ်းကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်မင်း သမီး မိသိဂီ … သူလေးနဲ့ ဖိုးသုနဲ့က သက်တူရွယ်တူ … ငယ်ငယ်တုန်းက ကျောင်းနေဖက် အတန်းဖော် သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်။ ဖိုးသုရဲ့မွေးစားအဖေကိုဖိုးတေ မသေခင်က ဖိုးသုကို လေးတန်းအထိ
 ကျောင်းထားပေးခဲ့တော့… ဖိုးသုမှာ လေးတန်းအထိတော့ ပညာသင်ပြီး သေစာရှင်စာလောက်တော့ ဖတ်တတ်တာပေါ့။

ဖိုးသုအရက်အမူးလွန်တဲ့ တစ်ညက … ဖိုးသုတစ်ယောက် သူများဒကာခံတိုက်တဲ့အရက်တွေနင်းကန်သောက်ပြီး ဆိုက်ကားနင်းအပြန် လမ်းဘေးမြောင်းပေါက်ထဲ ဆိုက်ကားထိုးစိုက်လေတော့တယ်… လူကလည်း ဗွက်တွေလူးပြီး…လမ်းပေါ်မှာတင် အိပ်ပျော်နေတော့တယ်။ အဲ့အချိန်မှာ ရပ်ကွက်ထဲ
 ပြောင်းလာတာ မကြာသေးတဲ့ ဘိုးအေးမောင်နဲ့ တွေ့လေရော … မြောင်းထဲ ကျနေတဲ့ဆိုက်ကားကော…လမ်းပေါ်မှာအိပ်ပျော်ကာ အေးပြီးတောင့်နေတဲ့ ဖိုးသုကိုကော အတင်းချီမကာ အိမ်ကိုခေါ်လာခဲ့ရှာတယ်။

အမှန်က ဘိုးအေးမောင်လည်း ကင်းပတ်နေတဲ့အချိန်မို့သာ…မဟုတ်ရင် ဖိုးသုမြောင်းထဲပြုတ်ကျရင်တောင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး။ဘိုးအေးမောင်တစ်ယောက် အိမ်ရောက်တော့ “မခင်ရေ ကောင်လေးက ဗွက်တွေလည်းပေလူးပြီး လူကလည်း အေးစက်နေတယ်…ငါအ၀တ်ထုတ်ထဲက တစ်စုံလောက်ယူခဲ့ချည်။
နောက်ပြီး ရေဇလားနဲ့ရေ၀တ်ဖတ်လေးလည်း ယူခဲ့ဦး”ဟုဆိုကာ ဘိုးအေးမောင်တစ်ယောက် ဖိုးသုကို
ပြုစုပေးနေတော့တယ်။ အ၀တ်အစားတွေလဲပေး။ ကိုယ်လက်သန့်စင်ပေးပြီးမှ ဖိုးသုကိုအသာ အိပ်စေဖို့ရာ ခေါင်းအုံးလေးခု၊စောင်လေးခြုံလုပ်ထားပေးလေတယ်။

နာရီဝက် တစ်နာရီခန့်ကြာပြီးတဲ့အခါ “အာ….ဘယ်သူတွေလဲဗျ။ ကျွန်တော်ဘယ်ကိုရောက်နေတာလဲဗျ”
ဆိုပြီး ဖိုးသုမျက်စိကို ပွတ်သတ်ကာ အနီးကလူတွေကိုသေသေချာချာမော့ကြည့်လေတော့တယ်။ “အဖိုးကင်းတဲဆီကိုအသွား ငါ့သားဆိုက်ကားမှောက်ပြီး လမ်းဘေးထိုးကျနေတာတွေ့လို့ အိမ်ခေါ်လာ တာပါ။”ဟု ဘိုးအေးမောင်ကဆိုတော့တယ်။ “ဒါနဲ့အဖိုးတို့လင်မယားကိုကော ငါ့သား သိရဲ့လားကွဲ့” လို့ပြောတော့ “သိပါတယ်ဗျာ…အဖိုးတို့လင်မယားက
ရပ်ကွက်ထဲကိုပြောင်းလာတာ နှစ်လလောက်ရှိပြီဟုတ်။ အဖိုးက ရပ်ကွက်ရုံးနားမှာ
ကင်းစောင့်တာလေ…ကျွန်တော်သိပါတယ်ဗျာ”ဟု ဖိုးသုက ဆိုလေတော့တယ်။ “ငါ့သားက
ငယ်ငယ်လေးနဲ့ ဘာလို့အရက်တွေသောက်နေရတာလဲ… အရက်သောက်တာ
မကောင်းပါဘူးသားရယ်”လို့ ဖိုးသုကို ကရုဏာသက်စွာကြည့်ရင်း ပြောနေတဲ့
ဘိုးအေးမောင်ကို … “ကျွန်တော်ဟာ မိမရှိ၊ ဖမရှိ၊ မိဘမဲ့တစ်ယောက်ပါ
အဖိုးရယ်…ဘ၀မှာ အမေရယ်ခေါ်စရာလည်းမရှိ။ အဖေလို့ အားကိုးစရာလည်းမရှိခဲ့ဘူး။
ငယ်ငယ်ကတည်းက ကျွန်တော်ဟာမိဘမဲ့ဆိုတော့ သူများလက်ပေါ်မှာကြီးပြင်းခဲ့ရတယ်။
ကျွန်တော့်ရဲ့ မွေးစားအဖေဦးဖိုးတေဆုံးတော့ ကျွန်တော့်အသက်က
၁၁နှစ်ပဲရှိသေးတယ်… အဖေဦးဖိုးတေမရှိတော့တဲ့နောက်ပိုင်း
ဥူးဝိစိတ္တကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးက
ကျွန်တော့်ကိုသနားလို့ခေါ်ထားတယ်။ ဘုန်းဘုန်းကြီး ပျံလွန်တော်မမူစဉ်အထိက
ဘုန်းကြီးကျောင်းဝေယျာဝစ္စတွေလုပ်ကိုင်ပေးရင်း ဘုန်းကြီးကျောင်းသားဘ၀နဲ့
ဆွမ်းကျန်ကွမ်းကျန်လေးလေးတွေစားခဲ့ရတာပေါ့။ ဘုန်းဘုန်းကြီး
ပျံလွန်တော်မူပြီး နောက်တက်တဲ့ ဘုန်းဘုန်းရဲ့ တပည့်ဒကာ သားမြေးတွေ
နေရာယူတော့ ကျွန်တော်နေတဲ့၊စားတဲ့ ဘုံနေရာ ပျောက်ခဲ့ရတာပေါ့။ အဲဒီမှာပဲ
ကျွန်တော့်ကို သနားလို့ဆိုပြီး ၁၅နှစ် ၁၆နှစ်အရွယ်လေးမှာ ဈေးထဲက
ငါးစိမ်းရောင်းတဲ့ ဒေါ်ကုလားမက သူ့အိမ်မှာ ၀ိုင်းလုပ်ဝိုင်းစားဆိုပြီး
ခေါ်ထားပြန်တယ်။ သိပ်မကြာပါဘူးဗျာ။ နှစ်နှစ်၊သုံးနှစ်လောက်ပဲရှိဦးမယ်…သူက
တစ်ဘက်ရပ်ကွက်က ဖဲသမားဦးအောင်မင်းနဲ့
ခိုးရာလည်းလိုက်သွားပါရော…ကျွန်တော်လည်း အရွယ်လေးရောက်နေတော့
ကိုယ့်ဝမ်းရေးကိုယ့်ဟာကို ဖြေရှင်းရတော့တာပေါ့။ နေဖို့ကိုတော့ ရပ်ကွက်ထဲက
သနားတဲ့လူတွေက ဓနိလေးပျဉ်လေးပေးပြီး၊ အနောက်ဘက်အ၀ိုင်းထဲမှာ
တဲလေးထိုးနေလိုက်တယ်။ စားဖို့ကိုတော့ သိင်္ဂီမ ကောင်းမှုကြောင့် သူ့ဦးလေးဆီက
ဆိုက်ကားလေး ယူနင်းရင်း အူမတောင့်အောင် လုပ်ရတော့တာပေါ့ဗျာ။ တစ်ခါတစ်ခါ
လောကကြီးကိုလည်း စိတ်နာတယ်။ ချိုမြိန်စရာမကောင်းတဲ့ နေ့ရက်တွေကိုလည်း
စိတ်နာတယ်။ စိတ်နာစရာတွေများလို့ လောကကြီးမှာ အရာရာကို
ထပ်မသိချင်တော့လောက်အောင် ကျွန်တော်အရက်ကို ကိုးကွယ်ခဲ့တယ်။
ဒါနဲ့ပဲကျွန်တော်ဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့အရက်သမားလုံးလုံးလျားလျားဖြစ်သွားခဲ့တယ်ပေါ့
ဘိုးအေးမောင် ဖိုးသုကိုသနားမိသွားတယ်။ “သားက အဖိုးမြေးလေးအရွယ်သာသာလေးပါ။
ဒါပေမယ့် သားလေး လောကကြီးက ဖြစ်ချင်သလိုဖြစ်ခွင့်မရပေမယ့်…ဖြစ်နေတာတွေကို
မကျေနပ်လို့ အရှုံးပေးဖို့တော့မကြိုးစားနဲ့။ လူတိုင်းဟာ ကိုယ့်ကံကြမ္မာကို
ကိုယ်ဖန်တီးတာပါ သားရယ်… အတိတ်ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် ဒီဘ၀မှာ
ပြည့်စုံချမ်းသာမှုမရှိတောင်မှ နောင်ဘ၀တွေ ကောင်းဖို့
အခုဘ၀မှာဖြည့်ဆည်းလို့ရပါတယ်…ကံဆိုတာက အလုပ်၊
ကိုယ်လုပ်တဲ့အလုပ်တွေကောင်းရင် ကံကောင်းလာမှာပါ။
ဖြစ်ချင်တာတွေမဖြစ်တိုင်း လောကကြီးကိုတော့အပြစ်မမြင်ပါနဲ့သားရယ်”လို့
ဘိုးအေးမောင်က ဆုံးမလေတော့တယ်။
“ကဲဗျာ ညဆယ့်တစ်နာရီတောင်ထိုးတော့မယ်…အဖိုးလည်းကင်းတဲသွားရဦးမှာ…ကျွန်တော်လည်း
ကိုယ့်အိမ်ကိုယ်ပြန်တော့မယ်”ဟု ဆိုကာ ဖိုးသုတစ်ယောက်
ဆိုက်ကားလေးကိုထုတ်ကာ ထွက်လာခဲ့လိုက်တော့တယ်။ ဆိုက်ကားကို သိဂီမတို့
ဦးလေးအိမ်ဝင်အပ်လိုက်တယ် … ညဥ့်နက်ကြီးထိ ဆိုက်ကားယူထားလည်း
တော်ရုံတန်ရုံဘာမှမပြောတတ်သော မိသိဂီမ၏ဦးလေးကို ဖိုးသု ကျေးဇူးတင်မိတယ်။
ဆိုက်ကားအပ်ပြီးတဲ့အခါ ဖိုးသု သူ့တဲလေးဆီ သူပြန်လာလိုက်တယ်။ ဖျာလေးပေါ်မှာ
ကျောခင်းရင်း အိပ်မောမကျသေးခင်အထိ ဘိုးအေးမောင်တို့ ဇနီးမောင်နှံကို
မျက်စိထဲမြင်ယောင်နေပြန်တော့တယ်
နောက်နေ့မိုးလင်းတော့ ဘိုးအေးမောင်တို့အိမ်ရှေ့နားလေးမှာ ဖွားခင်တစ်ယောက်
အ၀တ်တွေလျှော်ဖွတ် လှန်းနေတာတွေကို ဖိုးသုဆိုက်ကားလေးနဲ့နင်းဖြတ်ရင်း
တွေ့တော့ … “ဖွားခင် ဈေးသွားပြီးပြီလားဗျ။ ကျွန်တော်
ဈေးလိုက်ပို့ပေးမယ်လေ”လို့လည်း ဖိုးသုပြောကော “မနက်အစောကတည်းက
သွားပြီးပါပြီ..သားရဲ့။အိမ်ထဲဝင်ပြီး ရေနွေးလေးဘာလေးသောက်ပါဦးလား”ဟု
ဖွားခင်ဆိုတော့မှ ဖိုးသုအိမ်ထဲရောက်လာတော့တယ်။ “ဟာ…အဖိုးက
ညဘက်လည်းကင်းစောင့်ထားတာ အိမ်ရောက်တာ မအိပ်ဘူးလားဗျ”ဟုလည်း ဖိုးသုပြောကော
“မင်းအဖွားကအ၀တ်တွေထလျှော်တော့ အဖိုးကလည်း နောက်ဖေးမှာ
ထမင်းဟင်းချက်နေတာပေါ့ကွာ”လို့ ဘိုးအေးမောင်ကဆိုတယ်။ “အသက်ကကြီးလာတော့
အိပ်ဖို့ထက် အခြားအရေးကြီးတာတွေကို သိနားလည်လာတယ်..သားရဲ့။
မပြည့်စုံတဲ့ဘ၀မှာ နားနားနေနေဇိမ်ယူဖို့ဆိုတာ တကယ်ကိုခက်လှပါတယ်ကွာ။
မင်းအဖွားက မနက်အစောကြီးအဖိုးပြန်မလာခင် ကော်ဖီဖျော် ၊
ပဲပြုတ်ထမင်းနယ်လုပ်ထားတယ်… အဖိုးပြန်လာရင်အဆင်သင့်စားလိုက်ရုံပဲ။
အဖိုးအိမ်ပြန်ရောက်မှ သူကဈေးသွားတာ။ သူဈေးသွားတုန်းအဖိုးက
ထမင်းဟင်းချက်ပြုတ်ပေးထားလိုက်တာပေါ့ကွာ”ဆိုပြီး
ဘိုးအေးမောင်တို့ဇနီးမောင်နှံရဲ
နံနက်ခင်းဖြစ်စဉ်လေးတွေကိုပြောပြလေတော့တယ်။ “အဖိုးနဲ့အဖွားမှာ
သားသမီးမရှိဘူးလားဗျ။ အဖိုးကအသက်ကြီးပြီပဲဟာ
ဘာလို့ညစောင့်လုပ်နေသေးတာလဲဗျာ”လို့ ဖိုးသုကပြောတော့
“အဖိုးတို့ကသားသမီးမထွန်းကားဘူး ဒီရပ်ကွက်ကို ပြောင်းမလာခင်က
မင်္ဂလာဒုံဘက်က ဂိုထောင်တစ်ခုမှအစောင့်လုပ်ကြတယ်လေ။ ဒီမှာတော့
အဖိုးမှညစောင့်မလုပ်ရင် တို့လင်မယား ဘာနဲ့သွားစားမလဲကွ”လို့ပြောရင်း
ဘိုးအေးမောင် ပြုံးလေတယ်။ “ကဲ..အဖိုးရေ အချိန်လေးရှိခိုက်
လုံ့လစိုက်လိုက်ဦးမယ်”လို့ဆိုကာ ရေနွေးခွက်လေး ကြမ်းပေါ်ချလို့
ဆိုက်ကားနင်းထွက်သွားလေတော့တယ်။
နေ့ခင်းထမင်းစားချိန်လည်းရောက်ကော … “ဖွားခင်ရေ အဖွား…ကျွန်တော်ဒီမှာ
အဖွားတို့ အချိုတည်းရအောင် ဖီးကြမ်းတစ်ဖီးနဲ့ လက်ဖက်ရည်လေးဝယ်လာတယ်”လို့
ဖိုးသု အိမ်ရှေ့ကနေ အော်ပြောလေတော့တယ်။ “ဟေ…ငါ့သားက ဒုက္ခရှာလို့ကွာ။
လာလာ…သားကိုအဖိုးတစ်ခုပြောရဦးမယ်ကွ။ အုပ်ချုပ်ရေးမှူးသမီးလေး သိင်္ဂီက
အစောက အဖိုးတို့ဆီလာသွားတယ်။ သူတို့လုပ်အားပေးလုပ်နေတဲ့
နေ၀င်ဆည်းဆာဆိုတဲ့ ပရဟိတလူမှုကူညီရေးအသင်းလေးကနေ အဖိုးတို့ကို
အထောက်အပံ့ပေးမယ့် အကြောင်း လာပြောသွားတယ်..သားရေ”ဆိုပြီး
ဖိုးသုကိုပြောပြလေတော့တယ်။ “ကဲသား..အဖွားတို့ဆီမှာပဲ ထမင်းစားသွားချည်။
နေ့လည်စာမစားရသေးဘူးဟုတ်။ အဖွားထည့်ခဲ့လိုက်မယ်”ဟုဆိုကာ
နောက်ဖေးဘက်ဝင်သွားလေတယ်။ ဖိုးသုတစ်ယောက် ထမင်းစား နေရင်းကနေ
“သိင်္ဂီမတို့လုပ်နေတဲ့ နေ၀င်ဆည်းဆာ ပရဟိတလူမှုကူညီရေးအသင်းက ဘာလို့
အဖိုးတို့ကို ထောက်ပံ့မှာလဲ..အဖိုးရ။ ကျွန်တော်မရှင်းလို့နော်”လို့
မေးတော့ “သူပြောပြတာတော့..သားရယ်။
သားသမီးမရှိ။နွမ်းပါးချို့တဲ့မပြေလည်တဲ့ သက်ကြီးရွယ်အို တွေကို
သူတို့အသင်းက လစဉ်ထောက်ပံ့ငွေပေးလှူမယ်ဆိုလား..အဲဒါ မင်းအဖွားကော၊
အဖိုးကော ရမယ်လို့ပြောသွားတယ်သားရ”လို့ ဘိုးအေးမောင် ပြောပြလေတော့တယ်။
ဖိုးသုခါတိုင်းလို ဘုံဆိုင်မသွားတော့တာကြာပြီ…တစ်နေ့သော ညနေမှာ
လမ်းထိပ်လက်ဖက်ရည်ဆိုင်ကနေ သိင်္ဂီမပြန်အလာကို စောင့်နေလေတယ်။ “ဟေ့…
သိင်္ဂီမလာဦးဟ။ လက်ဖက်ရည်သောက်ဦး”ဆိုပြီး ဖိုးသုလှမ်းခေါ်တော့ “အမလေး။
ကြားသား မိုးကြိုး..ကိုယ်တော်က အရက်ဆိုင်မထိုင်ဘဲ ဘယ်လိုလုပ်
လက်ဖက်ရည်သောက်နေတာလဲ”လို့ သိင်္ဂီက ခနဲ့တော့တယ်။ နင်အပိုတွေမပြောနဲ့။
“ငါအရက်သောက်ရင်လည်း ငါကိစ္စ။ ငါအရက်မသောက်ရင်လည်း ငါ့ကိစ္စ။ ဘာလဲ နင်က
ငါ့ကို အရက်သောက်နေတာ မြင်ချင်လို့လား”လို့ ဖိုးသုက ပြန်၍ အငေါ်တူးတယ်။
သိင်္ဂီက “နင်ဟာလေ…တော်တော်ပဲ။ ငါ့နင့်အပေါ် ဘယ်လောက်စေတနာထားလဲ
နင်လည်းမသိတာမဟုတ်ဘူး”ဆိုပြီး မျက်စောင်းလေးထိုးလိုက်တော့တယ်။ “အေးပါဟာ။
ငါသိပါတယ်။ တစ်ရပ်ကွက်လုံးမှာ ငါ့အပေါ်ကောင်းတဲ့သူဆိုလို့ နင်ရယ်၊
ဘိုးအေးမောင်တို့လင်မယားရယ်ပဲရှိတာ။ ငါ့အပေါ်ကောင်းတဲ့သူတွေရဲ့ စေတနာကို
ငါနားလည်ပါတယ်”လို့ ဖိုးသုပြောလေတော့တယ်။ “ငါအရက်မသောက်ဖြစ်တာ ကြာပြီ
သိင်္ဂီ။ ဆိုက်ကားမှောက်ပြီးညကတည်းက ဆိုပါတော့။ အဲ
ဆိုက်ကားမှောက်တာကြောက်လို့တော့မဟုတ်ဘူးနော်။ နင်သိပါတယ်။ ငါဆိုတဲ့ကောင်က
ဘာကိုမှ သိပ်ဂရုစိုက်တာမဟုတ်ဘူး။ ဒါပေမယ့် ငါ ရှက်လို့
မသောက်ဖြစ်တော့တာဟ”လို့ ဖိုးသု သိင်္ဂီကို ရင်ဖွင့်လေတော့တယ်။ “နင်က
ဘာကိုရှက်တာလဲ ဖိုးသုရဲ့။ နင့်ကို ဆိုက်ကားမှောက်တဲ့အကြောင်း
ဘယ်သူကပြောလို့လဲ။ ဘယ်သူတွေလှောင်လို့ရှက်တာလဲ”လို့ သိင်္ဂီကပြောတော့
“နင်ကလည်းဟ။ အရက်သမား မူးလို့မှောက်လဲတာဆန်းလား။ ဒါကိုလှောင်ရင်တော့
လှောင်တဲ့သူက အရူးပဲ။ ဒါ့အတွက်တော့ ငါမရှက်ပါဘူး။ ငါရှက်တာက အသက်
နှစ်ဆယ်ကျော်ကျော်ငါက ခြောက်ဆယ့်ရှစ်နှစ်ကျော်အဖိုးလောက်တောင်
လောကကြီးကို ရင်ဆိုင်ရဲဖို့သတ္တိတွေမရှိခဲ့တာ။ အလိုမကျလို့အရာရာကို
အရှုံးပေးပြီး အရက်တွေကို နေ့ရောညပါသောက်နေခဲ့မိတာ။ ငါရှက်သွားမိတယ်ဟာ။
ငါလေ လောကကိုအရှုံးမပေးချင်ဘူး။ လောကကြီးကိုအနိုင်ပြန်ယူချင်တယ်
ငါမေ့ထားခဲ့တဲ့ ငါ့နေ့တွေ၊ ငါဥပေက္ခာပြုခဲ့တဲ့ ငါ့ညတွေကို
ငါပြန်ယူဖို့ကြိုးစားရမယ်။ ငါ့ဘ၀ကောင်းအောင်
ငါတည်ဆောက်ချင်တယ်ဟာ…ငါဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့တော့
စဉ်းစားဆုံးဖြတ်ပြီးသား…ဒါ့ကြောင့်
ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းနင့်ကိုတိုင်ပင်ပြောပြတာသိင်္ဂီရ”လို့
ဖိုးသုပြောလေတော့တယ်။ “ငါ သိပ်ဝမ်းသာတာပဲ ဖိုးသုရယ်။ နင်တကယ်
အရက်မသောက်တော့ဘူးဆိုလို့ ငါအရမ်းဝမ်းသာတယ်။ နင့်ဆီက
ဒီလိုစကားတွေကြားရတာလည်း တကယ်ပါ ငါပျော်တယ်။ နင်တကယ်အရက်မသောက်ဘဲ
နေနိုင်သွားပြီပေါ့နော်”လို့ သိင်္ဂီကပြောတော့ “အစကတော့ ငါလည်း နေညိုရင်
လေပြိုတယ်ဟ…နောက်တော့လည်း ယောက်ျားပဲဆိုတဲ့ မာနနဲ့ ကြိုးစားထိန်းလိုက်တာ။
အခုတော့ လက်ဖက်ရည်ပဲသောက်တော့တယ် သိင်္ဂီရာ”ဆိုပြီး
ဖိုးသုပြုံးကာပြောလေတော့တယ်။ “ကဲ ဖိုးသု ငါတို့ပြန်ကြမယ်။ မနက်ကျရင်
ငါရုံးမသွားခင် နင်နဲ့အတူ မုန့်သွားစားမယ်။ နင့်အိမ်ကို
ငါခေါ်လိုက်မယ်နော်”လို့ပြောရင်း နှစ်ဦးသား လက်ဖက်ရည်ဆိုင်ကနေ
ထထွက်လာကြတယ်။
မိုးလင်းလို့ သိင်္ဂီနဲ့ဖိုးသု နှစ်ဦးသား
လက်ဖက်ရည်ဆိုင်ထိုင်မုန့်စားတဲ့အခါ … “နင်တို့ရဲ့ နေ၀င်ဆည်းဆာ
အသင်းလေးအကြောင်း ငါ့ကိုပြောပြ သိင်္ဂီ”ဆိုပြီး ဖိုးသုက စကားဆိုတယ်။ “အေးဟ။
ငါတို့အသင်းလေးက လူမှုကူညီရေးပရဟိတအသင်းလေးလေ။ လူမှုပတ်ဝန်းကျင်က
လိုအပ်တဲ့အကူအညီတွေကိုပေးတယ်။ ကလေးသူငယ်တွေအရေး၊
သက်ကြီးဘိုးဘွားတွေရဲ့အရေးကို ကူညီဖြေရှင်းပေးတယ်။ နောက်ပြီး
အိုမင်းမစွမ်းတဲ့ ဘိုးဘွားတွေကို တစ်လကို ထောက်ပံ့ကြေး နှစ်သောင်းဆီနဲ့
လှူဒါန်းပေးအပ်ကြတယ်ဟ”ဆိုပြီး သိင်္ဂီက ရှင်းပြလေတယ်။ “ဒီတနင်္ဂနွေကျရင်
ငါတို့ရွှေပြည်သာထဲမှာပဲ (၄၆)ရပ်ကွက်ဘက်က အဖိုးနဲ့အဖွားဆီကို
သွားလှူဒါန်းဖို့ရှိတယ်။ နင်က စိတ်ဝင်စားတယ်မဟုတ်လား။
အဲ့နေ့လိုက်ခဲ့လေနော်”ဆိုပြီး သိင်္ဂီက ခေါ်လေတယ်။    “အေးပါ။အဲ့နေ့
ငါလိုက်ခဲ့မယ်။ နင်လည်း ရုံးတက်ရဦးမှာ။ သွားရင်သွားတော့။
အကိုရေ..လက်ဖက်ရည် ပုံမှန်နှစ်ခွက် ပါဆယ်နော်”ဆိုပြီး ဖိုးသု
ဆိုင်ထဲကိုလှမ်းအော်လိုက်တယ်။
ဘိုးအေးမောင်တို့ အိမ်လေးထဲကို ဖိုးသုဝင်သွားပြီး “အဖိုးနဲ့အဖွားအတွက်
ဒီမှာကျွန်တော်လက်ဖက်ရည်ဝယ်လာတယ်။ ခွက်ထဲ ထည့်ထားလိုက်မယ်နော်”ဆိုပြီး
သောက်ဖို့ရာ ပြင်ဆင်ပေးလိုက်တယ်။ “ငါ့သားကြီးကို သိင်္ဂီလေးက
အတော့်ကိုခင်ရှာတယ်နော်။ မနက်က သားတို့နှစ်ယောက် အိမ်ရှေ့က
ဖြတ်သွားတာအဖိုးတွေ့လိုက်တယ်”လို့ ဘိုးအေးမောင်ကပြောတော့ “ဟုတ်တယ်။အဖိုး…
သူက ကျွန်တော့်အပေါ်အတော်ကောင်းရှာတဲ့သူငယ်ချင်းပါ။
ဒီတစ်ရပ်ကွက်လုံးမှာလည်း သိင်္ဂီနဲ့အဖိုးတို့လင်မယားပဲ ကျွန်တော့်ရဲ့
တွယ်တာစရာပေါ့ဗျာ”လို့ပြောရင်း ဖိုးသုရယ်လေတော့တယ်။
“အဖိုးတို့အိမ်နောက်ဖေးကြမ်းတွေဆွေးနေပြီ။ ကျွန်တော်ပျဉ်ချပ်လေးတွေ
ဝယ်ပြီး အသစ် ပြန်ရိုက်ပေးခဲ့မယ်နော်။ အဖိုးကို
ကျွန်တော်ပြောရဦးမယ်။ဒီလာမယ့် တနင်္ဂနွေကျရင် သိင်္ဂီနဲ့ကျွန်တော်
သူတို့ပရဟိတအသင်းက သွားလှူမယ့် (၄၆)ရပ်ကွက်က အဖိုးနဲ့အဖွားဆီ သွားမှာဗျ။
ကျွန်တော်လည်း သိင်္ဂီတို့လို ပရဟိတအလုပ်လေးတွေ လုပ်ကြည့်ချင်လို့လေ။
တစ်သက်လုံးဆိုးပေလာပြီး ဖြစ်သလိုနေလာတဲ့ကောင်ဆိုတော့ ဘယ်လိုနေရမယ်။
ဘယ်လိုလုပ်ကိုင်ရမယ်။ ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေတော့မသိဘူးရယ်”လို့ ဖိုးသုက
သူ့အဖိုးကို ပြောပြလေတော့တယ်။ “ငါ့သားက ဘ၀ကိုဖြစ်သလို
နေလာခဲ့တာလေးကလွှဲရင် စာရိတ္တသတ္တိကောင်းတဲ့သူပါ။ အဲ့လိုလူမျိုးက ဘယ်တော့မှ
ဒုက္ခမရောက်ဖူးသား”လို့ အဖိုးက ပြောလိုက်တယ်။ “ကျွန်တော် တကယ်ပြောတာ
အဖိုးရ။ ဘ၀မှာလေ … ကျွန်တော့်ကို မေတ္တာပေးပြီး
နွေးနွေးထွေးထွေးဆက်ဆံတာမျိုးကိုမကြုံဖူးသလို။
ဆုံးမစကားတွေနဲ့စောင့်ရှောက်တာမျိုးလည်းမခံစားဖူးဘူး။ တစ်သက်မှာ တစ်ခါမှ
မခေါ်ဖူးတဲ့ အဖေ၊အမေဆိုတဲ့ နာမ၀ိသေသနတွေကိုလည်း တစ်ခါတစ်ခါ ကျွန်တော်
ခေါ်ပိုင်ခွင့်ရချင်တယ်။ အဲ့လိုပဲ သူများမိဘတွေက သူတို့သားသမီးတွေကို
သားလို့ခေါ်တဲ့အခါမျိုးမှာလည်း ကျွန်တော့်ကို ခေါ်မယ့်ဂရုစိုက်မယ့်သူကို
ကျွန်တော်မျှော်လင့်မိတယ်။ အဲ့လို
ကျွန်တော်မရဘူးတဲ့မေတ္တာတွေ၊နွေးထွေးမှု၊ဂရုစိုက်မှုတွေကို အဖိုးတို့ဆီက
ရခဲ့တယ်…အဲ့အတွက် သားတကယ်ကျေးဇူးတင်ပါတယ်။ လူဟာမျှော်လင့်မိရင်
မျှော်လင့်မိသလောက် ခံစားရတတ်တယ်ဆိုတာ…တကယ်အမှန်ပဲ အဖိုး။ အခုဆိုရင်
ကျွန်တော် မျှော်လင့်မိခဲ့တဲ့အရာတွေ တကယ်ကိုရနေပါပြီ။အရာရာ
လှပလာပြီလို့တော့ထင်တာပဲ။ လောကကြီးရဲ့အလှကို ခံစားဖို့ ခံစားနိုင်တဲ့
မျက်စိ၊စိတ်၊နှလုံးသားတို့သာလိုတယ်ဆိုတာ..ကျွန်တော်ယုံသွားပြီ အဖိုးရေ”
လို့ပြောပြီး ဖိုးသုတစ်ယောက် နှစ်နှစ်ကာကာကြီး ပြုံးနေတော့တယ်။
တနင်္ဂနွေ မနက်စောစောက သိင်္ဂီကလာခေါ်လေတယ်။ “ဖိုးသုရေ … သွားကြမယ်ဟေ့”ဆိုပြီး
နှစ်ယောက်သား ထွက်လာခဲ့လိုက်တယ်။ “အခုသွားမယ့် အဖိုးနဲ့အဖွားက အဖိုးက
အသက်၆၅နှစ်။ အဖွားက အသက်၆၇နှစ်။ နှစ်ယောက်စလုံးက သားသမီးမရှိဘူး။ အဖိုးက
မုန့်ဖတ်ထုပ်ရောင်းတယ်။”လို့ သွားမယ့် ဘိုးဘွားနှစ်ဦးအကြောင်းလေးကို
သိင်္ဂီကပြောပြနေတယ်။ တကယ်တမ်း ရောက်သွားတော့လည်း သိင်္ဂီပြောပြတဲ့အတိုင်း
တဲစုတ်လေးထဲမှာ နွမ်းပါးတဲ့ ဘိုးဘွားစုံတွဲလေးကို ဖိုးသုတွေ့ရလေတယ်။
ဖိုးသုမှာ သနားလို့ဆိုပြီး အိပ်ကပ်ထဲက ငွေတစ်ထောင့်ငါးရာနဲ့
ဖီးကြမ်းလေးတစ်ဖီး ၀ယ်ကန်တော့ခဲ့လိုက်သေးတယ်။
“ငါပျော်တယ်။သိင်္ဂီ..ငါ့စိတ်ထဲ တစ်ခုခုကြီးဆို့နင့်နေသလိုပဲ။အဲ့အရာက
ကြည်နူးမှုလားမသိဘူး။ ငါခေါင်းစဉ်မတပ်တပ်ဘူး။ ဒါပေမယ့် ငါတကယ်ဝမ်းသာတယ်။
ဒီလိုမျိုးကုသိုလ်ပီတရအောင် ပါရမီဖြည့်ပေးတဲ့နင့်ကို ငါကျေးဇူးတင်တယ်
သိင်္ဂီရာ။ နောက်ကို ငါတို့အမြဲဒီလိုသွားကြ။လှူကြမယ်နော်”လို့ပြောကာ
ပီတိတွေနဲ့ပျော်နေရှာတယ်။
နှစ်ဦးသား ပြန်လာရာလမ်းမှာ ရပ်ကွက်ထဲက ၁၃နှစ်အရွယ်
၀၀ပြည့်ပြည့်ပိုက်ဆံတောင်းတဲ့ကလေး မောင်ပေါက်စီလေးကို ဖိုးသု တွေ့မိတယ်။
ကောင်းမှုကုသိုလ်ပြုပြီး ပီတိပွားနေတဲ့ ဖိုးသုက မောင်ပေါက်စီကို မုန့်ဖိုး
ငါးရာ လှမ်းပေးမယ်လုပ်လို့ “ဟေ့…ညီလေး ပေါက်စီ လာဦး ရော့ ဒီမှာ မင်းကို
မုန့်ဖိုးပေးမယ်”ဆိုလို့ မောင်ပေါက်စီက လမ်းပေါ်တက်လျှောက်နေရာက
ဖိုးသုတို့ဘက်ကို လမ်းဖြတ်အကူး  ဒိုင်နာကားကြီးတစ်စီးဝင်လာလို့ ဖိုးသု
လှမ်းဆွဲတွန်းလိုက်တယ်။ ခဏတွင်းချင်းမှာ ဖိုးသုအရာရာကို မမြင်တော့ဘဲ …
ဖိုးသုဆိုတဲ့ အသံလေးလည်း လွင့်ပြယ်ခဲ့တယ်။ တစ်သက်လုံး
ဆိုးဆိုးပေပေနေလာတဲ့ နင့်ကို လူကောင်းကြီးအဖြစ် မြင်ရပြီဆိုမှ … နင်က
ငါ့ကိုထားသွားပြီ။ လောကကြီးကို လျစ်လျုရှုခဲ့တုန်းကတော့ လောကကြီးက
မငြူစူဘဲ လောကကြီးကို အကျိုးပြုမယ်ဆိုတော့မှ …. ဘာလို့ နင့်ကို
ခပ်မြန်မြန် နှင်သွားရတာလဲ “ဖိုးသု . . . . ဖိုးသု လို့ ငယ်သံပါအောင်
အာခေါင်တွေကွဲထွက် ငိုကြွေးနေရှာတဲ့ သိင်္ဂီရဲ့အသံတွေကိုတော့
ဖိုးသုမှာကြားနိုင်တော့မယ်မထင်ပါ . . . ။    ။

ဖိုးသုည
၃၁.၁၂.၂၀၁၄ (ဗုဒ္ဓဟူးနေ့)

Save The Aged (၅)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ဆောင်းပါး “ရင်မှာအေးချမ်း အနာဂတ်လမ်း” ဖွားချစ်ခံစားရေးသားသည်


ဖွားချစ်နေထိုင်သော မြောက်ဒဂုံ စက်မှုဇုန်တွင် ယခုတလော လျှပ်စစ်မီးမကြာခဏ
ပျက်သဖြင့် ဘုရားမီးနှင့် မိမိအတွက် အလင်းရစေရန်
ဖယောင်းတိုင်ထွန်းညှိပြီး ဖယောင်းတိုင်မီး၏ အလင်းရောင်ဖြင့် နေရပါသည်။
တစ်နေ့တွင် အမှတ်တမဲ့ ဖယောင်းတိုင်မီးကို ကြည့်မိရာမှ သံဝေဂရရှိခဲ့ပါသည်။
ဖယောင်းတိုင်သည် ပတ်ဝန်းကျင်ကို အလင်းပေးနိုင်ရန်အတွက် မိမိကိုယ်တိုင်
မီးလောင်ကျွမ်းစေပြီး တဖြည်းဖြည်း အရည်ပျော်ကာ မူလသန့်ရှင်းဖြူဖွေးသော
ဖယောင်းတိုင်ဘ၀မှ ဖယောင်းရည်ဘ၀ ၄င်းမှ အခိုးအငွေ့ဘ၀နှင့် နောက်ဆုံး
ပျောက်ကွယ်သွားသည်အထိ လူသားများနှင့်ပတ်ဝန်းကျင်ကို အလင်းရောင်ပေးကာ
မိမိဘ၀နှင့်လဲ၍ တာဝန်ကျေပွန်စွာထမ်းဆောင်ပေးခဲ့
သော ဖယောင်းတိုင်၏ဘ၀ကို
စာနာခြင်းနှင့် အတူ မိမိတို့အဘိုးအဘွားများ၏ ဘ၀နှင့် နှိုင်းဆမိပြီး
မမြဲခြင်းသဘောကို ဆင်ခြင်မိကာ သံဝေဂရရှိပါသည်။
ဖယောင်းတိုင်ကဲ့သို့ပင် ဖွားချစ်တို့ အဘိုးအဘွားများသည်လည်း
ငယ်ရွယ်သောဘ၀၊ နုပျိုသောဘ၀၊ လှပသောဘ၀၊ ခွန်အားရှိသောဘ၀၊
အသိဥာဏ်ကြွယ်ဝသောဘ၀၊ အားမာန်အပြည့်ရှိသောဘ၀များစွာကို မိမိအတွက်၊
မိသားစုအတွက်၊ မိမိပတ်ဝန်းကျင်အတွက်၊ မိမိရပ်ကွက်နှင့် မြို့ရွာအတွက်၊
မိမိဌာနအတွက်စသည်တို့ တိုးတက်ကောင်းမွန်ပြည့်စုံစေရန်
အားကုန်အသုံးချရင်း၊ တာဝန်ထမ်းဆောင်ရင်းဖြင့် တဖြည်းဖြည်း အချိန်ကုန်
အားအင်ကုန် အရွယ်ကုန်လွန်ပြီး နောက်ဆုံးမှာ အားကုန်လူပန်းဖြစ်ကာ
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး မိမိဘ၀လမ်းကိုပင်
ဖြောင့်အောင်မလျှောက်နိုင်သော ဘ၀သို့ ရောက်ရှိသောအခါ ဖေးမကူညီမည့်သူမဲ့ကာ
အထီးကျန်အားငယ်စွာဖြင့် မီးစာကုန်ဆီခမ်းသော ဖယောင်းတိုင်ဘ၀နှင့်
ထပ်တူညီစွာ ခံစားကြရပါသည်။
တစ်နည်းဆိုရသော် လူ့ဘ၀ကို နေ့တစ်နေ့တာနှင့် ဥပမာပေးရလျှင်
အဘိုးအဘွားများ၏ဘ၀များသည် ညနေဆည်းဆာချိန်ကို ရောက်ရှိနေကြသောသူများပင်
ဖြစ်ကြပါသည်။ တစ်သက်တာလုံး ရုန်းကန်လှုပ်ရှားနေခဲ့ကြရပြီး
ညနေဆည်းဆာချိန်ကို ရောက်ရှိသောအခါ အထီးကျန်နေသော အဘိုးအဘွားများ၏
ဘ၀ဆည်းဆာများသည် ငြိမ်းအေးစွာ ကုန်ဆုံးစေရန်အတွက် အဓိကလိုအပ်ချက်မှာ
စေတနာ၊ မေတ္တယ၊ ဂရုဏာနှင့် ပြည့်စုံသောအကြင်နာတရားများပင်ဖြစ်ပါသည်။
ဤအကြင်နာ မေတ္တာတရား များနှင့် ခွန်အားပါသော လက်များဖြင့် လမ်းလျှောက်သင်စ
အရွယ်ကကဲ့သို့ ဘ၀ဆည်းဆာချိန်ကို တစ်လှမ်းချင်း ကျော်ဖြတ်နိုင်ရန်
ဖေးမကူညီမည့်လက်များ များစွာလိုအပ်ပါသည်။
အဆိုပါအကြင်နာမေတ္တာနှင့် ခွန်အားအပြည့်ပါသောလက်များဖြင့် Save The Aged
သည် ဘ၀ဆည်းဆာချိန်ရောက် အဘိုးအဘွားများကို ကမ်းလင့်ဖေးကူလျက်ရှိပါသည်။
ဤသို့ ကမ်းလင့်ဖေးကူသော Save The Aged အသင်းဝင်များ၏
ခွန်အားပါသောလက်များသည် အဘိုးအဘွားများ၏ လျှောက်လှမ်းရမည်ဖြစ်သော
လမ်းပင်၊ ဘ၀ပင်ဖြစ်ပါသည်။ Save The Aged အသင်းဝင်များသည်
ဆည်းဆာချိန်ရောက် အဘိုးအဘွားများကို ကူညီဖေးမရန်အတွက် အပြုံးကိုယ်စီဖြင့်
ခွန်အားပါသောလက်များနှင့် ကမ်းလင့်ကြိုဆိုကြပါသည်။
ဤကမ်းလင့်ခြင်းသည်ပင်လျှင် Save The Aged သည် ဘိုးဘွားများအတွက်
အားကိုးရာမှီခိုရာဖြစ်ပြီး ခွန်အားအသစ်ကိုလည်း ဖြစ်ပေါ်လာစေပါသည်။
အဘိုးအဘွားများ၏ ဘ၀တည်ငြိမ်ရေးအတွက် စားဝတ်နေရေးဟူသော အရေးပါဆုံးသော
လိုအပ်ချက်များ ပြည့်စုံစေရန် Save The Aged သည် အတတ်နိုင်ဆုံး
ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ထို့အပြင် တစ်နေရာစီဖြစ်နေကြသော
အဘိုးအဘွားများ ကိုလည်း တစ်နေရာတည်း တစ်စုတည်းတွင် အေးချမ်းစွာ
နေထိုင်နိုင်ရန်အတွက် ဘိုးဘွားရိပ်သာတစ်ဆောင်ကို ဆောက်လုပ်ရန်မူလကပင်
ရည်ရွယ်ခဲ့ကြပါသည်။ ရည်ရွယ်သည့်အတိုင်း Save The Aged ၏
ဘိုးဘွားရိပ်သာကြီး ဆောက်လုပ်ပြီးစီးကာ ယနေ့ယခုတွင်ပင်
ဘိုးဘွားရိပ်သာဖွင့်လှစ်ပွဲနှင့် Save The Aged အသင်း၏
ပဉ္စမမြောက်နှစ်ပတ်လည်နေ့ကို တစ်ပြိုင်တည်းကျင်းပနေခဲ့ပါပြီ။
ဤရိပ်သာကြီးတွင်လည်း အဘိုးအဘွားမျာကို ကြောင့်ကြမဲ့စွာ
ထားနိုင်ကြတော့မည်ဖြစ်ပါသည်။ ဤသည်မှာ Save The Aged အသင်းဝင်များ၏
စုပေါင်းဦးဆောင်မှု၊ စုပေါင်းကြိုးပမ်းမှုနှင့် ဦးတည်ချက်မပျက်
စည်းလုံးညီညွှတ်စွာ ဆောင်ရွက်မှုတို့ကြောင့်  အသင်းကြီး တည်ထောင်သည့်နေ့မှ
ယနေ့ ငါးနှစ်ပြည့်တွင်ပင် ဘိုးဘွားရိပ်သာကြီးကို အောင်မြင်ပြီးစီးအောင်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော အောင်မြင်သောအသင်းကြီးတစ်သင်းအဖြစ်လည်း
ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Save The Aged သည် ဘိုးဘွားရိပ်သာဆောက်လုပ်ပြီးစီးပြီဖြစ်သဖြင့်
အဘိုးအဘွားများအား ရိပ်သာတွင် ခေါ်ဆောင်ထားရှိကာ အဘိုးအဘွားများ၏ လူမှုဘဝ
အစစအရာရာတွင် ကြောင့်ကြမှုမရှိ၊ ပူပင်သောကမရှိစေရန် ဖြည့်ဆည်း
ဆောင်ရွက်သွားမည်ဟုလည်း ခန့်မှန်းသိရှိရပါသည်။ ထို့အပြင်အဘိုးအဘွားတို့၏
ကျန်းမာရေးကို စောင့်ကြည့်ရန်အတွက် ဆေးဝန်ထမ်းများထားရှိမည်ဟုသိရပါသည်။
ထို့ကြောင့် Save The Aged ၏ အရိပ်အာဝါသအောက်တွင် အစောင့်ရှောက်ခံ
အဘိုးအဘွားတို့၏ ဘ၀နေ၀င်ချိန်သည် ပူပင်သောက ကြောင့်ကြမှုကင်းဝေးပြီး
အေးငြိမ်းမှုကို ရရှိကြပါတော့မည်။ အဘိုးအဘွားတို့၏
ဘ၀များသည်အေးချမ်းရပါပြီ။ ငြိမ်းအေးရပါပြီ။ သောကများကင်းဝေးရပါပြီ။
ဤသို့ဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းကာ ဘ၀ကူးကောင်းအောင်
အားထုတ်နိုင်ကြပါတော့မည်။ ဤသည့်ကောင်းမှုကြောင့် အဘိုးအဘွားများလည်း
ဝမ်းသာပီတိဖြစ်ပြီး ကျေးဇူးတင်ကြည်နူးလျက်ရှိပါသည်။
သို့ဖြင့် အဘိုးအဘွားတို့၏ ရင်မှာအေးချမ်းရပါပြီ။ အနာဂတ်အတွက်
သွားရမည့်လမ်းလည်း ဖြောင့်ဖြူးရပါပြီ။ ဤသို့
အနာဂတ်လမ်းဖြောင့်ဖြူးရန်အတွက် ဖေးမကူညီ ဖြည့်စွက်စောင့်ရှောက်ပေးကြသော
Save The Aged မှ ဦးဆောင်သူများနှင့် အသင်းသားများအားလုံးတို့သည်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။ အလုပ်အကိုင်အကြံအစည်များလည်း
တိုးတက်အောင်မြင်ကြပါစေ။ မိမိအကျိုး၊
အဘိုးအဘွားများအကျိုးနှင့်လူမှုပတ်ဝန်းကျင်အကျိုးများ
တိုးတက်ကောင်းမွန်အောင် နှလုံးစိတ်ဝမ်း အေးချမ်းစွာဖြင့်
ဆောင်ရွက်နိုင်ကြပါစေ။ Save The Aged အသင်းကြီးလည်း ဆထက်တပိုး
တိုးတက်အောင်သည့် အသင်းကြီးတစ်သင်းဖြစ်ပါစေကြောင်
ကျေးဇူးအထူးတင်စွာဖြင့် ဆုတောင်းမေတ္တာပို့သရင်း ပဉ္စမအကြိမ်မြောက် Save
The Aged အသင်း၏ နှစ်ပတ်လည်နေ့ကို ဤဆောင်းပါးလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။




ဖွားချစ် @ အဖွားဒေါ်သန်းတင်
အစောင့်ရှောက်ခံ အမှတ်စဉ် - STA 023
Save The Aged ဘိုးဘွားရိပ်သာ

Thursday, 16 January 2014

Save The Aged(၄)နှစ်ပြည့် အထိမ်းအမှတ် စာမူပြိုင်ပွဲ အထူးဆုရရှိသည့်ဖွားချစ်၏စာမူလက်ရာ



Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ဆောင်းပါး

“စံပြုထိုက်သူများ”

အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ လိုလားစွာဆောင်ရွက်သူများကို စံပြုထိုက်သူများဟု
ခေါ်ဆိုရပါမည်။ စံပြုထိုက်သူများသည် လူမှုဒုက္ခ ရောက်နေကြသူများအား စာနာထောက်ထားစွာဖြင့် ကူညီစောင့်ရှောက် ထောက်ပံ့သူများ ဖြစ်ကြပါသည်။ အာဇာနည်များ မဟုတ်ကြပါ။ 

အာဇာနည်များသည် အမျိုးဘာသာ သာသနာနှင့်နိုင်ငံနှင့်လူမျိုးတို့၏ အကျိုးကို လိုလားစွာ
ဆောင်ရွက်ခြင်း ၊ လိုအပ်ပါက အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကယ်တင်ပေးကြသူများကို အာဇာနည်ဟုခေါ်ဆိုပါသည်။

ဖွားချစ်မူလတန်းကျောင်းသူဘ၀တွင် သင်ယူခဲ့သော သင်ခန်းစာတစ်ပုဒ်ကို အမှတ်ရမိပါသည်။ ယင်းစာပုဒ်တွင် . . .
“ပညာထူးချွန်သူ
လွန်စွာ ရိုးသားသူ
အကျင့်စာရိတ္တကောင်းမွန်သူ
အများအကျိုးငှာ ကိုယ်ကျိုးစွန့်သူ
ထိုသူများကို လေးစားပါ” … ဟူ၍ ဖြစ်ပါသည်။

ဤစာပုဒ်သည် စံပြုထိုက်သူများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဤသည်မှာ လူကောင်းလူတော်အဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်၍ ရိုးသားသူသည် လူကောင်းဖြစ်ပြီး ပညာထူးချွန်၍ အများအကျိုးကို ကိုယ်ကျိုးမဖက်ဆောင်ရွက်ခြင်းသည် လူတော်ဖြစ်ပါသည်။

လူအများစုသည် လူကောင်း ဖြစ်သော်လည်း လူတော်ဖြစ်ရန် ခဲယဉ်းပါသည်။ အချို့မှာ လူတော်ဖြစ်သော်လည်း လူကောင်းများ မဟုတ် သည်ကို သတိထားလေ့လာလျှင် တွေ့မြင်နိုင်ပါသည်။ သို့သော် စံပြုထိုက်သူများသည် လူတော် လူကောင်းများ ဖြစ်ကြပါသည်။

ယနေ့ခေတ် လူငယ်အများစုသည် ခေတ်နောက်ကျမနေရရန်အတွက် ခေတ်ရေစီးကြောင်းအတိုင်း ခေတ်မီ စတိုင်ကျစွာနေရင်း ခေတ်ရေစီးကြောင်းပေါ်တွင်မျောပါရင်း ခေတ်လွန်ကာ ဆယ်ယူ၍ မရနိုင်အောင်ပင် မျောပါ နေကြသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေကြရပါသည်။ 

သို့သော် တိုးတက်နေသော ယနေ့ခေတ်တွင် ခေတ်နှင့် အမီလိုက်၍ ခေတ်၏လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်စွက်နေကြသော စံပြုထိုက်သူများလည်း ရှိပါသည်။
ဤစံပြုထိုက်သူများသည် ခေတ်နှင့်အမီလိုက်၍ ခေတ်၏လိုအပ်ချက်များကို လွန်စွာရှားပါးသော စိတ်ဓါတ်နှင့် လုပ်ဆောင်ချက်များဖြင့် ခေတ်၏တစ်နေရာတွင် ပါဝင်လှုပ်ရှား၍ လူမှုဒုက္ခ ကြုံတွေ့နေကြသူများ၏အကျိုးကို ဆောင်ရွက်နေကြသော အဖိုးတန်လူငယ်တစ်စု(သို့)
“Save The Aged” ဟူသော သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတ
အသင်းဝင် လူငယ်များပင် ဖြစ်ပါသည်။

ဤလူငယ်များသည် အကျိုးမရှိသော လုပ်ဆောင်ချက်များဖြင့် အချိန်ကို မကုန်လွန်စေဘဲ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေကြသော လူကောင်းလူတော်များလည်း ဖြစ်ပါသည်။ ဤအဖွဲ့ဝင်လူငယ်များသည် သက်ကြီးရွယ်အို များကို ကူညီစောင့်ရှောက်ထောက်ပံ့ရန်ဟူသော ရည်ရွယ်ချက်အပြင် လူမှုဒုက္ခကြုံတွေ့နေကြရသူများ ၊ သဘာဝဘေးဒဏ် ခံစားနေကြရသူများကိုလည်း ကူညီထောက်ပံ့လျက်ရှိပါသည်။

အသင်းဝင်လူငယ်များသည် ခေတ်မီ ပညာတတ် လူငယ်များဖြစ်ကြပြီး တာဝန်အသီးသီးဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေသူများလည်း ဖြစ်ကြပါသည်။ အလုပ်နားရက်များတွင် မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များကို မိမိတို့အသင်းမှ ထောက်ပံ့စောင့်ရှောက်ထားသော ရာသက်ပန်ကိုယ်စားမိဘ အဘိုး၊အဘွားများထံသို့ အရောက် သွားပြီး အဘိုး၊အဘွားတို့အတွက် လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြခြင်း ၊ အမိ၊အဖသဖွယ် ချစ်ခင်ရင်းနှီးစွာ နွေးထွေးယုယမှုပေးခြင်း တို့ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေကြပါသည်။ 

ထို့အတူ သဘာဝဘေးဒဏ် ခံစားနေကြရသော ဒုက္ခသည်များထံသို့လည်း အသင်းအလိုက် သွားရောက်ကြကာ ကူညီခြင်း ၊ ထောက်ပံ့ခြင်း ၊ လှူဒါန်းခြင်းများ ပြုကြပါသည်။ ဤသို့သွားရာ၌ လမ်းခရီးအခက်အခဲ မည်မျှပင် ကြမ်းပါစေ စေတနာလမ်းခင်းပြီး မေတ္တာ ၊ ကရုဏာ ၊ အကြင်နာ ခြေလှမ်းများဖြင့် အရောက်သွားကာ မိမိတို့၏ ရည်မှန်းချက် အောင်မြင်အောင်
ဆောင်ရွက်နေကြသူများလည်း ဖြစ်ပါသည်။ ချီးကျူးစရာ အလွန်ကောင်းလှ ပါသည်။


ထို့အပြင် မိဘမဲ့ကျောင်းများရှိ ဆင်းရဲချို့တဲ့သော ကလေးများအတွက် လိုအပ်သော ဆန်၊ဆီ၊ဆား၊သကြား၊ အ၀တ်အထည် စသည်တို့အပြင် အဟာရဖြစ်စေသာ မုန့်များ ကျောင်းနေအရွယ် ကလေးများ အတွက် လိုအပ်သော စာအုပ်များ စာရေးကိရိယာများ အသုံးအဆောင်ပစ္စည်းများ ၊ စောင်များ စသည်ဖြင့် လိုအပ်သည်များကို လှူဒါန်းခဲ့ကြပါသည်။ ရှေရားပါးသော အရပ်ဒေသများတွင်လည်း အ၀ီစိတွင်းတူး၍ သောက်သုံးရေအတွက် လှူဒါန်းခြင်း ၊ ပညာအလင်းရရှိစေရန်အတွက် လှူဒါန်းမှုလိုအပ်သောဒေသများတွင် စာကြည့်တိုက်များအတွက် စာအုပ် ၊ စာစောင် ၊ ဂျာနယ် စသည်များကိုလည်း လှူဒါန်းလျက်ရှိပါသည်။

အများအကျိုးအတွက် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပျော်ရွှင်ကြည်နူးနေကြသူများလည်း ဖြစ်ကြပါသည်။ ခေတ်လူငယ်များအတွက် အတုယူဖွယ် စိတ်ဓါတ်နှင့်ဆောင်ရွက်ချက်များပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ လူငယ်အများစုတွင် ဤသို့သော စိတ်ဓါတ်မျိုးနှင့်ဆောင်ရွက်လိုသော စေတနာများရှိကြရန် များစွာလိုအပ်ပါသည်။ လူမှုရေးကိစ္စများ ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပြုရာ၌ ပျော်မွေ့နေလေ့ရှိသော ဤလူငယ်များ၏ စိတ်ဓါတ်ရေးရာများမှာလည်း နူးညံ့သိမ်မွေ့ခြင်းအပြည့်ရှိနေကြပါသည်။ စကားပြောဆိုရာ၌ နူးညံ့သိမ်မွေ့ခြင်း ၊ ကိုယ်အမူအရာ ယဉ်ကျေးခြင်းတို့ကို အခြေခံကာ ကံငါးပါးကို အလိုလိုစောင့်ထိန်းပြီး သူများလည်း ဖြစ်ကြပါပြီ။

လူမှုဒုက္ခ ခံစားနေကြရသော ကြီးငယ်မရွေး ၊ မိတ်ဆွေရန်သူမရွေး ၊ အယုတ်အလတ်အမြတ်မရွေး အားလုံး တို့အား ကူညီစောင့်ရှောက်ထောက်ပံ့ အားပေးကြခြင်းသည် စိတ်ကြမ်း၊စရိုက်ကြမ်း ရိုင်းပျသော ခေတ်လွန် လူငယ်အချို့ထက်မှပင် လေးစားထိုက်သူများ ၊ စံပြုထိုက်သူများပင် ဖြစ်ပါသည်။

ဤစံပြုထိုက်သူများကို . . .
ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌
တည်စေမင်း . . . ။          ဟူသော 
ဆုံးမစာကဲ့သို့ ကောင်းမှုကုသိုလ်ပြုရာ၌ ခုံမင်မြတ်နိုးခြင်း ၊ အများအကျိုး အတွက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေကြသော စံပြုထိုက်သည့် ဤ “Save The Aged” သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းဝင် လူငယ်များအားလုံး၏ သဏ္ဍန်၌ ကောင်းမြတ် သော ကောင်းမြတ်သောအကျိုးတရားများ ရရှိ ၊ တည်ရှိ ၊ ရောက်ရှိပါစေသတည်းဟု ဆုမွန်ကောင်း တောင်းခြင်းဖြင့် . . . ။       





ဖွားချစ် @ အဖွားဒေါ်သန်းတင်
အစောင့်ရှောက်ခံ အမှတ်စဉ် - STA 023
အမှတ်( C-2/27 ) ၊ ဦးပြုံးချိုကားဝပ်ရှော့ ၊ စက်မှုဇုန် ၊ ဦးဝိစာရလမ်း ၊ မြောက်ဒဂုံ။


Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ၀တ္ထု



“သူမ မျက်ဝန်းမှာ မျက်ရည်တွေကျခဲ့ဖူးတယ်”

( ၄.၆.၂၀၁၀ ) အဲဒီနေ့စွဲလေးပေါ့ . . . မှတ်မှတ်ရရ အသက်အားဖြင့် ၂၅/၃၀ အရွယ် လူငယ်လေး သုံးလေးယောက် လောက်က “ဖွားစီရေ … ဖွားစီရေ … ဖွားစီ ... ဖွားစီ ရှိပါသလားဗျာ”ဆိုပြီး ဖွားစီ ဝေယျာဝစ္စ လုပ်နေကျ ဓမ္မာရုံလေးကို ရောက်လာခဲ့ကြတယ်။ တစ်ခါမှမြင်ဖူးတာ သေချာသလို ဒီအနီးအနားရပ်ကွက် ၀န်းကျင်က လူငယ်တွေမဟုတ်ဘူး ဆိုတာကိုလည်း ဖွားစီ ကောင်းကောင်းသိတယ်။ ဘာအကြောင်းကြောင့်များ ရောက်လာကြ သလဲဆိုတာ မေးမိတယ်။ ပြီးတော့ သူတို့လေးတွေက ဘယ်သူတွေလည်းဆိုတာကိုလည်း ဖွားစီ သိချင်နေမိတယ်။ 
ထို လူငယ်အုပ်စုထဲမှ အသက် ၃၀ခန့်အရွယ် ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦးက … ခေါင်းလေးညိမ့်ကာ စကားပြောဖို့ ဟန်ပြုလို့ အသံလေးတစ်စ ထွက်ပေါ်လာခဲ့တယ်။ “ဟုတ်ကဲ့ပါ … အဖွား။ အဖွားသိချင်တာကို ပြောပြရရင် ကျွန်တော်တို့က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်
ထောက်ပံ့ရေးပရဟိတလူငယ်များအသင်းကပါ … အဖွား။ 


ကျွန်တော်တို့အသင်းလေးက အသက်(၆၅)နှစ်အထက် ၊ ကျောထောက်နောက်ခံ သားသမီးမြေးမြစ်
မရှိသူ ၊ အမှန်တကယ် နွမ်းပါးချို့တဲ့၍ အကူအညီအထာက်အပံ့လိုသူ ၊ အပြစ်မဲ့အပယ်ခံ ဘိုးဘွားတွေကို ကျွန်တော်တို့အသင်းလေးမှ ကွင်းဆင်း လေ့လာပြီးနောက် ရာသက်ပန်ကိုယ်စား မိဘအဖြစ်
စောင့်ရှောက်ထောက်ပံ့မှုပေးကြပါတယ် …. အဖွား။ ကျွန်တော်က ကမာရွတ်၊ဘူတာရုံထိပ်မှာ အဆောင်နေတာပါဗျ။

အခုလို အဖွားဆီရောက်လာရတာကလည်း အဖွားတို့လမ်းထဲက အန်တီ ဒေါ်ဝင်းရီ က ကျွန်တော်တို့အဆောင်မှူးရဲ့သူငယ်ချင်းပါ။ သူနဲ့ကျွန်တော် စကားပြောရင်း၊ဆိုရင်း ဆက်စပ်မိတာကနေ သူတို့လမ်းထဲမှာ ဖွားစီဆိုတဲ့ အဖွားတစ်ယောက်ရှိကြောင်း … ကျွန်တော်တို့အသင်းရဲ့ စည်းမျဉ်းအချက်အလက်လေး တွေနဲ့ကိုက်ညီရင်လည်း စောင့်ရှောက်ထောက်ပံ့မှုပေးစေလိုကြောင်း
ပြောပြခဲ့လို့ အခုလို ကျွန်တော်တို့ အဖွားဆီ ရောက်လာခဲ့ရတာပါဗျာ”ဆိုပြီး စကားလေး တစ်ထောက်နားခိုက် . . . ။

ထို လူငယ်ရဲ့ပြောစကားတွေအဆုံးမှာ ဖွားစီမျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဝေ့၀ဲနေခဲ့ရပြီ။ ၀မ်းနည်းမှုတွေ ၊ အားငယ်မှု ၊ သိမ်ငယ်မှုတွေနဲ့အတူ “သားတို့က ဖွားစီကို သနားလို့ ထောက်ပံ့ပေးဖို့လာစုံစမ်းကြတာလားဟင်”ဆိုတဲ့ တုန်တုန် ယင်ယင် လေသံလေး ထွက်ပေါ်လာခဲ့ပြန်တယ်။ ဖွားစီဘ၀က အဲ့လောက်တောင် သနားစရာကောင်းနေပြီလား။

ကိုယ်မွေးမှ ကိုယ့်မြေး သာသာအရွယ်လေးတွေရဲ့ ထောက်ပံ့စာကိုအားကိုးမှီခိုရမယ့်ဘ၀ဖြစ်နေပြီလားလို့ … ကွင်းဆင်း အသင်းဝင်လူငယ်လေး တွေကို မျက်ရည်လေးတစ်စို့တစ်စို့နဲ့ ဖွားစီ ရေရွတ်ပြောနေမိတယ်။ အမှန်တော့ ယခုလို လာရောက် ကွင်းဆင်းကြတဲ့ ပရဟိလူငယ်လေးတွေကြောင့် ဖွားစီ ရင်ထဲမှာ အတိုင်းမသိဝမ်းသာမိပေမယ့်လည်း တကယ့်အပြင်မှာ မျက်ရည်ဝဲခဲ့ရတယ်။

 
“မငိုပါနဲ့ ... အဖွားရယ်။ ၀မ်းမနည်းပါနဲ့နော် ... သားတို့တွေက အဖွားရဲ့ဝမ်းနည်းစရာခံစားချက် ၊ စိတ်မကောင်းစရာ အတိတ် ဒဏ်ရာတွေကို တူးဆွမယ့် ထုတ်ဖော်မယ့်သူတွေမဟုတ်ပါဘူး။ အဖွားတို့တွေအတွက် ငြိမ်းအေးမှု၊ပျော်ရွှင်မှု၊ သာယာချမ်းမြေ့မှုတွေနဲ့အတူ ကြည်နူးစရာ အစုစုကို ဝေမျှ၊ပေးဝေချင်တဲ့သူတွေပါ”လို့ဆိုပြီး လူငယ်လေးထံမှ စကားသံ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ 

“တကယ်လို့များ အဖွားက ကျွန်တော်တို့အသင်းရဲ့ အချက်အလက်လေးတွေနဲ့ ကိုက်ညီခဲ့ရင် လေ ... ကျွန်တော်တို့ အဖွားကို စောင့်ရှောက် ထောက်ပံ့ချင်ပါတယ် အဖွားရယ်”ဆိုတဲ့ စကားသံလေး အဆုံး ... ။
ဖွားစီတစ်ယောက် လွန်ခဲ့တဲ့ အနှစ်(၄၀)ကျော်လောက်ကတည်းက တာဝန်မယူတတ်တဲ့ ခင်ပွန်းသည်၏ စွန့်ပစ်မှုတွေကို ခံစားခဲ့ရပြီး ၊ နာနာကျင်ကျင် ခါးခါးသီးသီးဖြင့် ဘ၀ကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့အကြောင်း ၊  ကိုယ့်ခွန်ကိုယ့်အားနဲ့ သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ကြုံရာအလုပ်တွေလုပ်ကိုင်ရင်း ဘ၀၀မ်းရေးကိုဖြေရှင်းခဲ့ရသူ ၊ နေထိုင်စရာ အိမ်မရှိလို့ လူသားချင်းငဲ့ညှာစာနာတဲ့သူစိမ်းတစ်ရံဆံတို့ရဲ့ အိမ်ဝိုင်းလေးထဲမှာ အဖီဆွဲလို့နေထိုင်ခဲ့ရပုံတွေ ၊ ယခု အသက်(၈၀)အရွယ် ဖွားစီမှာ ရပ်ကွက်ထဲမှ ဓမ္မာရုံလေးရဲ့ ဝေယျာဝစ္စများ လုပ်ကိုင်ဆောင်ရွက်ပေးရင်း ဥပုသ်၊ သီလယူစောင့်တည်ခြင်း ၊ တရားစခန်းများဝင်ခြင်းဖြင့် ဘ၀နေ၀င်ချိန်တွေကို တရားနဲ့အဆုံးသတ်ကာ ငြိမ်းအေး နေချင်တော့တာတွေ ... အစ ၊ ကွင်းဆင်းလူငယ်လေးတွေ မေးမြန်းသမျှကို မခြွင်းမချန် အမှန်အကန်ပြောပြဖြစ်ခဲ့ပါတယ်။
ကွင်းဆင်းလူငယ်လေးတွေမှာ သိလိုသမျှတွေ မေးမြန်းခဲ့ပြီးတော့ သူတို့အချင်းချင်း မျက်ရိပ်မျက်ခြေပြလို့ စုပေါင်းလှူဒါန်း ငွေလေး ငါးထောင်ကျပ်နဲ့လက်အုပ်ချီ ကန်တော့ကြရင်း ဖွားစီတို့ဓမ္မာရုံလေး ထဲမှ နှုတ်ဆက်ထွက်ခဲ့ကြတယ်။ “အစည်းအဝေးမှာ ပေါင်းစုတိုင်ပင်ကြပြီးတာနဲ့ သားတို့တွေအဖွားဆီ ပြန်လာခဲ့ကြပါမယ်”ဆိုတဲ့ လူငယ်လေးရဲ့ စကားသံနဲ့အတူ မျက်ဝန်းထဲက မေတ္တာတရားတွေကိုလည်း ဖွားစီ ခံစားလိုက်ရတယ်။
အဲဒီနေ့က လူငယ်လေးတွေသာ အိမ်ပြန်သွားတယ်။ ဖွားစီတစ်ယောက် တစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နာကျင်စရာနေ့ရက်ဆိုးတွေကို ပြန်လည်ထင်ဟပ်မြင်မှတ်နေရင်း ... ဖွားစီကို စောင့်ရှောက် ထောက်ပံ့ပေးချင်တယ်ဆိုတဲ့ ထိုလူငယ်လေးတွေ ၊ မေတ္တာကရုဏာတရားကြီးမားလွန်းတဲ့ ထိုလူငယ်လေးတွေ ၊ ကိုယ်ချင်းစာတတ်ပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ ထိုလူငယ်လေးတွေ ၊ နူးညံ့သိမ်မွေ့ယဉ်ကျေးလွန်းတဲ့ ထိုလူငယ်လေးတွေ ... အဲဒီလူငယ်လေးတွေဟာ ဖွားစီရဲ့ မြေးအရင်းလေးတွေသာဖြစ်ရင် ဘယ်လောက် ကောင်းလိမ့်မလဲဆိုတဲ့ လဲပေါင်းအထွေထွေ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့နေခဲ့မိတယ်။
ဒီလိုနဲ့ (၆.၆.၂၀၁၀)တနင်္ဂနွေနေ့မှာ ဖွားစီဆီကို ထိုလူငယ်လေးတွေ ထပ်မံရောက်ရှိလာခဲ့တယ်။ “အဖွားရေ … အဖွားရေ” လို့ အသံပြုအော်ခေါ်နေကြရင်း ဖွားစီနေထိုင်ရာ အိမ်အဖီလေးဆီသို့ရောက်လာခဲ့ကြတယ်။ “ဒီနေ့ သားတို့ရဲ့ လစဉ်အစည်းအဝေးလေးမှာ အဖွားကို သားတို့အသင်းရဲ့ ရာသက်ပန်ကိုယ်စားမိဘတစ်ဦးအနေနဲ့ စောင့်ရှောက် ထောက်ပံ့ပေးဖို့ အတည်ပြုဆုံးဖြတ်လိုက်ကြတယ်။ 

ဒါကြောင့်မို့ ဒီနေ့ကစပြီးတော့ အဖွားကို သားတို့အသင်းဝင်တွေ အားလုံးရဲ့ အဖွားတစ်ယောက်၊ မိဘတစ်ယောက်အနေနဲ့ စောင့်ရှောက်ခွင့်လေးပြုပေးပါနော်”လို့ပြောတဲ့ စကားသံလေး အဆုံးမှာ ဖွားစီမျက်ဝန်းအိမ်ထဲမှာ မိုးတွေရွာလာခဲ့တယ်။  “မငိုပါနဲ့ အဖွားရယ် ... ၀မ်းမနည်းပါနဲ့တော့ ။ ကြေကွဲဝမ်းနည်းစရာ ၊ အဖော်မဲ့အထီးကျန်ဆန်စွာ တစ်ယောက်ထဲဖြတ်သန်းခဲ့ရတဲ့ ပူပြင်းတဲ့နေ့ရက်ရှည်တွေကို ဒီနေ့ပဲ ကျောခိုင်းနှုတ်ဆက်လိုက်ပြီလို့ စိတ်ထဲမှတ်ယူလိုက်ပါအဖွားရယ် ... အဖွားရဲ့ဘ၀မှာ လိုအပ်နေတဲ့ မြေးလေးတွေလို့ သားတို့ကိုသဘောထားပေးပါ။ 

အဲဒီလိုပဲ သားတို့အတွက်လည်း ရာသက်ပန်စောင့်ရှောက်ထောက်ပံ့ခွင့်ရတဲ့ ဘိုးဘွားတစ်ဦး လို့ပဲ မှတ်ယူလိုက်ပါရစေ။ အဖွားမွေးတဲ့ သွေးသားရင်းချာ မြေးလေးတွေမဟုတ်ပေမယ့်လည်း ဘ၀တစ်ခုခုမှာ ဆွေမျိုးတော်စပ်ခဲ့တဲ့ မြေးတွေ၊သားတွေဖြစ်မှာပါဗျာ”လို့ နှစ်သိမ့်အားပေးစကားပြောနေကြတဲ့ လူငယ်လေးတွေရဲ့ မျက်နှာလေးတွေကလည်း သွေးသားအရင်းအချာနှယ် ချစ်စဖွယ်လေးတွေ ... ။
ဖွားစီထံသို့ ( ဇွန်လ - ၂၀၁၂ ) လစဉ် ထောက်ပံ့ကြေး တစ်သောင်းကျပ် နှင့်
ဆေးဝါးဓါတ်စာများပေးအပ်လှူဒါန်းခဲ့ကြပြီး ၊ အသင်းဝင်လူငယ်လေးတွေက တစ်ဦးချင်းကိုယ်စီကိုယ်ငှ မိတ်ဆက်ခဲ့ကြတယ်။ လူငယ်လေးတွေတန်မယ့် ရည်မွန်ပျူငှာပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းကြတာကြောင့် ခဏတာအတွင်းမှာ ဖွားစီနဲ့ ချစ်ခင်ရင်းနှီးခင်မင်ခဲ့ကြတယ်။

အဲဒီနောက်ပိုင်း နေ့ရက်တွေမှာ ဖွားစီဘ၀ရဲ့ ၀မ်းနည်းကြေကွဲ ၊ ခါးသီးဖွယ်ရာ နေ့ရက်များ အစိတ်စိတ်အမွှာမွှာ ကွဲကြေ လွင့်ပျောက်ခဲ့ရတယ်။ သွေးမတော် သားမစပ် သူစိမ်းတစ်ရံဆံ ကလေးတွေရဲ့ နူးညံ့တဲ့ အကြင်နာ ၊ မေတ္တာတရားတွေ အောက်မှာ ဖွားစီဘ၀မှာ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ မိသားစုဘ၀လေးကို ရရှိပိုင်ဆိုင်ခဲ့ရတယ်။ နေ့တွေလပြောင်း ၊ လတွေနှစ်ဟောင်းလို့ တစ်နေ့ထက်တစ်နေ့ တိုးရစ်လို့ သံယောဇဉ်ပိုမိုခဲ့ကာ မိသားစုအရင်းအချာသဖွယ် Save The Aged က လူငယ်လေးတွေနဲ့ ဖွားစီမှာ မိသားစုပမာဖြစ်လာခဲ့တယ်။ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်းမှ အသင်းဝင် လူငယ်လေးတွေက တစ်ပတ်တစ်ခါ တနင်္ဂနွေ ရုံးပိတ်ရက်လေးတွေတိုင်း ဖွားစီထံ လာရောက်လို့ အိမ်တိုင်ရာရောက် ဘိုးဘွားစောင့်ရှောက်ရေးများ ပြုလုပ်ပေးခဲ့ကြတယ်။ 

တစ်ခါတစ်ခါမှာ ချစ်စဖွယ် လူငယ်လေးတွေရဲ့ အပြောလေးက ဖွားစီရင်ကို အေးမြလို့ အပြုံးတွေဝေရပါသေးတယ်။ “အဖွား ... သားသမီးမွေးလို့ ကလေးတွေရ ၊ မြေးတွေရရင်တောင်မှ အလွန်ဆုံး ငါးယောက်၊ခြောက်ယောက်လောက်ပေါ့။ အဲဒီထဲမှာမှ အဖွားကိုချစ်တဲ့မြေး ၊ အဖွားကချစ်ရမယ့်မြေးအလိမ္မာလေး တွေဆိုတာ (ပါကောင်း ပါခဲ့ရင်တောင်မှ)မနည်းရွေးရဦးမှာ။ အခုဆို အဖွားမှာ မြေးက လေး၊ငါး၊ခြောက်ရာ မကဘူး။ထောင်ကျော်ရှိတယ်ဗျာ”ဆိုတဲ့ အပြောချိုချိုလေးတွေကလည်း ဖွားစီရင်ကို ဆွဲဆွဲလှုပ်ကိုင် နိုင်ခဲ့တာပေါ့။


စားဝတ်၊နေရေးသာမက လူမှုရေး၊ကျန်းမာရေးနဲ့အတူ အခြားလိုအပ်မှုအထွေထွေတွေကိုလည်း ဖြည့်စွက်ပေးခဲ့တဲ့ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းမှ လူငယ်လေးတွေဟာ ဖွားစီအတွက်တော့ ကျေးဇူးရှင်လေးတွေပါလို့ စိတ်ဝယ်တွေးလို့ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးချိန်တိုင်းမှာ အသက်အငယ်ဆုံးအဖွဲ့ဝင်လေးမှအစ ၊ အသက်အကြီးဆုံးအဖွဲ့ဝင်ကြီးတွေအထိ ၊ အလှူရှင်များမကျန် ၊ လုပ်အားပေးများအပါ ၊ ကူညီထောက်ပံ့ပေးသူမှန်သမျှကို ဆုတောင်းမေတ္တာပို့သပေးခဲ့တာ နိစ္စဓူဝဆိုသလိုပေါ့ ... ။ နှစ်ပြောင်း ၊ လရှည် ကြာခဲ့လေတော့ ... ထောက်ပံ့ကြေးလေးတွေ မှာလည်း တစ်သောင်းကျပ်ကနေ တစ်သောင်းခွဲ ၊ တစ်သောင်းခွဲကနေ နှစ်သောင်း ၊ နှစ်သောင်းကနေမှ ယခု သုံးသောင်းကျပ်စီ ရရှိခဲ့သည်အထိ ... နေ့စဉ်နေ့စဉ် စိတ်ဘ၀င်မှာ အသင်းဝင် လူငယ်လေးတွေ၏ ကျေးဇူးတရားကို ရင်တွင်းလှိုက်လှိုက် အောက်မေ့ပီတိဖြစ်ခဲ့မိတယ်။

အမြဲလိုလို ရောက်လာတတ်ကြတဲ့ အသင်းဝင်လူငယ်လေးတွေဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက်များသာမကဘဲ တစ်ခါတစ်ရံ ရုံးဆင်းချိန်များတွင်ပါ ရောက်လာတတ်ကြပြီး ဖွားစီရဲ့အိမ်ကျဉ်းလေးထဲမှာ ၀ိုင်းဖွဲ့ချက်ပြုတ်စားသောက်ကြပြီးမှ ပြန်သွားတတ်ကြတယ်။ နောက်ပြီး ဖွားစီ ဘ၀င်ခိုက် အသည်းထိတာလေးတစ်ခုရှိသေးတယ်။ သူတို့လေးတွေမှာ ဘယ်လောက်ပဲ အရေးကြီးကိစ္စရှိလို့ ပြန်သွားကြစေကာမူ ဖွားစီကို ရှိခိုးကန်တော့ပြီးမှသာ နှုတ်ဆက်ထွက်ခွာတတ်ကြတယ်။

ဒီလိုယဉ်ကျေးလိမ္မာပြီး ဂရုစိုက်ကြင်နာတတ်ကြတဲ့ Save The Aged အသင်းဝင်လူငယ်လေးတွေဟာ ဖွားစီရဲ့နှလုံးသားထဲမှာ တစ်စိတ်တစ်ဒေသအဖြစ်သာမကတော့ဘဲ အတွင်းနက်နက်ထဲထိကိုပါ အသည်းစွဲတိုးဝင်နိုင်ခဲ့တယ်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သူတို့လေးတွေ ရောက်လာတတ်ကြတာကိုသိလို့ တတ်နိုင်တဲ့အားလေးနဲ့စားဖွယ်ရာလေးတွေ အသင့်ပြင်ဆင်စောင့်မျှော်နေတတ်လေရဲ့။ သူတို့လေးတွေကလည်း ဖွားစီအတွက် စားဖွယ်ရာဓါတ်စာလေးတွေနဲ့အတူ တစ်ပတ်တစ်ခါ လာရောက်ကန်တော့တတ်ကြတယ်။

 မြေးအဖွား အရင်းအချာပမာ ဖွားစီနဲ့သူတို့လေးတွေကြားက သံယောဇဉ်ဟာ တဖြေးဖြေး ပိုမိုခိုင်မာလာခဲ့တယ်။ တစ်ခါတစ်လေ သူတို့လေးတွေမချာ သနားစရာ … ဟိုးအဝေးကြီး သန်လျင်လို၊ပဲခူးလို မြို့တွေမှာလုပ်တဲ့ လစဉ်အလှူတွေကအပြန်ဆိုရင်တောင်မှ ဖွားစီကိုတွေ့ချင်လွန်းအားလေးနဲ့ ညနေ စောင်း ၊ မိုးချုပ်နေပါစေ Taxi လေးငှားလို့ ဖွားစီဆီရောက်လာတတ်ကြတယ်။ တနင်္ဂနွေနေ့တိုင်းအစဉ်အလာမပျက် ဖွားစီဆီကိုရောက်လာတတ်ကြတဲ့ သူတို့လေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့အကျင့်လေးကိုလည်း ဘ၀င်တွေ့ အသည်းခိုက်ရပြန် ပါတယ်။ ဖွားစီဘ၀မှာ Save The Aged အသင်းကြောင့် အရာရာအပြောင်းအလဲတွေနဲ့ကြုံဆုံခဲ့ရတယ်။ တစ်လောလေးက အရေပြားဗိုင်းရပ်စ်ပိုးကူးစက်ရောဂါနဲ့ ဖွားစီနေမကောင်းဖြစ်တော့လည်း သူတို့လေးတွေ ရုံးဆင်းချိန်တွေ အပြေးအလွှားလာကြ ၊ အထူးကုတွေနဲ့ ရက်ချိန်းပုံမှန်ပြပေးကြနဲ့ သွေးသားအရင်းချာထက်တောင် ပိုမိုလို့ဂရုစိုက်တတ်ကြပါ သေးတယ်။

 ဖွားစီလိုပဲ အခြားသော ဘိုးဘွားတွေကိုလည်း Save The Aged မှ စောင့်ရှောက်ထောက်ပံ့လိုက်ပြီဆိုတာနှင့် ထိုဘိုးဘွားတို့၏ လူမှုရေး ၊ ကျန်းမာရေး ၊ စားဝတ်နေရေးအထွေထွေကိုသာမက ဘ၀ချုပ်ငြိမ်းလို့ ကွယ်လွန်ဆုံးပါး ခဲ့ရင်တောင် အစစအရာရာ အလုံးစုံတာဝန်ယူပေးထားပါတယ်။ ကျန်းမာရေးမကောင်းသည့် ဘိုးဘွားဆေးရုံတက်ရရင်လည်း အသင်းဝင်များကိုယ်တိုင်ကိုယ်ကျ ဆေးရုံစောင့်ပေးကြခြင်း ၊ နေထိုင်ရေးမကောင်းသည့် ဘိုးဘွားနေထိုင်အိမ် ပြုပြင်ရန် အတွက်လည်း အသင်းဝင်များ ကိုယ်တိုင်ကိုယ်ကျ အားတက်သရော ၀ိုင်းဝန်းပြင်ဆင်ခြင်းများဖြင့် လုပ်ဆောင်ပေးတတ် ကြပါတယ်။ ဖွားစီတစ်ယောက် မှောင်မည်းမည်း အိမ်ကျဉ်းလေးထဲမှာ ဘ၀ကို တစ်ယောက်ထဲ အထီးကျန်အဖော်မဲ့စွာ ဖြတ်သန်းရတော့ မယ်လို့ စိတ်ထင်ထားခဲ့မိတာတွေ အားလုံး လွဲမှားသွားတယ်။

ဒီလိုပဲ Save The Aged အသင်းရဲ့ကောင်းမှုကြောင့် ရဟန်းအမလည်းဖြစ်ခွင့်ရခဲ့တယ်။ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းရဲ့ ကိုယ်စားမိဘတွေကိုအမှူးထားပြီး ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတွေ ဖြစ်ခွင့်ရနိုင်ဖို့ သင်္ကြန်တွင်းကာလမှာ ဒုလ္လဘ ၊ ရဟန်းခံ ၊ ရှင်ပြု အလှူတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ကိုယ့်ရင်မှမွေးတဲ့သားသမီးမရှိလို့ပဲဖြစ်ဖြစ် ၊ ငွေကြေးအင်အားမတတ်နိုင်လို့ပဲဖြစ်ဖြစ် … လုပ်ခွင့်မရနိုင်ခဲ့တဲ့အလှူကို Save The Aged အသင်းသားလေးတွေကြောင့် လုပ်ခွင့်ရခဲ့တယ်။ကုသိုလ်ယူနိုင်ခဲ့တယ်။ အဲဒီနေ့ကဆိုရင် ဖွားစီနဲ့ထပ်တူထပ်မျှ ကျန်တဲ့ဘိုးဘွားတွေလည်း ကြည်နူးဝမ်းသာပီတိဖြစ်ရမယ်လို့ ဖွားစီယုံကြည်တယ်။

အသင်းသားလူငယ်လေးတွေရဲ့ လစဉ်အလှူတွေမှာလည်း အလျဉ်းသင့်သလို ဖွားစီတို့ပါဝင်တက်ရောက်ခဲ့တယ်။ Save The Aged ရဲ့ လစဉ်အလှူတစ်ခုအနေနဲ့ ပဲခူးတိုင်းအတွင်းကနွမ်းပါးချို့တဲ့တဲ့ကျးရွာငယ်လေးမှာ အလှူလုပ်တော့လည်း ပဲခူးမြို့တစ်ခွင် စုံစုံလင်လင် ဖွားစီတို့ကို ဘုရားဖူးပို့ပေးခဲ့တယ်။ ထို့အတူပဲ အောက်တိုဘာလမှာဆိုရင် ၀ါကျွတ်ကန်တော့ပွဲ ၊ ဧပြီလ သင်္ကြန်တွင်းအခါသမယမှာဆိုရင် ဘိုးဘွားကန်တော့ပွဲ/ဒုလ္လဘ၊ရဟန်းခံရှင်ပြုပွဲ ၊ ၀ါဆိုလအချိန်အခါမှာလည်း ဘိုးဘွားများအမှူးထားပြီး ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ … စတဲ့ ပွဲမျိုးအသွယ်သွယ်နဲ့ ကိုယ်စားမိဘဘိုးဘွားများမှာလည်း ပွဲလယ်တင့်ခဲ့ရပါတယ်။ ဒါတွေသာမကဘဲ ဖွားစီတွယ်တာရတဲ့ မြေးငယ်လေးတွေရဲ့ကောင်းမှု စေတနာကြောင့် ဖွားစီရဲ့အဖီအိမ်လေး မှာလည်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့တယ်။ ပြန်လည်ပြုပြင်ဖို့အတွက် ကုန်ကျငွေကိုလည်း သူတို့ ပိုက်ဆံလေးတွေထဲ ကနေ စိုက်ထုတ်လှူဒါန်းပေးခဲ့ကြတယ်။ 

ဒီလောက်ချစ်ဖို့ကောင်းတဲ့မြေးငယ်လေးတွေကို ဖွားစီမှ အခင်မင်ပိုတွယ်တာလွန်းသလို … သူတို့လေးတွေကလည်း ဘယ်သွားသွား ဘာစားစား ဖွားစီအတွက်ဆိုပြီး ရည်မှန်း ယူဆောင်လာတတ်ကြပါတယ်။ နွယ်ပင်၊မြက်ပင်လေးတွေတောင်မှ အရောဝင်၊တွယ်တာရင် သံယောဇဉ်ဖြစ်တတ်ကြ သေးတာ … ဖွားစီလည်း လူသားပီပီ သွေးသားနှလုံးသားနဲ့ခံစားပြီး သူတို့လေးတွေအပေါ်မှာ သံယောဇဉ်ကြီးမားလာခဲ့တယ်။

မြေးငယ်လေးတို့ရဲ့ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းဟာလည်း တစ်နှစ်ထက်တစ်နှစ် ၊ ပိုပိုပြီး သက်တမ်းရင့်လာတာနဲ့အမျှ အသင်းဝင် လူငယ်လေးတွေရဲ့လုပ်ငန်းဆောင်တာတွေမှာ ပိုမိုပြီး များပြားလာခဲ့တယ်။ ဖွားစီတို့လို ခိုလှုံရာမဲ့ အပြစ်မဲ့အပယ်ခံ ဘိုးဘွားတွေအားလုံးကို တစ်စုတစ်ဝေးတည်း ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းဖြင့် အရှေ့ဒဂုံမြို့နယ်၊ (၁၄၆)ရပ်ကွက် ၊ အမှတ်(၁၂၅၈ / ၁၂၅၉) ပေ ၄၀ x ပေ ၆၀ ၊ မြေနှစ်ကွက်တွဲ မြေအကျယ်အ၀န်း ပေ ၈၀ x ပေ ၆၀ မှာ Save The Aged ဘိုးဘွားရိပ်သာလေးအဖြစ် အနာဂတ်ပန်းတိုင်တစ်ခုကို ထုဆစ်ခဲ့ကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ရုပ်လုံးပေါ် ပြီးစီးတော့မယ့် ခမ်းနားတင့်တယ် ကျက်သရေရှိလှမယ့်အဖြစ်ကို ပုံဖော်တွေးမြင်ရင်း ပီတိအပြုံးတွေနဲ့အတူ မျက်ဝန်းမှာ မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ အသင်းဝင်သားသမီးလေးတွေဆောက်လုပ်ပေးမယ့် အသင်းပိုင် ရိပ်သာလေးမှာ တရားအလုပ်အားထုတ်ရင်း ၊ ဘ၀တူ ညီအမတွေနဲ့ချစ်ခင်ရင်းနှီးစွာ သက်ဆုံးသည့်တိုင် နေသွားကြရမယ့် ငြိမ်းအေးတော့မယ့် ရှေ့ရေးကိုမျှော်တွေးရင်း အပြုံးတွေလည်းဝေဖြာခဲ့တယ်။ မြေးငယ်လေးတွေရဲ့ ရိပ်သာလေး အမြန်ဆုံးပြီးမြောက်ပါစေလို့လည်း နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးတဲ့အခါ တစ်ခုအပါအ၀င် ဆုတောင်းတတ်လာခဲ့တယ်။

ဖွားစီတစ်ယောက် နှစ်ပေါင်း ၄၀ ကျော်ကြာ ငိုခဲ့ရတဲ့နေ့တွေ ၊ အထီးကျန် ၀မ်းနည်း ၊ အားငယ်သိမ်ငယ် လာခဲ့ရတဲ့နေ့တွေ … အမှောင်ဆုံးသော ညနက်တွေထဲမှာ တစ်ယောက်ထဲဖြတ်သန်းခဲ့ရတဲ့ အပူဆုံးနေ့ရက်ရှည်တွေ ပျောက်ကွယ်ဆိတ်သုဉ်းလို့ သူမမျက်ဝန်းမှာ မျက်ရည်တွေ ကျခဲ့ဖူးတယ်ဆိုတာ အခုအချိန်ပြန်ပြောရင် ဘယ်သူမှ ယုံနိုင်မယ်မထင်တော့ဘူး . . . ။

လူချင်းတူတာတောင်
သူတို့က ပို၍ ကိုယ်ချင်းစာတတ်တယ် ...
လက်ချင်းတူတာတောင်
သူတို့က ပို၍ ကြင်နာတတ်တယ် ...
နှလုံးသားချင်းတူတာတောင်
သူတို့က ပို၍ စာနာတတ်တယ် ...
ဦးနှောက်အသိဥာဏ်ချင်းတူတာတောင်
သူတို့က ပို၍ သနားတတ်တယ် ...
ရဲရင့်တာခြင်းတူတာတောင်
သူတို့က ပို၍ သတ္တိရှိရှိလုပ်နိုင်ကြတယ် ...
လူထဲကလူ အတူတူပေမယ့်
ကိုယ်ချင်းစာတတ်သော လက်
ကရုဏာထားနိုင်သော စိတ်ထား
မေတ္တာထားနိုင်သော နှလုံးသား
လုပ်နိုင်ခဲ့လေသော နှလုံးသားများနဲ့
ဂုဏ်ယူပါတယ် … အသင်းဝင်တို့ရယ်
ဟိုအရင်က
သူမ မျက်ဝန်းမှာ မျက်ရည်တွေကျခဲ့ဖူးတယ်ဆိုတာ
ဒဏ္ဍာရီဆန်ဆန်မှတ်ထားလိုက်ကြပါကွယ် . . . ။
(19.12.2013)
မိုးစွတ်နေ
အမာခံ မန်ဘာ
Save The Aged ( ရန်ကုန် )

“Save The Aged (၄)နှစ်ပြည့် အမှတ်တရ ညနေပွဲ”(4.1.2014)

Save The Aged (၄)နှစ်ပြည့် အမှတ်တရ ညနေပွဲ”(4.1.2014)

Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတအသင်း (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၏ မနက်ပိုင်းအလှူပွဲကို အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား (အေးချမ်းအောင်မြင်ငွေကျောင်း)မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၊ ညနေပိုင်း
ပျော်ပွဲရွှင်ပွဲ ကိုတော့ Save The Aged ၏ ဘူမိနတ်သံ နေရာအမှန်ဖြစ်တဲ့ IDEA Café ခြံဝန်းအတွင်း(ရေတာရှည်လမ်းဟောင်းထိပ်၊
ရွှေဂုံတိုင်)မှာ ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။

ထိုသို့ ညနေပိုင်း ပျော်ပွဲ၊ရွှင်ပွဲလေးပြုလုပ်ရခြင်းမှာ . . . တစ်နှစ်တာလုံး အသင်းပရဟိတ လှုပ်ရှားမှုများနှင့်အတူ လူကြီးဆန်ဆန်
လုပ်ကိုင် နေထိုင်ခဲ့ရတဲ့ အသင်းဝင် ညီအကိုမောင်နှမများ ဒီရက်မှာတော့ အရာအားလုံးကိုဖွင့်ဖောက်ထုတ်လို့ လွတ်လပ်စွာ ကစားစေနိုင်ရန်ဆိုတဲ့ အတွေးကောင်းလေးများ ၊ ဥာဏ်စမ်းပဟေဠိ အစီအစဉ်တွင်လည်း Save The Aged ၏ အကြောင်းကို အသင်းဝင်များကော အသင်းဝင်မဟုတ်သူများပါ ပြန်လည် မှတ်မိနေစေရန် ဆိုတဲ့ ရည်ရွယ်ချက်ကောင်းများ ၊ ပျော်ပွဲ ၊ရွှင်ပွဲ ဂိမ်းကစားနည်းလေးများတွင်လည်း အသင်းလိုက်၊အဖွဲ့လိုက် ကစားရသော ကစားနည်းများကြောင့် Save The Aged ညီအကိုမောင်နှမများမှာ တစ်ဦး အပေါ် တစ်ဦး အပြန်အလှန်နားလည်မှုကို အခြေခံလို့ အစုအသင်းစိတ်ဓါတ်ဖြင့် လုပ်တတ်၊ ကိုင်တတ်ကြရန် ဆိုတဲ့ ရည်ရွယ်ချက်ကောင်းလေးများဖြင့် ကျင်းပပြုလုပ်ခဲ့ရကြခြင်းဖြစ်ပါတယ်။

Save The Aged (၄)နှစ်ပြည့် ညနေခင်း ပျော်ပွဲ၊ရွှင်ပွဲ အခမ်းအနားလေးအတွက် ကျွန်တော်တို့ ညီအကိုမောင်နှမတွေ ညနေ၄နာရီလောက်မှာကတည်းက Idea Café ခြံဝန်းလေးထဲမှာ ခြေချင်းရှုပ်လို့ ပွဲလေးစတင်ဖို့ရာ ပြင်ဆင်နေခဲ့ကြပါတော့တယ်။ ညနေပွဲ တက်ရောက်လိုသူများအတွက် Cupon တစ်စောင် ( 3000/-Ks ) နှုန်းဖြင့် စီစဉ်ထားခဲ့ရာ အဖွဲ့ဝင် ညီအစ်ကိုမောင်နှမများ လူအယောက် ၅၀ ကျော်လောက် တက်ရောက်ခဲ့ကြပြီး ညနေပိုင်းပွဲ ပျော်စရာ၊ရွှင်စရာ ကဏ္ဍအသွယ်သွယ်ကို ခိုင်ကြီး ၊ နောင်ရိုး ၊
မေဖူး တို့မှ မမောနိုင်၊မပန်းနိုင်အောင် ဒိုင်ခံတင်ဆက်သွားပေးခဲ့ပါတယ်။

ညနေ ၆ နာရီလောက်မှာ တက်ရောက်လာကြသော ညီအကိုမောင်နှမများ … တစ်ဦးကိုတစ်ဦး အပြန်အလှန် မိတ်ဆက်လို့ … ညနေပိုင်းပွဲလေးကို စတင်ခဲ့ကြပြီး ညနေ ၆ နာရီခွဲ အချိန်လောက် မှာတော့ Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ကိတ်မုန့်လေးကို လှီးခွဲမယ့် အစီအစဉ် ဖြစ်ပါတယ်။ ကိတ်မုန့်ကြီးကို ကိုရီးမှ အစချီလို့ အသင်းဝင်သစ်များအထိ တိုင်အောင် STA(၄)နှစ်ပြည့် အမှတ်တရ ကိတ်ကြီးကို အားပါးတရ လှီးခွဲခဲ့ကြပါတယ်။ အစိတ်အစိတ်အပိုင်းပိုင်းအဖြစ် ကွဲထွက်သွားတဲ့ ကိတ်မုန့်ကြီးကိုကြည့်ပြီး ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာ Save The Aged အတွက် ခံယူဖြစ်တည်ထားတဲ့ ယုံကြည်ချက်တွေ ၊ နားလည်မှုတွေ ၊ သဘောထားတွေ (ဘယ်သောအခါမှ)မကွဲလွဲမပျောက်ပျက်ကြေး . . . မတူတာတွေ ဘေးဖယ်လို့ တူတာလေးတွေနဲ့ ရှေ့ဆက်ကြကြေး . . . ။

ဒီလို အားပါးတရ လှီးခွဲခဲ့ကြတဲ့ STA (၄)နှစ်ပြည့် အမှတ်တရ ကိတ်မုန့်ကြီးကို Save The Aged ညီအစ်ကိုမောင်နှမတွေ အချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့် STA(၃)နှစ်ပြည့် ကိတ်မုန့်ကို ခွံ့ကျွေးခဲ့ကြ ပါတယ်။

အဲ့ဒီနောက်မှာ ဥာဏ်စမ်းပဟေဠိ အစီအစဉ်လေး စတင်ပါတော့တယ်။ ခိုင်ကြီး ၊ မေဖူး ၊ နောင်ရိုးတို့မှ Save The Aged နှင့် သက်ဆိုင်သော မေးခွန်းလေးတွေမေးပါတယ်။ အလျင်မြန်ဆုံးနဲ့ အမြန်ဆုံး ဖြေဆိုနိုင်သူတွေကို အမှတ်တရ ဆုလက်ဆောင်
လေးတွေ ပြန်လည်ချီးမြှင့်ခဲ့ပါတယ်။

ဥာဏ်စမ်းပဟေဠိအစီအစဉ်ပြီးတဲ့အခါမှာတော့ Save The Aged အသင်းဝင်တွေအားလုံးနှင့်တကွ တက်ရောက်လာကြသော ညီအကိုမောင်နှမများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရမယ့် ဂိမ်းကစား နည်းလေးတွေနဲ့ ဆက်လက်ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီလို အစီအစဉ်လေးက Save The Aged (၁) နှစ်ပြည့် နဲ့ (၃)နှစ်ပြည့်တုန်းကလည်း ကျင်းပခဲ့ဖူးပါတယ်။

အားလုံးလည်း ပြန်လည်မှတ်မိနေကြသလို ပြန်တွေးမိတိုင်းလည်း တွေးတသသ ကြိတ်မနိုင်၊ခဲမရနဲ့ အရသာရှိနေခဲ့ကြရတာပါပဲ။ ဂိမ်းကစား နည်းလေးတွေ ကစားတဲ့အခါမှာလည်း အစုအဖွဲ့ခွဲပြီး ကစားစေမှာဖြစ်တဲ့အပြင် ဆုရတဲ့အဖွဲ့ကိုလည်း အမှတ်တရ လက်ဆောင်လေးတွေ ပေးသွားဦးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ တက်ရောက်လာကြသူ အားလုံးကို Group(၃)ခု ခွဲ၍ ယှဉ်ပြိုင်
ကစားကြရမှာ ဖြစ်ပါတယ်။ Group(A) ၊ Group(B) ၊ Group(C) ဖြင့် Group တစ်ခုတွင် လူအင်အား ၁၄ ယောက်ခန့် ပါဝင်ခဲ့ကြပါတယ်။

ကစားနည်းများ ကစားကြရာ အဖွဲ့လိုက် အပိန်အယှဉ်နိုင်ဆုံး ကစားနည်း ၊ အဖွဲ့လိုက် ပေါင်ကားအကျယ်ဆုံး ကစားနည်း ၊ အဖွဲ့လိုက် နံပါတ်စဉ်ရေတွက် ကစားနည်း ၊ အဖွဲ့လိုက် ဂေါ်လီလုံးသယ် ကစားနည်း ၊ အဖွဲ့လိုက် မုန့်အမြန်စား ကစားနည်း ၊ အဖွဲ့လိုက် ပစ္စည်းအစုနိုင်ဆုံး ကစားနည်း … တို့ဖြင့် ကစားနည်း (၆)မျိုး ကစားခဲ့ကြရာ (၃)ဖွဲ့လုံး အမှတ်တူ (၁၂)မှတ်စီ သရေဖြစ်နေခဲ့
ပါတယ်။ နောက်ဆုံးပိတ် ကစားနည်း တစ်ခုအနေဖြင့် အသံရှည်အော် ကစားနည်း ထပ်မံကစားခဲ့ကြရာ “Save The Aged”ကို အသံရှည် ဆွဲ၍ အော်နိုင်ဆုံး Group (B) ဖြစ်ခဲ့ပြီး အနိုင်ရ ဗိုလ်ဆွဲခဲ့ပါတယ်။ Group(B) - ပထမ ၊ Group(A) - ဒုတိယ ၊
Group(C) - တတိယဖြင့် အဖွဲ့လိုက် အသီးသီး ဆုလက်ခံရယူခဲ့ကြပါတယ်။

အထူးအစီအစဉ်သစ်တစ်ရပ်အနေနဲ့ Save The Aged (၄)နှစ်ပြည့် ညနေပွဲကို ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲပေးကြတဲ့ အသင်းဝင်၊ဧည့်သည်များ အားလုံးအတွက် ဂိမ်းကစားနည်း တစ်ခုပြီးတိုင်း ဗလာမပါ (ပစ္စည်းကောင်းကောင်းများကို) ကံစမ်းမဲများဖောက်ပေးသွားခဲ့ပါတယ်။
ဂိမ်းကစားနည်းများပြီးတဲ့အခါမှာတော့ အသင်းဝင်ညီကိုမောင်နှမများအားလုံးပါဝင်ခွင့်ရှိတဲ့ အမှတ်တရ လက်ဆောင်
လဲလှယ်မယ့် Gift Exchange အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးအတွက် ညနေပွဲသို့ တက်ရောက်လာကြတဲ့ ညီအကိုမောင်နှမများမှာ တန်ဘိုးငွေ ၃၀၀၀ ကျပ်မနည်း (မိမိတို့ကိုယ်တိုင်) စီစဉ်လာတဲ့ လက်ဆောင်လေးများကို မဲနှိုက်၍
ကျရာလူနှင့် အပြန်အလှန် လဲလှယ်မယ့် အစီအစဉ်လေးပါ။ ဒီအစီအစဉ်လေးဟာဆိုရင် အဖွဲ့ဝင် ညီအစ်ကို မောင်နှမတွေ အချင်းချင်းရင်းနှီး ချစ်ခင်စေရန် ရည်ရွယ်ချက်ဖြင့်စီစဉ်ထားခြင်းဖြစ်သလို၊အဖွဲ့ဝင်တွေကြားတစ်ယောက်အပေါ်တစ်ယောက်
၂၀၁၄ ခုနှစ် တစ်နှစ်တာလုံးမှာ မှတ်မှတ်ရရလေးတွေ စွဲထင်ကျန်ခဲ့စေလိုခြင်း ဖြစ်ပါတယ်။

ည ၉ နာရီခွဲ ကျော်လောက်မှာတော့ နောက်ဆုံးပိတ်အစီအစဉ်အဖြစ်  IDEA Café ရဲ့ အထူးလက်ရာ ခေါက်ဆွဲကြော်/ကြာဇံကြော် ၊ အချိုရည်များကို မြိန်ယှက်စွာစားသုံးကြရင်း Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပျော်ပွဲ၊ရွှင်ပွဲ အခမ်းအနားလေး အောင်မြင်၊ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါတော့တယ်။




မျှော်လင့်ချက်တွေထဲက ထိုးထွက်
အိပ်မက်တွေ အတူတူတွေမက်ခဲ့လိုက်တာ
ဘာလိုလိုနဲ့
(၄)နှစ်တောင် ပြည့်ခဲ့ပြီပေါ့ …


ကျေးဇူးတင်ထိုက်သူများ အားလုံးသို့

Save The Aged (၄)နှစ်ပြည့် ညနေပွဲလေး အထမြောက် အောင်မြင်အောင် ကိုယ်ရောစိတ်ပါ အားသွန်ခွန်စိုက် အပင်ပန်းခံ ကြိုးစားပေးခဲ့တဲ့ ခိုင်ကြီး ၊ ပွဲကျင်းပရန်အတွက် မြေနေရာ အသုံးပြုခွင့်ပေးသော Idea Café ပိုင်ရှင် ကိုလတ် ၊ အခမ်းအနားတွင် အသုံးပြုရန် အသံချဲ့စက်များ တပ်ဆင်ကူညီပေးသော ကိုမျိုးဝင်းနှင့်အဖွဲ့ ၊ အလှူငွေ ပံ့ပိုးကူညီပေးကြသော မမော်မော်အေး(Cyprus) ၊ မခင်စန်းဝင်း(Australia) ၊ မပပ(Singapore) ၊ အဂျင်း@မခိုင်ဇာ(Singapore) ၊ မစော@မယုတင်စောစော တို့နှင့်တကွ အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသော ညီအကို၊မောင်နှမများ ၊ STA(၄)နှစ်ပြည့် အမှတ်တရ အတွက် ကိတ်မုန့် Sponsor ပေးသော မခက်ခက်ဝင်းမင်း ၊ Lucky Draw အတွက် အသင်းတံဆိပ် T-Shirt (၁၅)ထည် Sponsor ပေးသော မငယ်ထွေး ၊ ညစာတည်ခင်းဧည့်ခံရန်အတွက် အချိုရည် (၅၀)ဗူး Sponsor ပေးသော မသိမ့်@မိုးသား ၊ ကံစမ်းမဲအစီအစဉ်အတွက် လက်ဆောင်များ ၀ိုင်းဝန်းထုပ်ပိုးပေးသော ခိုင်ကြီးသူငယ်ချင်း သဲမောင် ၊ ဥာဏ်စမ်းပဟေဠိအစီအစဉ် နှင့် အခြားပျော်ရွှင်စရာ အစီအစဉ်များအတွက် ၀ိုင်းဝန်းခေါင်းစား ခံခဲ့ရှာတဲ့ မေဖူး ၊ ပွဲစည်အောင် အရွှန်းဖောက်တတ်တဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်း နောင်ရိုး ၊ ရန်ကုန်ကို ရောက်တုန်းရောက်ခိုက် တစ်တပ်တစ်အား ၀ိုင်းဝန်းကူညီပေးခဲ့ရှာတဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်း ဖိုးသောကြာ ၊ (၄)နှစ်ပြည့် ညနေပွဲလေးသို့ တက်ရောက်လာသော အခြား ပရဟိတအဖွဲ့များမှ အဖွဲ့ဝင်များ ၊ Save The Aged ကို စိတ်ဝင်စား၍ လာရောက်လေ့လာကြသူများ အားလုံး အပါအ၀င် Save The Aged (၄)နှစ်ပြည့် ညနေပွဲလေး အထမြောက်ပျော်ရွှင်၊အောင်မြင်စေလိုကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ၀မ်းမြောက်ဝမ်းသာ စွာ ဒီနေရာလေးကနေ မှတ်တမ်းတင်လို့ဂုဏ်ပြုပြောကြားလိုက်ပါရစေ ။။။

((( ကျွန်တော် နာမည်တပ်၍ ကျေးဇူးတင်ရန် ကျန်ရှိနေခဲ့ပါကလည်း ခွင့်လွှတ်သည်းခံပေးကြပါရန်။ )))


လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  . . .


လေးစားစွာဖြင့် . . .
မိုးစွတ်နေ
အမာခံမန်ဘာ Save The Aged (ရန်ကုန်)
(၁၀.၁.၂၀၁၄)
သောကြာနေ့
ည ၁၀း ၀၀ နာရီ