Saturday, 9 April 2011

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၁ )"

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၁ )"

=====================

ရေပြင်ကို ခဲလုံးလေးပေါက်တော့

ပလုံ လို့  ကြားရ မ ပေါ့ …

“ဒါဟာ ရေအောက်ကြမ်းပြင်ကို

ထိခတ်လိုက်လို့  ထမြည်တဲ့အသံလေ”

………………………………………..

နင် ပြောရင် ငါယုံမယ် သူငယ်ချင်း

နင်ရယ်ပြီး ငါ့ကို ငတုံးလို့  ပြောပါ

ငါပြုံးရုံလေး ပြုံးပေးပါ့မယ် …

ရေပေါ်ကို ခဲနဲ့ ပေါက်လို့ 

ပလုံမြည်သံကြားတာ

သိပ်မဆန်းလှပေမယ့်

နင်ပြုံးရင် ငါ့စိတ်တွေ လန်းလို့ ပါ …

အရာရာ နားလည်နေရင်တောင်

နင့်ရှေ့ မှာ ငါဖားသူငယ်ပါပဲ

နင်ပြောသမျှ ယုံပြမယ် …

ငါယုံအောင် နင်မပြောပြပါနဲ့ 

နင်ပြုံးရင် ငါသဘောကျလို့ ပါ သူငယ်ချင်း …

ဘယ်အရာတွေကို

ဘယ်လို ဘယ်ဝါ ငါသိသိ

နင့်ရှေ့ မှာ အပလာ ငတိလေးသာသာ

နင်ပြုံးတာ ငါမြင်ချင်လို့ ပါ …

အရာရာကို နားလည်တတ်နေပါစေ

နင့်ရှေ့ မှာ ပညတ်ချက်တစ်ခုထားမယ်လေ

နင်ပြောတဲ့ ငပိန်း ၊ ငတုံး ဆိုတာ

ငါသာ အတည် ဖြစ်နေပါမည်

နင်ပျော်ရင် ငါသဘောကျသည် …

ပြုံးလိုက်ပါ သူငယ်ချင်းရယ်

ရယ်ပြီးပြုံးတဲ့ နင့်အလှကို

ငါ့ဘ၀မှာ ထာဝရ မြင်တွေ့ ပါရစေဟာ …

သူငယ်ချင်းဆိုတဲ့

ခေါင်းစဉ်တစ်ခုအောက်မှာ

ငါ နင့် ကို ချစ် တယ်

ငါ န င့်  ကို ချ စ် တ ယ်

နင့်ကို ငါ ထာဝရ ချစ်သွားပါရစေ … ။ ~ ။

♥MOESUTNAY♥

3.4.2011

( Sun: )

12:30 p.m.




Share

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၃ )"


"ကျွန်တော်နှင့် အဖြူရောင်လေး ( ၃ )"

=====================

ကန်ရေပြင်က အရိပ်ကလေးရယ်

သွဲ့ သွဲ့ လေးတိုက်တဲ့ လေညှင်းရယ်

ဖွဖွလေးပြုံးတဲ့ နင့်အပြုံးရယ်

ဒါဟာ (ငါ့အဖို့ တော့ )

ကမ္ဘာကျော် ပန်းချီကားတစ်ချပ်လို့

ငါပြောရင် ဘယ်သူ ယုံမလဲ . . . ။ ~ ။

♥MOESUTNAY♥

5.4.2011

( Tue: )

12 : 30 p.m.


Share

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၂ )"

"ကျွန်တော်နှင့် အဖြူရောင်လေး ( ၂ )"

======================



မျှော်လင့်ခြင်းတွေကို

တစ်စုံတစ်ရာ ပံ့ပိုးလို့ 

ဘယ်နတ်တန်ခိုးတွေရဲ့ 

အကူအညီနဲ့ များ

သူ နဲ့  ကျွန်တော် နီးလေသလား ... ။ ~ ။

♥MOESUTNAY♥

4.4.2011

( Mon: )

12:00 p.m.



Share

" (၁၅)ကြိမ်မြောက်ဆင်နွှဲခဲ့တဲ့ မရမ်းချောင်က STA အလှူပွဲ "


" (၁၅)ကြိမ်မြောက်ဆင်နွှဲခဲ့တဲ့ မရမ်းချောင်က STA အလှူပွဲ "

=========================================

20.3.2011 (တနင်္ဂနွေနေ့) ၌ SavetheAged မောင်နှမများ၏ (15)ကြိမ်မြောက် အလှူပွဲကို မရမ်းချောင် အနာကြီးရောဂါသည် စခန်းဂေဟာတွင် တတိယံမိ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ ပါ၏ ။

မင်္ဂလာနေ့ မြတ် ထိုနေ့ နံနက် ( ၈း ၀၀ ) မှာ လမ်း(၄၀)ထိပ်တိုကျိုဒိုးနပ်ရှေ့မှကားများ စတင်ထွက်ခွာပါတော့သည် ။

ဒီတစ်ခေါက်အလှူပွဲရဲ့  ထူးခြားမှုလေး မှာ … မရမ်းချောင် ဂေဟာ က ဘိုးဘွားများကို တင်ဆက်ကပြဖျော်ဖြေဖို့ အတွက် အငြိမ့် ၊ ဆိုင်းဝိုင်းများပါဝင် နေခြင်းပင် ဖြစ်ပါသည်။ ထို့ အတွက် ဆိုင်းဆရာနှင့်တူရိယာပစ္စည်းများ သယ်ဆောင် ယူငင်ရန် အတွက် ငှာ ကားတစ်စီးမှာ ကြည်မြင်တိုင်သို့ ခရီးနှင်၍ သွားရောက် ခေါ်ဆောင်နေကြပြီး … ကျွန်တော်တို့ စီးနင်လိုက်ပါလာသော ကျန်ကားတစ်စီးမှာတော့ … လမ်း(၄၀)ထိပ် တိုကျိုဒိုးနပ်ရှေ့ မှ တရဆက်ထွက်ခွာလာခဲ့ကြရာ … ( ၈)မိုင်တွင် ကားနှစ်စီး တစ်ထောက်နားကြပါသည်။ အငြိမ့်ကပြဖျော်ဖြေတင်ဆက် ပေးမယ့် Suboo Fanclub မောင်နှမများကဆိုင်းဝိုင်း တူရိယာများ တင်ဆောင် လာသည့် ဒုတိယကား နှင့် လိုက်ပါ လာကြ၍ ကျွန်တော်တို့ ရှေ့ ကားလေးတွင်(၈)မိုင်မှတက်ကာလိုက်ပါလာကြတဲ့ STA မောင်နှမများနှင့်စည်ကားစုံလင်စွာတပျော်တပင်ကြီး ဆက်လက်ထွက်ခွာ လာကြတာ … အချိန် အားဖြင့် မနက် (၉)နာရီလောက် ရှိပြီပေါ့ဗျာ ။ ဒီလိုနဲ့ ပဲ ( ၉း၄၀ )၌ လှည်းကူးဈေးရှေ့  မှာ ကားရပ်တစ်ထောက်နားလို့ , လိုအပ်သည်များ ဆင်းဝယ် ကြပါသေး တယ်။ ရွှေရင်အေး တိုက်ရာ လိုအပ်မယ့်အဆာပလာများ နှင့် ထုံးသင်္ကန်းကပ်လှူ ပူဇော်ရာမှာ လိုအပ်သည့် ထုံးပုံးများ၊ ဘုရားပန်းများ ၊ စတဲ့ … လိုအပ်တာ တွေကို စုံလင်အောင် ၀ယ်ဆောင် ပြီးနောက်ကျွန်တော်တို့တွေ ယာဉ်ပေါ်တက်လို့ကားလေးဆက်လက် ထွက်ခွာကြပြန် ပါသေးတယ် ။အဲ့ အချိန်ကတော့(၁၀း ၁၀)နာရီလောက် ရှိပြီပေါ့ဗျာ ။ ဒီလိုနဲ့ ပဲ ကားပေါ်မှာ ကားပေါ်မှာ SavetheAged သီချင်းသံတွေ ဆူလွင်ညံပြီး…တစ်ရွေ့ ရွေ့နဲ့ ကားလေး ထွက်ခွာ လာတာ လမ်းခရီး တစ်လျှောက်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စနောက် ကြရင်းပေါ့ ။ ဒီနေ့ အလှူပွဲကိုအသင်းသား အဖွဲ့ဝင်အသစ်တွေ များစွာလိုက်ပါလာတာ ကိုလည်းအားရ ၀မ်းသာဖွယ် တွေ့ မြင်ရပါတယ် ။ မရမ်းချောင် မရောက်ခင်လေး ခရီးတစ်ဝက်မှာတော့ ကိုကျီးကန်းက စကားအနည်းငယ် ကားလေးပေါ်ဝယ် ပြောကြားခဲ့ပါသေးတယ် ။ ကျွန်တော် တို့ အခု သွားမယ့်နေရာက အနာကြီးရောဂါသည်တွေ နေတဲ့နေရာဆိုပေမယ့် သူတို့ မှာ ရောဂါတွေမရှိသလောက် ဖြစ်နေပါပြီ ။ အပြစ်မဲ့ အပယ်ခံဖြစ်နေတဲ့ သူတို့ ဘ၀လေးတွေကို ကျွန်တော်တို့ ရဲ့ တစ်နေ့တာပိုင်ဆိုင်ချိန် များကို ပေးဆပ်ကြရင်း ၊ ကြင်နာပြကြလို့ ကိုယ့်အမိ ၊ ကိုယ့်အဖ သဖွယ်သဘောထားပေးကြပါ။ တကယ်လို့  စိတ်ထဲမသိုးမသန့် ဖြစ်လို့  ထိန်းမရ ၊ ပြုမရဖြစ်သည့် အမူအရာများ မပြကြ ၊ မပြုကြမိစေရန် နဲ့ ကျွန်တော်တို့ ရဲ့ အမူအရာ တွေကြောင့် ဘိုးဘွားတို့ရင်တွင်း နာကျင်ခြင်းတွေ မဖြစ်ကြစေရန် အထူးမေတ္တာရပ်ခံလို့  ပြောကြားခဲ့တာလေးတွေလည်း ပါသေးတာပေါ့ဗျာ ။မနက်( ၁၀း ၃၅ )နာရီမှာ ဆိုရင် တော့ ကျွန်တော်တို့ကားတွေမရမ်းချောင် အနာကြီးရောဂါသည် စခန်းဂေဟာ လေးထဲကို ဆိုက်ဆိုက် မြိုက်မြိုက်ကြီးရောက်ရှိ လို့ ပေါ့ဗျာ … ။ မရမ်းချောင်မှဘိုးဘွား တစ်ချို့ က ကျွန်တော်တို့ ကို ထွက်လို့ … စီးကာကြိုနေကြပါသေးတယ်။

SavetheAged မှလှူဒါန်းထားတဲ့ ဆွယ်တာလေးများကို ၀တ်ဆင်ထားကြတဲ့ ဘိုးဘွားတစ်ချို့ကိုလည်းဝမ်းသာဖွယ်တွေ့ မြင်ရပါတယ်။အပျော် အပြုံး ၊ ကြည်နူး မျက်နှာတွေနဲ့ ၀မ်းသာအားရ စီးလို့ ကြိုနေကြပါတယ်ဗျာ။ ဒီလိုနဲ့ ကျွန်တော်တို့ တွေလည်းကိုယ့်အပိုင်းလေးတွေနဲ့ ကိုယ် ၊ ခွဲဝေတာဝန်ယူလို့ စေတီကို ထုံးသင်္ကန်း သွားကပ်တဲ့အဖွဲ့ များက တစ်စု ၊ ဘုရားပန်းရေချမ်း ကပ်လှူကြတဲ့ အဖွဲ့များက တစ်စု ၊ ရွှေရင်အေးတိုက်ကျွေးဖို့ အတွက် ပြင်ဆင်လုပ်ကိုင်ကြသူများက တစ်စု ၊ ဘိုးဘွားတွေကို ယုယမှုပေး အဖော်လုပ်ကြပေးတဲ့ အဖွဲ့တွေက တစ်စု ၊ ဒီလို နဲ့  ဟိုတစ်စု ၊ ဒီတစ်စုနဲ့  ကိုယ်နိုင်ရာ တာဝန်လေးများ ခွဲဝေယူလို့  လုပ်ကိုင်ကြရင်းပေါ့ဗျာ။ ဘုရားစေတီလေးကို ထုံးသင်္ကန်းသွားကပ်တဲ့ အဖွဲ့  များကလည်း ပြီးစီးလို့ ပြန်လာကြချိန် ၊ အဖွဲ့ သားတစ်ချို့ လည်း ဂေဟာဓမ္မာရုံလေးထဲ စုမိနေစဉ် … အခုတော့ ဘိုးဘွားတွေ နေ့ လည်စာ ထမင်းစားချိန်မို့  ထမင်းစားနေကြပြီ ။ သူတို့ တွေထမင်းစားပြီးရင် … ဘယ်လို အစီအစဉ်တွေ စတင်ကြမလဲလို့  ခေါင်းချင်းဆိုင် တိုင်ပင် ကြရင်း …နေ့ လည်( ၁၂း ၀၀ )အကျော်လေးမှာ ဦးဆုံး ပြဇာတ်လေး တင်ဆက်ကြရ အောင်ဆိုပြီး စဉ်းစား မိဖြစ်ကြတယ်။ ပွဲမ၀င်ခင် အပြင်ကလေ့ကျင့် ဆိုသည့်အတိုင်း ပြဇာတ် တွင် ပါဝင်တင်ဆက်ကပြပေးမယ့် SavetheAged မောင်နှမများမှာ ဇာတ်တိုက်၍…ပြင်ဆင်လေ့ကျင့်နေကြပါ တော့တယ် ။ အဲ့အချိန်မှာ ကျွန်တော်တို့ ဆွဲထားလိုက်တဲ့ အစီအစဉ်ဇယားလေး များကို ကျွန်တော် ချပြ ၊ ရေးပြ ၊ ပြောပြ ချင်ပေမယ့် , ပြောနေရင်ကြာလို့  ဒီအတိုင်းလေးပဲ ဆက်ဖတ်သွားလိုက်ရင် ပိုပေါ်လွင်မယ်ထင်ပါတယ် ။ ကဲ ~ ပြောမနေတော့ဘူး ဆက်ဖတ်ကြည့်ရင် သေချာသိမှာမို့  … အစီအစဉ်လေးတွေ ချပြလိုက်ပါတယ်ခင်ဗျာ..။

အစီအစဉ် ( ၁ ) အရ … ကျွန်တော်တို့  SavetheAged ရဲ့  တစ်ခန်းရပ်ပြဇာတ် ကဏ္ဍလေး မကြာခင်( ၁၂း ၃၀ ) အချိန်လေးတွင် စတင်တော့မှာ ဖြစ်တာမို့  ။ ကျွန်တော်တို့ တွေ ပြဇာတ်တင်ဆက်ဖျော်ဖြေပေးဖို့ ရာ … ဘိုးဘွားများနှင့်တကွ STA အဖွဲ့ သားများ ခန်းမထဲတွင် အဆင်သင့်နေရာယူပေးကြပါရန်မေတ္တာရပ်ခံအပ်ရင်း … ပြဇာတ်လေး စတင်ခဲ့ပါတော့တယ် ။

ပညာပေး ပြဇာတ်လေးပေါ့ဗျာ ။ အတိုချုံးပြောရမယ်ဆိုရင်တော့ ….

တစ်ခါက … ရွာတစ်ရွာမှာ ပေါ့ဗျာ … ဒေါ်ယဉ်မေနဲ့ မစိမ်းဝေဆိုတဲ့ အနာကြီး ရောဂါသည် သားအမိနှစ်ယောက်ရှိတယ် ။ တစ်နေ့ တော့ သူတို့ ရွာကနေ မောင်းထုတ်၊အနှင်ခံခဲ့ရတယ်။ သူတို့ မှာ ဒီလိုရောဂါဆိုးကြီးရှိလို့ ရွာနာတယ်ပေါ့ဗျာ။ အဲ့အချိန်မှာ မစိမ်းဝေလေးက ဆယ်တန်းကျောင်းသူ(တက္ကသိုလ်ဝင်တန်း) ပညာ သင်ကြားနေတုန်းလေးလေ ။ လူသားအချင်းချင်းစာနာစိတ်ရှိတဲ့ ရွာထဲကဆရာလေး ကိုကြည်နိုင်ရဲ့  ဂရုဏာ စာလွှာလေး အထောက်အပံ့နဲ့  သူတို့  သားအမိ မရမ်းချောင် အနာကြီးရောဂါသည်စခန်းဂေဟာမှာ ခိုလှုံခွင့်လေးရခဲ့တယ် ။ ဂေဟာမှူး ဦးလှဌေး နဲ့  မရမ်းချောင် ဂေဟာလေးရဲ့ နွေးထွေးမှု ပတ်ဝန်းကျင်ကောင်းလေးအောက်မှာ မစိမ်းဝေ လေးတစ်ယောက် ဆယ်တန်းကို ဂုဏ်ထူး (၅) ဘာသာနဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပြီး … ဂေဟာလေးကို လှူဒါန်းနေကြတဲ့ အလှူရှင် ကိုဇော်လွင်ဦး(mutdfan)တို့  မိသားစု၏ ပံ့ပိုးမှုနဲ့  မစိမ်းဝေလေးဆေးတက္ကသိုလ်မှာပညာ ဆက်လက် သင်ကြားခွင့်ရခဲ့တယ်။သူ့ မိခင် ဒေါ်ယဉ်မေမျှော်မှန်းထားတဲ့ ပညာတတ် ဆရာဝန်မကြီး ဖြစ်တဲ့ တစ်နေ့ မှာ … မရမ်းချောင် ဂေဟာကို တစ်ဖန်ပြန်လည် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်လာတဲ့ ဆရာဝန်မကြီး မစိမ်းဝေကို ဒေါ်ယဉ်မေ မြင်မသွားရှာပေ … ။ ~ ။

ဒီလိုနဲ့  … ပဲ ပြဇာတ်လေးထဲမှာ ပါဝင်တင်ဆက်ခဲ့ကြတဲ့ …. ဒေါ်ယဉ်မေအဖြစ် - နှင်းနှင်းလှိုင် ၊ မစိမ်းဝေအဖြစ် - ရွှေရုပ်လွှာ ၊ ဒေါ်ယဉ်မေတို့သားအမိအား ရွာမှ နှင်ထုတ်သူ ရွာသားများ အဖြစ် - မိုးစွတ်နေ နှင့် အဖွဲ့  ၊ ဆရာလေးကိုကြည်နိုင်အဖြစ် - ကိုထွန်းထွန်း၊ မရမ်းချောင် ဂေဟာမှူးအဖြစ် - ကိုမင်းထက်နိုင် @ဆရာရာမ ၊ ဂေဟာမှူးဧ။်ဇနီး ဒေါ်ထားအဖြစ် - မေဂျွန် တို့ က ပီပြင် ပေါ်လွင်စွာ တင်ဆက် ကပြဖျော်ဖြေသွားကြပါတယ် … ။

အစီအစဉ်(၂) အနေနဲ့  … SavetheaAged ၏ သီချင်းများကို STA မောင်နှမများနှင့် တကွ ဂေဟာမှ ဘိုးဘွားများက သံပြိုင်တူညီ သီဆိုခဲ့ကြပါသည်။ ကိုသူရကြီးရဲ့ "Save the Aged" သီချင်း နှင့် ကိုဝေယံနှင့် ညီမငယ် ဇလပ်တို့ဧ။် အပြစ်မဲ့အပယ်ခံ သီချင်းတို့က STA မန်ဘာတိုင်းဧ။် ရင်ထဲမှာသာမက အဘိုးအဘွားတို့ဧ။် ရင်ထဲမှာပါ ပဲ့တင် ထပ် နေသည် အထိ သံပြိုင်သီဆိုခဲ့ကြပါတယ်။ ထို့ပြင် အဖိုးတစ်ဦးမှ သီချင်းစာရွက် လေး ကိုင်ပြီး စင်ပေါ်သို့တက်ဆို လာသည်မှာ.. ရင်ထဲမှာဘယ်လိုမှ ဖော်ပြလို့မရအောင် ကို... အားလုံးဧ။်ရင်ထဲမှာ ပီတိ ဖြစ်ခဲ့ရပါတယ်..။

"ငိုသံတွေနဲ့ပြည့်နှက်နေ … ခိုလှုံရာမဲ့ သူတို့ ဘ၀တွေ … စာနာလက်ကလေးကမ်းဖို့ ကို နှလုံးသားတို့ က … မာကျောလို့ နေတယ် …. ဟန်ဆောင်ကင်းတဲ့ ချစ်မေတ္တာတွေ … တောင့်တနေတဲ့ အပြစ်မရှိ နှလုံးသားငယ်တွေ ဒီကမ္ဘာမြေကြီး လှပအောင် … တွဲလက်တွေ ခိုင်ခိုင်မြဲ … ကြည့် ~ ကြည့် ~ ကြည့်လိုက်ပါ သနားဖို့ ကောင်းတဲ့ သူတို့  ဘ၀တွေ … ကူညီမယ့်သူရှားပါးလို့ နေတယ် … အကြောင်းမလှခဲ့တဲ့ သူတို့ ဘ၀မှာကံကြမ္မာကိုပဲ အပြစ်တင်မလား…စာနာစွာနဲ့ ဖေးကူမလား … အကြင်နာလက်ကမ်းဒို့ပါဝင်စို့ လေ …" စတဲ့ … ကျွန်တော်တို့  STA အသင်းရဲ့  ကိုယ်ပိုင်သံစဉ် တေးကရုဏာ ၊ သီချင်းလေးများ ကို … ရင်တွင်းစို့ စို့  ၊ မျက်ရည်ကြည်တစ်ချို့ နဲ့  လိုက်ဆိုပေးနေကြတဲ့ ဘိုးဘွားများကိုလည်း တွေ့မြင်ရပါသေးတယ် … ။

အစီအစဉ်(၃)အရ … ဂုဏ်ပြုလက်မှတ်ပေးအပ်မှာ ဖြစ်လို့  … ကိုဟိန်းထက်ဦး@ မျိုးကြီးကို STA မှ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါတယ် ။ ဂုဏ်ပြုလက်မှတ်ကိုတော့ မပိုပိုချစ်က ပေးအပ်တာဖြစ်ပါတယ်။ ကိုဟိန်းထက်ဇော် ဟာ ... ရင်သားကင်ဆာရောဂါဖြစ်နေတဲ့ ဝေဒနာရှင်တစ်ဦးကို အချိန်မှီ အသက်ဆက် ဖို့ သူ့ရဲ့  သွေးကို ပေးအပ်လှူဒါန်းခဲ့တဲ့အတွက် ကျွန်တော်တို့ STA အသင်းက ဂုဏ်ပြု လက်မှတ် ချီးမြှင့်ပေးအပ် ခဲ့တာဖြစ်ပါတယ် … ။

ဒီလိုနဲ့ ပဲ အစီအစဉ်(၄)မှာ … ကျွန်တော်တို့ STA မောင်နှမများထဲမှ မတ်လဖွားမွေးနေ့  ရှင်များနှင့်မရမ်းချောင်ဂေဟာမှ မတ်လဖွားမွေးနေ့ ရှင်များကို မွေးနေ့ ကိတ်ခွဲ၍ HAPPY BIRTHDAY သီချင်းလေးများ သီဆိုကာ "မတ်လဖွားများရဲ့ မွေးနေ့ ပွဲ" ကို ပျော်ရွှင် စွာ ကျင်းပပေးခဲ့ပါတယ် ။ မတ်လ ရဲ့ မွေးနေ့ရှင်များအဖြစ် ဂေဟာမှ အဘိုးတစ်ဦးနှင့် အဖွားနှစ်ဦး၊ အိသိင်္ဂီဝေ၊ အပ်ချည်ကြိုး၊ လင်းလင်း၊မနှင်းနှင်းဝေ ၊မဥမ္မာလွင်၊ဟိန်းထက်ဦး@မျိုးကြီး တို့နှင့် ဂေဟာမှ ကလေးငယ်သုံးဦး ... ထိုသူတို့အား မွေးနေ့ဆုတောင်း သီချင်းများဖြင့် ပျော်ရွှင်ဖွယ် မွေးနေ့ ပွဲလေး ကျင်းပခဲ့ကြပါတယ်။ ဒီလို ကြည်နူး ၊ ပျော်ရွှင် ၊ ချစ်စဖွယ် အစီအစဉ် လေးကို ( Nov–2010) မှစလို့ STA ရဲ့ လစဉ် အလှူပွဲတွေမှာထည့်သွင်း ကျင်းပခဲ့မိတာ ဆိုရင်ဖြင့်လည်း ၀မ်းသာ ကျေနပ်စရာလေး တစ်ခုပါပဲလေ ။

အစီအစဉ်(၅)အရ …STAဧ။် ချစ်စဖွယ် သာလိကာနှစ်ယောက်ဖြစ်သော ခရေ နှင့် သံသာတို့ဧ။် အစီအစဉ်ဖြင့် မခင်စုစုလွင်နှင့် စကာင်္ပူအဖွဲ့ခွဲမှ မမေသူကျော်တို့ ကခေါင်းဆောင်ကာ STA လှပျိုဖြူလေးများက သင်္ကြန်သီချင်းလေးများနဲ့  ယိမ်းအက လှပစွာ ၊ ကပြဖျော်ဖြေတင်ဆက် ပေးကြတာကိုလည်း တွေ့ မြင်ရှုစားကြခဲ့ရပါတယ် ။သင်္ကြန် သီချင်းလေးတွေစုံလင်စွာနဲ့  စင်ပေါ်မှာ တင်ဆက်ကပြပေးနေတဲ့ လှပျိုဖြူလေး များထဲတွင် ၀င်ရောက်ကပြ ဖျော်ဖြေပေးနေတဲ့ အဖွဲ့ ၀င်သစ်မမများကိုလည်း ကျေးဇူးအထူးပင်တင်ရှိ ကြောင်း ပြောကြားရင်း…။အဲ့ဒီ့အချိန်အခါသာမယ မှာတော့ ရွှေသင်္ဃန်းကပ်နေသူများအဖွဲ့က ဘုရားမှာကုသိုလ် ယူနေတဲ့ အချိန်ပေါ့ဗျာ..။ သူတို့ခင်မျာ ပြဇာတ် ၊ မွေးနေ့ နဲ့ အပျိုတော်တွေရဲ့ ယိမ်းအက ကို အသံလေးပဲ ကြားလိုက် ရပါသည်တဲ့...။ :P အဲ့နောက်မှာတော့ STA မောင်လူချော လေး များ၏ အလှ ၊ အက ဖျော်ဖြေတင်ဆက်မှု များကိုလည်း မျက်ဝါး ထင်ထင် တွေ့မြင်ကြရပါသေးတယ် ။ ကိုဝဏ္ဏစိုး ၊ နန္ဒ ၊ မျိုးကြီး ၊ လန်းဆန်း ၊ လုလင်မင်းသိန်း …တို့အပြင်အဖွဲ့ဝင်သစ် အစ်ကိုတော်များ ကော … ကပြဖျော်ဖြေပေးနေကြတာ … အရှေ့တိုင်း ၊ အနောက်တိုင်း အက ၊အမျိုးစုံလင်လှလို့ … တကယ်ကို လှပကြပါတယ် … ။

ရွှေရင်တော် အေးစေမယ့် မွှေးမွှေး ၊ အေးအေး ရွှေရင်အေးလေးများကိုလည်း အခန့်  သင့် သုံးဆောင်ကြပြီး မကြာမှီ ဆက်လက်တင်ဆက်မယ့် အစီအစဉ်လေးအတွက် စောင့်မျှော် နေရင်းပေါ့ဗျာ … ။

အစီအစဉ်(၆)ကတော့…Suboo Fanclub မောင်နှမများရဲ့  အငြိမ့်သဘင်ကို ရှု့  စား တွေ့  မြင် ခံစားကြရဦးမှာ ဖြစ်ပါတယ် ။

( ပက် ~ ပက် ~ ပက် (ဗုံ) တော်ပုတ်လို့  … ဂျိန်းခနဲတီးလိုက်တဲ့ လင်ကွင်းသံနဲ့ အတူ စင်မြင့်ထက်တက်လာတာက … လူရွှင်တော် ကြီးများဖြစ်ကြတဲ့ ၀ါဝါ@သူရဿဝါ ၊ ၀ိုင် ၊ ကျေးတော်မျိုး ၊ ရုပ်သေး တို့  (၄)ဦးပဲ ဖြစ်ပါတယ် ။ သူတို့ နဲ့ အတူတွဲဖက်လို့ တင်ဆက်ကပြပေးမယ့် မင်းသမီး လေး များကတော့ ရှေ့  ထွက် မင်းသမီးချောလေး မိုးညချမ်းနဲ့ ခေါင်းဆောင်မင်းသမီးလှပဂေးလေး အေးစန္ဒာကျော်တို့  ပဲ ဖြစ်ပါတယ်ဗျ ။ တင်္ခဏုပ္ပတ္တတိဥာဏ်ရွှင်ရွှင် စကားလုံးတွေတသွင်သွင်နှင့် ဟာသတွေဆင်ယင် ပေးထားတဲ့ လူရွှင်တော်ကြီး(၄)ဦးရဲ့  ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဖျော်ဖြေတင်ဆက်မှု အောက်မှာ ပရိသတ်ရဲ့  ရယ်မောသံကလည်း တ၀ါးဝါး ဖြစ်လို့  ပွဲကျကာ ရယ်မော ကြလေရောပေါ့ဗျာ … ။ မီးစက်ကို ချိန်းလို့  ခဏလေး အနားပေးစဉ် မရမ်းချောင်က အဘ တစ်ဦးရဲ့  တေးသီချင်း ဖျော်ဖြေမှု့ အစီအစဉ်ကလည်း ကြားဖြတ် ကဏ္ဍလေး အနေနဲ့  တစ်ခန်းတစ်ကဏ္ဍကနေ ပါလာရောပေါ့ဗျာ … ။ "သုံးရောင်ခြယ်" ကာလပေါ် တေးကိုကျွမ်းကျင်ပိုင်နိုင် ငြိမ့်ညောင်း ပြေညက်စွာ သီဆိုသွားဟန်က ခေတ်ပေါ် တေးအဆိုကျော်တွေ လက်မှိုင်ချရမယ့်ကိန်းဗျာ … တယ် ! ကောင်းချက်ပေါ့ အဘရေ ။ ဒီလိုနဲ့ ပဲ … တစ်မျိုးအလှဆန်းတဲ့ မိုးညချမ်းရဲ့  မင်းသမီးလေးအသွင်နဲ့  အက ၊ အလှများကို ရှု့မြင်ခံစားကြရပါသေးတယ် ။ ပီပြင်ပိုင်နိုင်လှတဲ့ အကဟန် ၊ အလှသဏ္ဍန် တွေ ရှု့မြင်သူ ပရိသတ်ကြီး မျက်စိကို ပဒါသ ကျနေရောပေါ့ဗျာ ။ Suboo ညီအစ်ကို ၊ လူရွှင်တော်ကြီးများ ကလည်း ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဟာသပျက်လုံးလေးများကြား … ပရိသတ်မှာ တ၀ါးဝါး ၊ ရယ်မောကျရောပေါ့ဗျာ ။ ခေါင်းဆောင်မင်းသမီးအလှပဂေး အေးစန္ဒာကျော်လေးရဲ့  ကကွက်လေးများကလည်း ရှူမြင်သူပရိသတ်ကို ဘ၀င်ခိုက်ဖွယ် ကြည်နူးသည့်နှယ်ပေါ့ဗျာ။ ရယ်မောဖွယ် အသွယ်သွယ် ၊ ဟာဒရ အဖွယ်ဖွယ်နဲ့  ပရိသတ်ကြီးလည်း စိရတယ်လို့ ကို မရှိအောင်ဘဲ ပါးစပ်တွေလည်း ပြဲလို့ ရောပေါ့ဗျာ … ။ ဒါပေမယ့် ပရိသတ်ကြီးက လိမ္မာပါတယ် … အားပါးတရ ရယ်မောကြပေမယ့်လည်း လူရွှင်တော်ကြီး ကိုကျေးတော်မျိုး ပြောထားတဲ့စကားအတိုင်း ၊ ဘယ်သူမှ ပွဲခင်းထဲ ရှု ၊ ရှူး ပေါက်မချကြပါဘူးလေ … ။း)))

ဒီလိုနဲ့ ပဲ ကပြဖျော်ဖြေတင်ဆက်ပေးခဲ့ကြတဲ့ Suboo အဖွဲ့ သားများကို မရမ်းချောင် ဂေဟာမှ ဂေဟာမှူးဦးလှဌေးက ဆုတော်ငွေ - ငွေသား ( ၃၀၀၀၀ ကျပ် ) ချီးမြှင့်ပေးအပ်ရာ Suboo အဖွဲ့ သားများက ဂေဟာအတွက် ပြန်လည် ပေးအပ် လှူဒါန်းခဲ့ကြပါတယ် … ။

အစီအစဉ်(၇)အနေနဲ့  … STA အဖွဲ့ ၏ ကိုယ်စား ကျေးဇူးတင်စကားကို အမာခံမန်ဘာ တစ်ဦး ဖြစ်တဲ့ မနန်းကလျာမှ ပြောကြားပြီးနောက်…ဒီနေ့ အလှူပွဲလေးဖြစ်မြောက်ရေး အတွက် စိတ်အား ထက်သန်စွာနဲ့ ကိုယ်ရော ၊ စိတ်ပါ လာရောက် ကူညီပေး နေရှာတဲ့ ကိုထက်အောင် ( Mutdfun )အား ကျေးဇူးတင်ကြောင်း ပြောကြားရင်း … ကိုထက်အောင်ဟာ ဆိုရင် မနေ့ ကမှ သူ့ ညီမလေး ဘ၀တစ်ပါး ကူးပြောင်း ကွယ်လွန်သွားရှာသည့် အတွက် မိသားစု နာရေး ပေါ် ပေါက်နေသော်လည်း STA ၏ အလှူပွဲလေးတွင်လာရောက်ကူညီလုပ်ကိုင်ပေးနေသောသူ့  ၏ စေတနာကိုလည်း ကျွန်တော်တို့ အားလုံး မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရပါတယ်လေ ။ STA အသင်းမှ ကိုထက်အောင် ၏ ညီမလေး နာရေးအတွက် အလှူငွေ ပေးအပ် လှူဒါန်းခဲ့ရာ တစ်ဖန်ပြန်လည် ကိုထက်အောင်မှမရမ်းချောင်ဂေဟာ အတွက်ပေးအပ်လှူဒါန်းခဲ့ပါတော့သည်။

အစီအစဉ်(၈)ကတော့ … မရမ်းချောင်မှ ဘိုးဘွားများကို ကျွန်တော်တို့  အားလုံးရှိခိုး ကန်တော့ကြမှာဖြစ်လို့  SavetheAged အသင်းသားများအားလုံး ခန်းမကြီးထဲမှာ နေရာယူ စုံညီ ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားရင်း … ဘိုးဘွားများကို တွဲကူခေါ်ကာ ခေါင်းရင်းထိပ်တွင် ဦးထိပ်ပန်ဆင်ထားလို့ … ကာယ၀စီ ၊ မနောချီလျက် … လက်ဆယ်ဖြာ ထိပ်မှာမိုးလို့  … ရိုကျိုးစွာ ရှိခိုးကန်တော့ခဲ့ကြပါတယ်ဗျာ … ။

ရှိခိုးကန်တော့ခဲ့တဲ့ ကျွန်တော်တို့ ကို မရမ်းချောင်မှ အဘိုးတစ်ဦးနဲ့ ဖွားသီလရှင် (ဆရာလေး) တစ်ဦးမှဆုတောင်းမေတ္တာမွန်များ ခြွေဝေခဲ့ပါသေးတယ်လေ … ။ မရမ်းချောင်အတွက် STA မှ အမှတ်တရ ထားရှိခဲ့မည့် Note Book လေးများထဲတွင်

ကျွန်တော်တို့ ရဲ့ ရင်တွင်း ခံစားချက် များကို ထုတ်ဖော်ရေးသားပေးခဲ့ကြရင်း … ကျွန်တော်တို့တွေ ပြန်သွားတဲ့အခါမှာ မရမ်းချောင် ဂေဟာက အဘိုးအဘွားတို့ က အလွမ်းပြေကြည့်ရင်း ၊ အမှတ်တရ သိမ်းဆည်းထားလို့  … ဒီနေ့ လေးကို သူတို့ နှလုံးအိမ်တွေထဲ အမှတ်တရတည်နေတော့မယ်လို့  ကျွန်တော်တော့ ယုံကြည် ခဲ့ပါတယ် ။

ဒီလိုနဲ့ ပဲ … ထုံးစံအတိုင်း အစီအစဉ်အားလုံးရဲ့ နောက်ဆုံးပိတ် လုပ်ဖြစ်နေကြ အစီအစဉ် လေးအရ … ကျွန်တော်တို့  STA အသင်းသားတွေ …. အဖွဲ့ ဝင်အသစ် ၊ အဟောင်း အချင်း ချင်း ရင်းနှီးစွာ မိတ်ဆက်ကြရင်း … ရင်တွင်းစကားများ ထုတ်ဖော် ပြောကြားခဲ့ကြ ပါတယ်။ အဲ့အချိန်မှာ အဖွဲ့ သား တစ်ချို့ က ဂေဟာထဲ မှာ ဘိုးဘွားများနဲ့  အဖော်ပြုပေးနေတာကို ကျွန်တော်တွေ့ မြင်ခဲ့ရပါတယ်။ ညီမလေး ဝေေ၀လွင် တစ်ယောက်မှာလည်း ဖွားဆောင်မှ အဖွားများကို အကုန်လုံးနီးပါး ပါးကွက်ကြားလေးတွေ ဖြစ်အောင် အလှဆင် ၊ နံ့ သာ တင်ပေးနေတဲ့ ကြည်နူးဖွယ်မြင်ကွင်းလေးကိုလည်း စိတ်ချမ်းမြေ့ ဖွယ်မြင်တွေ့  ခဲ့ရ ပါသေး တယ် ။ အိမ်ပြန်ချိန်လေး နီးကပ်လာလို့  ခွဲခွါ ရတော့မယ့် အခါ နှုတ်ဆက်စကားတွေ ပြောကြားကြရင်း … စိတ်မ ကောင်း ဖြစ် နေကြရှာတဲ့ အဘိုးတို့ အဘွား တို့ရဲ့ ရင်တွင်းခံစားချက်များကိုလည်း ကြားခဲ့ ရပါ သေးတယ် ။

"မနက်က သားတို့ ကားတွေ ဂေဟာထဲဝင်လာတော့ အမေတို့  ပျော်တာပေါ့ … တစ်နေကုန် အမေတို့နဲ့အတူရှိနေမယ်

ဆိုတာကို သိတယ်လေ … ညနေစောင်းတော့ စိတ်မကောင်းဘူး ကလေးလေးတွေ အချိန်တန်ရင် အိမ်ပြန်ချိန် အိမ်ပြန်ကြ တော့မယ်ဆိုတာသိတော့ ရင်ထဲမကောင်းပါဘူး သားတို့ ရယ် …"ဆိုတဲ့ အမေတစ်ယောက်ရဲ့  ရင်တွင်း စကားများ ကိုလည်း ကျွန်တော်တို့  အသည်းခိုက်အောင် ကြားလိုက်ရပါသေးတယ် ။

ညနေစောင်း ( ၅း ၃၀ ) နာရီလောက်ရှိတော့ … ကျွန်တော်တို့ ရဲ့  ရန်ကုန်မြို့ အပြန်ခရီး အတွက် ကားများလည်း အသင့်ပြန်လည် ရောက်ရှိနေပြီ ဖြစ်လို့ ... " ပြန်ပါဦး … ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ် … မရမ်းချောင်ရယ် …." ဆိုလို့  ကိုယ်စီ ၊ ကိုယ်စီ ကား ပေါ် တက်လို့  ပြတင်းပေါက်ဝ ကနေ လက်ပြ နှုတ်ဆက် ကြရင်း … ရန်ကုန်ကို အိမ်အပြန် ခရီးဆက်ခဲ့ကြတာ ည ( ၇း ၃၀ ) နာရီမှာ ဆူးလေ ကို ပြန်လည်ရောက်ရှိလာပေါ့ဗျာ ။ ~ ။

ဒီနေ့ အလှူခရီးစဉ်ရဲ့ မှတ်တမ်း ၊ မှတ်ရာ သတင်း အဖြာဖြာကတော့ဒါပါပဲဗျာ … ။

STA ၏ (၁၅)ကြိမ်မြောက် အလှူပွဲလေး ဖြစ်မြောက်အောင်မြင်အောင် ရုပ်လုံးဖော် စွမ်းဆောင်တော်မူပေးကြတဲ့ ညီအစ်ကို

မောင်နှမ … သူငယ်ချင်းအပေါင်းအသင်း ရောင်းရင်းများ အားလုံးကို နာမည်တပ်၍ မထားတော့ဘဲကျေးဇူးတင်ထိုက်သူများ အားလုံးကိုကျေးဇူးတင်ပါသည်ဟု … အချုပ်ဆိုပြောကြားရင်း ... ။

*** ကျွန်တော်ရေးသားတဲ့ အလှူမှတ်တမ်းပို့ စ်လေးမှာ လိုအပ်ချက်တစ်စုံတစ်ရာများ ရှိခဲ့ပါက ၊ ခွင့်လွှတ် နားလည်ပေးရင်း သည်းခံဖတ်ရှူ ပေးပါလို့  ဒီနေရာလေးကတင်ပဲ ကျွန်တော် ညွှတ်တွားခယ တောင်းပန် လိုက်ရပါတယ်ဗျာ ။ :)

ယနေ့ ယခု ကျွန်တော်တို့ ပြုခဲ့သည့် ကုသိုလ် ၊ သီလ အ၀၀တို့ ကြောင့်ကမ္ဘာသူ ၊ ကမ္ဘာသားအားလုံးကိုယ်စိတ် ၊

နှစ်ဖြာဘေးရန်ကွာလို့ ကျန်းမာ ချမ်းသာ ကြပါစေလို့ 

မေတ္တာမွန်အရင်းခံဖြင့်

ဆန္ဒပြုရင်း ….

လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  …

မိုးစွတ်နေ

အမာခံ မန်ဘာ

အင်္ဂါနေ့  ( 22.3.2011 )

11 : 30 p.m.


Share

" အရောင်ပြောင်းချိန် "

" အရောင်ပြောင်းချိန် "

=============


တိမ်ဖြူ တသွေ့ သွေ့ 

တိမ်ပြာရွေ့ 

တိမ်မိုးသားဝေ့စဉ် . . . ။ ~ ။


♥MOESUTNAY♥

22.3.2011

( Tue: )

4 : 45 P.M.


Share

Saturday, 26 March 2011

"ချစ်သူသိစေချင်သော…အိပ်မက်များ"

"ချစ်သူသိစေချင်သော…အိပ်မက်များ"
===========================


"ချစ်သူသိစေချင်သော…အိပ်မက်များ"

=======================

ဘ၀မှာ ထိုင်လွမ်းရုံကလွဲလို့

ဘာမှ မတတ်နိုင်တဲ့အရူးဟာ

ငါပဲ….. >>>Aung Myin<<<

နေမြင့်လေ အရူးရင့်လေလို့ ပဲဆိုမလား

ကျွှဲပါးစောင်းတီးလို့ပဲပြောကြမလား

ဘ၀မှာ ရင်ခုန်ရုံသက်သက်နဲ့ 

မျှော်လင့်ခြင်း အိပ်မက်တွေ ထိုင်မက်နေတဲ့ကောင် ... >>>m.s.n<<<

သူငယ်ချင်းရေ....လူတွေကပြောကြတယ်

သူငယ်ချင်းဆိုတာ အဖြူရောင်ပဲကောင်းပါတယ်

အရောင်မဆိုးချင်ပါနဲ့တဲ့…. >>>Aung Myin<<<

အဖြူရောင်ကို ကာလာမဆိုးချင်ပေမယ့်

တိုးဝင်လာတဲ့ ရင်ခုန်သံကို

ငါ ဘယ်လိုမြိုသိပ်ရမလဲ သူငယ်ချင်းရယ် ... ။ >>>m.s.n<<<

အဲဒီလို ရူးနေတဲ့ ကောင်ပေါ့… >>>Aung Myin<<<

ဘာဖြစ်ဖြစ် ငါကျေနပ်တယ်

ရင်ခုန်ရုံသက်သက်နဲ့ 

ရင်ခွင်နယ်မြေတစ်ခြမ်း တစ်ဘက်မှာ

ရိက္ခာဖူလုံ ပြီးပြည့်စုံနေရောပေါ့ … ။ >>>m.s.n<<<

သူငယ်ချင်းရေ ...ငါဆိုတဲ့ကောင်က

ဘ၀မှာ နင်ပျော်မယ်ဆို

ငါလဲ နေပျော်တဲ့ကောင်ပါ…. >>>Aung Myin<<<

နင့်မျက်နှာဟာ ငါတစ်သက်လုံးဖတ်မယ့်

သင်ပုန်းကြီးဖတ်စာပါ ...

နင်စိတ်ညစ်ရင် ...

ငါ့ကမ္ဘာတစ်ခြမ်းပုတ်အဲ့သွားလို့ 

နင်မျက်နှာတော်ညှိုးမှာကို

ကမ္ဘာပြိုမှာထက် စိုးကြောက်ခဲ့တဲ့ကောင် … ။

နင်ဟာ ...

မျှော်လင့်ချက် အိမ်မက်တွေထဲက

ငါ့မက်ခဲ့ရတဲ့ ဒဏ္ဍာရီ နတ်သမီးလေးတစ်ပါး

အမှောင်တွေသမ်းတဲ့ ခရောင်းလမ်းမှာ

မျှော်လင့်ခြင်းအပေါ် ပျားရည်ဆမ်းမယ့်

ကြယ်စင် အလင်းတန်းလည်း ဖြစ်တယ် … ။

ရင်ခုန်ခြင်း သစ်ပင်လေးကို

လူမမြင်သူမမြင် တိတ်တိတ်လေးခိုးလို့ 

ရိုးရိုးသားသားလေး ပျိုးခဲ့မိတယ် …

သူငယ်ချင်းရယ်

နင့်ကိုငါ သိပ်ချစ်တယ် … ။ ~ ။ >>>m.s.n<<<

သူငယ်ချင်းရယ် …

ငါချစ်တာ…နင်ယုံတယ်လို့ပြောလိုက်တုန်းက

ဟောဒီ…သူရူးရဲ့ ကမ္ဘာမှာ

အပျော်တွေ ..ပွင့်လန်းနေပုံများ

နင်မြင်ရင် …ဖျားသွားမယ်။

သူငယ်ချင်းရေ…နင်ငါ့ကိုချစ်သလား..ငါမသိဘူး

ဟောဒီကောင်ကတော့…နင့်ကိုချစ်ရလွန်းလို့

တစ်နေ့မတွေ့ရင်…တစ်ဘ၀စာဝေးရတော့မဲ့အတိုင်း

အလွမ်းတွေ..အပြိုင်းအရိုင်းကြွေကျ

တစ်ခါတစ်ခါ..မျက်ရည်များကျမိသလားတောင် မသိဘူး

နင်နဲ့မတွေ့ရတဲ့…နေ့တိုင်းမှာ…

အလွမ်းတွေနဲ့..မဟာမိတ်ဖွဲ့

ဘ၀ဟာ….အလင်းမဲ့တဲ့ရှင်သန်ခြင်းများဖြစ်ရော့သလား?

အိပ်မက်တွေခါးတယ်…။ >>>Aung Myin<<<

ဝန်ခံပါတယ်

ငါညံ့ဖျင်းခဲ့တယ်

ငါညံ့ဖျင်းလွန်းတယ်

သူငယ်ချင်းကို ချစ်ခဲ့မိတယ်

ရင်ခုန်သံအပေါ်ခိုအောင်းလို့ 

ခေါင်းစဉ်တွေပြောင်းချင်ခဲ့တဲ့

ခပ်ညံ့ညံလူစားတွေထဲမှာ ငါတစ်ယောက်လဲပါခဲ့ရောပေါ့ဟာ … ။ >>>m.s.n<<<

သူငယ်ချင်းရေ…သူငယ်ချင်းရေ…

ငါပြောတဲ့…ချစ်ခြင်းစကား…

နင့်အတွက်..ခါးနေတဲ့အခါ…

နင်ပျော်အောင်..အလိုက်တသိ

မပြောမိအောင်..ငါနေမယ်….

တကယ်လို့…အဲဒီ အကြင်နာကိုမှ

နင်က..လိုအပ်ပါတယ်ဆိုတဲ့အခါ

ရင်နဲ့မဆန့်တဲ့…ချစ်ခြင်းတွေ…ကို

နင်လျှောက်မဲ့လမ်းမှာ..ခင်း

ရဲရဲသာနင်းသွားပါ…

နင်ပျော်ရင်…ငါပျော်ပါတယ်ဟယ် ... >>>Aung Myin<<<

အနေနီးချင်တယ် … သူငယ်ချင်းရယ်

သံယောဇဉ်တွေ ရေရှည်စီမံကိန်းနဲ့ 

ရင်ခုန်မှုဘက်ကို ယိမ်းကာ

ထိန်းလို့ မရတဲ့ ခံစားချက်မှာ

ငါ့အိပ်မက်တွေ အခန်းဆက်

ထပ် ~ ထပ် ~ မက် လာတတ်တော့

ရိုးရိုးလေးပါပဲ … နီးစပ်နိုင်မလားဆိုတဲ့

ခပ်ညံ့ညံ့အတွေးလေးတွေနဲ့ 

စိတ်ကူးအကြီးကြီးတွေ ယဉ်ခဲ့ဖူးတယ် … ။ >>>m.s.n<<<

သူငယ်ချင်းရယ်

နင့်ကိုချစ်မိပြီးတဲ့နောက်…

အလွမ်းတွေပဲ..ကောက်ပြန်ရမှာ

ငါသိပြီးသားပါ…

ဒါပေမဲ့…နင်ယုံပေးခဲ့စမ်းပါ…

ဟောဒီ..အူကြောင်ကြောင်ကောင်ဟာ

သူငယ်ချင်းအပေါ်..မရိုးသားမိပေမဲ့

ချစ်သူကိုတော့…

ရိုးရိုးသားသားမြတ်နိုးခဲ့ဖူးပါတယ် … ။ ~ ။ >>>Aung Myin <<<

အောင်မြင် - မိုးစွတ်နေ

၂၆.၃.၂၀၁၁ ၊ စနေနေ့  ( ညနေ - ၄း ၃၀ )



ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်း2ယောက်ရဲ့ ရေတွင်းပျက်တွေပါး)))


***ကျွန်တော်တို့  သူငယ်ချင်းနှစ်ယောက်ရဲ့  ဂျီတော့လ်ထဲကနေ
ချက်တင်ရိုက်နေရင်း ထွက်လာတဲ့ ခံစားချက်လေးတွေပါ ... ။ ~ ။



Share

Friday, 18 March 2011

" စွန်းထင်းခြင်း "



ငါတို့ နှစ်ယောက် စတွေ့ တုန်းက

ဘာမှမရေးရသေးတဲ့ ဗလာစာရွက်လေး

အခုတော့ ~~~ နင်ကလည်း ရေးတယ်

ငါကလည်း ခြစ်တယ် ...

အလွမ်းတွေ ... အဆွေးတွေ

_________တွေ ... ________တွေနဲ့ 

ကောက်ကြောင်းလေးတွေများလို့ 

စာရွက်သားလေး ညစ်ပတ်သွားပြီဟာ ... ။ ~ ။

♥MOESUTNAY♥

9.2.2011

(Wed:)

12:00 a.m.


Share

" ပုထုဇဉ်လောဘ "

ပုထုဇဉ်လောဘ

=========

ငါ့ကြမ္မာ ငါ့ဟာငါ

စီမံပိုင်ခွင့်ရရင်

ငါ့မာတိကာထဲဝယ်

ဖြစ်ချင်တာလေးတွေပဲ

အစီအရီ ချရေးမိမယ် တကယ် ... ။ ~ ။

♥MOESUTNAY♥

11.2.2011

( Fri: )

2:30 p.m


Share

"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၄ )"

"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၄ )"

=======================



ရိုးရိုးလေး ရင်ခုန်ကာ

တိုးတိုးလေး ကျိတ်ချစ်ခဲ့ရတဲ့အဖြစ်

ရင်ခွင်ထဲ မြိုသိပ်ရင်း

အိပ်စက်ခြင်းနဲ့ တစ်နေ့ တာကာလ

နင့်အကြောင်းတွေ တမ်းတလို့ 

နင်ဟာ ငါ့အဖို့ တော့ ...



သောက်နေကျ နက်စ်တစ်ခွက်ထက်

နင့်ကိုငါ ပိုချစ်ခဲ့တယ် ...



ဝတ်နေကျ ဂျင်းပန်အပြာထက်

နင့်ကိုငါ ပိုချစ်ခဲ့တယ် ...



စီးနေကျ အောစတားထက်

နင့်ကိုငါ ပိုချစ်ခဲ့တယ် ...



စားနေကျ လောလီပေါ့ထက်

နင့်ကိုငါ ပိုချစ်ခဲ့တယ် ...



ရေးနေကျ ကဗျာတွေထက်

နင့်ကိုငါ ပိုချစ်ခဲ့တယ် ...



ငါ့ဘ၀ကြီးထဲက ငါ့ကိုယ်ငါထက်

နင့်ကိုငါ ပိုချစ်ခဲ့တယ် ...



ငါပိုင်သမျှ အရာရာတွေထက်

နင့်ကိုငါ ပိုချစ်ခဲ့တယ် ...



ပညတ်ချက်များတဲ့ အသိုင်းအ၀န်း

ထိန်းချုပ်မှုရှိတဲ့ လောကတရား

ကန့် သတ်ထားတဲ့ ဓမ္မတွေနဲ့ 

ကွပ်မျက်ခံလိုက်ရတဲ့ ဆန္ဒတွေ

ပိုင်ဆိုင်နိုင်ခွင့်မရလိုက်တဲ့ အကြင်နာ

ဆင်ဆာငြိခဲ့တဲ့ R & B တေး

နင်ကလေး အိပ်ရာမ၀င်သေးသရွေ

ငါ့ကို ... ဆိုပြခွင့်လေးပေး ... ။ ~ ။





♥MOESUTNAY♥

18.3.2011

( Fri: )

12: 45 p.m.


Share

" မခွဲအတူ "

" မခွဲအတူ "

=======



ကောင်မလေးရေ



ညကောင်းကင် အာကာပြင်ကို



ငါ့စိတ်ကြိုက် စီမံပိုင်ခွင့်ရရင်လေ



ကြယ်တွေကို နေရာ ချထားချင်သား



"ခွန်ဆန်လော နဲ့  နန်းဦးပြင် " ကြား



ဘယ်ကြယ်မှ သွားမနားရဘူး ... ။ ~ ။



♥MOESUTNAY♥

16.3.2010

( Wed: )

9:10 p.m.

Share

" စိုးမိုးသူ "

" စိုးမိုးသူ "

========



ဖြတ်လတ် တက်ကြွတဲ့ ငါ့နှလုံးသားက

နင်နဲ့ တွေ့ သွားတဲ့အခါ

နှင်းကျတဲ့ ဒီဇင်ဘာ ပမာ ...



နင့် မျက်ဝန်း ဖြူလွှလွှအောက်မှာ

ငါ့ အတိတ်တစ်ချို့ လည်း

ငွေ့ ရည် ဖြစ်သွားခဲ့ရတယ် ...



နူးညံ့တဲ့ နင့်ပါးပြင်လေးကို

ငါစိတ်ကူးထဲမှာ

အသာလေးခိုးနမ်းခဲ့ဖူးတာ အခါခါ ...



မရင့်ကျက်သေးတဲ့ ငါ့ဦးနှောက်ဆဲလ်တွေကို

ရူးသွပ်စေဖို့ အတွက်

နင် ဖိအားမပေးပါနဲ့  ...



မူးယစ်စေသော အာနိသင်

တစိုးတစေ့ မှ မပါတဲ့

နင့်ရယ်သံ တစ်ချို့ က

ငါ့အာရုံကို ထုံထိုင်း ပျံလွှင့်စေခဲ့တယ် ...



ရိုးသားစွာ ၀န်ခံပါတယ်

နင် မဖြားယောင်းခဲ့ပါဘူး

ငါ့မှာသာ ...

နင့် မျက်ဝန်းလေးတွေအောက်

အိပ်မက်တွေ အခါခါ ကြွေခဲ့တာ ... ။ ~ ။





♥MOESUTNAY♥

20.2.2011

( Sun:)

8:00 p.m

Share

" ကျမှတ် "

" ကျမှတ် "

=======



နင်မဖြေပေးခဲ့တဲ့

ငါ့ရဲ့ မေးခွန်းတွေအတွက်

ငါ့ကွက်လပ်ကို

ငါ့ဟာငါ ...

ကြက်ခြေခတ်ပြစ်ခဲ့တယ် ...

အောင်မှတ်ဖိုးတောင် မပြည့်ခဲ့တဲ့

ငါ့အဖြေလွှာမှာ

တကယ်ဆို

လိုနေတဲ့ ကွက်လပ်က

ဘာဆိုတာ ...

နင်' ကောင်းကောင်း သိမှာပါ ... ။ ~ ။



♥MOESUTNAY♥

6.3.2011

( Sun: )

12:30 p.m.

Share

"သာမာန်လူ"

"သာမာန်လူ"

========



ဇွန်းမတပ်ထားဘူး …



နက်ခ်တိုင် မစည်းထားဘူး …



ဝင်လေနဲ့ ထွက်လေ



စည်းချက်မှန်တယ် ဆိုရုံလေး … ။ ~ ။







♥MOESUTNAY♥

22.2.2011

( Tue: )

1:30 p.m

Share

" နင် "

" နင် "
========


မြတ်နိုးစွာခုံမင်



ရူးသွပ်လို့ စွဲလမ်း



တကယ်ဆို



နင်ဟာ ငါ့ဘ၀ထဲက



ထာဝရအသည်းပန်း ... ။ ။





♥MOESUTNAY♥



Fri, Feb 11, 2011 at 2:12 PM

Share

" ညီမလေး "

" ညီမလေး "

========



ရိုးသားတဲ့အကြည့်တစ်ချက်အောက်

ညီမလေးဆိုတဲ့ခေါင်းစဉ်ပျောက်မှာ

ငါတကယ် ကြောက်ခဲ့မိတယ် …



ထိန်းထားတဲ့ စည်းချက်တွေအလယ်

ယိမ်းပါးမယ့် မင်းအပြုငယ်တွေ

ရှေ့ တိုးဖို့ မကြိုးစားပါနဲ့ ကွယ် … ကလေးရယ်



အနေတွေက နီးစပ်လို့ 

ရင်ခုန်သံတွေ တိုးကပ်လာတာဆိုရင်

တစ်မျိုးတော့ မမှတ်လိုက်ပါနဲ့ 

ကိုယ်ရှောင်နေလိုက်ပါ့မယ် … ကလေးရယ်



သစ်ရွက်ကလေး လေလှုပ်ရင်တောင်

ရင်တွေ တဒုတ်ဒုတ် ခုန်တတ်တဲ့

မင်းတို့ အရွယ်လေး

တကယ်တော့ စိတ်ကစားတယ်ဆိုတာ

ဘ၀အရေးနဲ့ တွေးရင်

ခဏလေးပါ … ကလေးရယ်



အသွင်တွေလည်း မရိုင်းစေဘဲ

ရင်ခွင်မှာ ဒီအတိုင်းလေးအမြဲ

ဆက်ချစ်ပေးဖို့ ရာ

တကယ်တော့ နင်ကလေးဟာ

မေမေမမွေးဘဲ

ဘုရားပေးတဲ့ … ညီမလေးပါပဲ … ။ ~ ။



♥MOESUTNAY♥

(( ကဗျာဟောင်းလေးတစ်ပုဒ်ပါ။ ))

528 တွေ တိမ်းစောင်းပြီး 1500 အသွင်ပြောင်းချင်တဲ့
ညီမလေးတစ်ချို့ ဖို့ ပါ ...

Share

" စူးစမ်းလိုမှု "

" စူးစမ်းလိုမှု "
============

နပိုလီယံအကြောင်းကို



ငါစာအုပ်တွေ ဖတ်လို့ 



သိခဲ့ရတယ် ...



နင့်ရင်ခွင် ၀ဲဘတ်လေး အကြောင်းကိုကော



ဘယ် လိုင်ဘရီ မှာ



ငါ ရှာဖတ်ရမလဲ ... ။ ~ ။



♥MOESUTNAY♥

20.2.2011

( Sun:)

9:00 p.m

Share

" စားကြွင်း "

" စားကြွင်း "
===========

နင့်နင့်စူးစူး



ပြင်းပြင်းရှရှ



နှလုံးသားထဲက



တောင့်တခဲ့ရ ... နင်'မှနင်' ။ ~ ။





♥MOESUTNAY♥

13.2.2011

မနက် 2 နာရီ 10 မိနစ်

Share

" ရှင်သန်ချိန်အလွမ်း "

" ရှင်သန်ချိန်အလွမ်း "

=============





ဖြေးဖြေးချင်းရှုရှိုက်လိုက်တဲ့



အသက်ရှုသံတွေကြားမှာ



မင်းကို လွမ်းတဲ့ ကာရန်တွေပါသွားတယ် ... ။ ~ ။







♥MOESUTNAY♥

19.2.2011

( Sat )

11 : 30 p.m

Share

"ရောင်းတန်းမဖြစ်ခဲ့လေသော …"

"ရောင်းတန်းမဖြစ်ခဲ့လေသော …"

=================



ဖတ်လို့ မကောင်းတဲ့ ငါ့ဒိုင်ယာရီတွေကို

နင်တော့ နှစ်သက်ချင်မှ နင်သက်မှာ

ဒါတွေဟာ နင်ကြိုက်တဲ့

ပေါ့စိမ့်တစ်ခွက်လောက်တောင်

နင့်အပေါ် ဆွဲဆောင်အား ကောင်းနိုင်ပါ့မလား …



နင်နဲ့ ပက်သက်လာရင်

ရင်ထဲမှာ ပြင်းပြင်းပြပြခံစားရပေမယ့်

တဂိုးရဲ့  အနုအလှတွေလောက်

ငါ့ခံစားချက်တွေ နင့်အပေါ်မှာ နုရွမပြနိုင်ခဲ့ဘူး …



လူယဉ်ကျေးမှုကို သိပ်နားမလည်တဲ့ကောင်ပါ …

ဂရုစိုက် နားလည်ခြင်း နဲ့ 

အဖိုးရှိ တန်ဖိုးသိခြင်းဆိုတာကို

ကွဲကွဲပြားပြား နားမလည်တတ်တဲ့ကောင်အတွက်

ဈေးနှုန်းဆိုတာ … ရယ်ဟားချက် တစ်ခုလို ဖြစ်လာတယ် …



တကယ်ဆို ငါက …

တားမြစ်နယ်မြေ မ၀င်ရဆိုတဲ့

ဆိုင်းဘုတ်ကြီးတွေ့ ရက်နဲ့ 

နှုန်းမြင့်တင်ပြီး ဂီယာထိုးဝင်ချင်ခဲ့တဲ့ကောင်ပါ …



ကန့် သတ်ချက်ဆိုတဲ့နေရာ

တားမြစ်ချက်ဆိုတဲ့အရာ

တစ်ခါတစ်ခါမှာ

သိသိကြီးနဲ့ 

ကျော် … ခွ … တိုး … ထွက် … ချင်ခဲ့မိတယ် …



လူမြင်သူမြင် ဘယ်တော့မှ

ထုတ်ပြခွင့်မရခဲ့တဲ့ ငါ့နှလုံးသားထဲက ချစ်ခြင်းတရားတွေ

နင်တစ်ယောက် သိရုံ သက်သက်ပါ

Not For Sale !!!



ပန်းဝင်စောသွားတဲ့

ငါတို့ မာနတရားတွေအတွက်ပေါ့…

………………………………………

………………………………………

တစ်ချိန်ချိန်မှာများ

နင် နားလည်ပေးတတ်ခဲ့ရင်

ငါ့ ချစ်ခြင်းတွေ

ခုထိ ဈေးဘန်းမတင်ရသေးဘူး … ။ ~ ။



♥MOESUTNAY♥

15.2.2011

( Tue: )

4:32 PM

Share

" သုညဖြစ်သွားတဲ့ ငါ့မာနလေး "

" သုညဖြစ်သွားတဲ့ ငါ့မာနလေး "

==================





ဆန္ဒနဲ့ ဘ၀ကြားက

အရောင်ဆိုးထားတဲ့

စက္ကူပါးလေးတွေရဲ့ 

လွှမ်းမိုးအားက

မင်းနဲ့ ငါ့ကြားမှာ သိပ်ကြီးမားလာတယ် …



ငွေဆိုတာ ဒုတိယ ဘုရားသခင်ပါလို့ 

မင်းမေမေက လက်ခံထားတော့ကွာ

ငါကပြုံးရုံလေး ပြုံးပြပေးမယ်ဟ ...



အလှအသွင်မထူးခြားတဲ့

ဘ၀ရှင် လူတန်းစားမို့ 

မင်းတို့ တွေပြောတဲ့

ဂုဏ်ဓနကြားမှာ

ငါလို သုညသမားက

ပိုင်ဆိုင်တာဆိုလို့ 

ကဗျာစာရွက်ပါးလေးတွေပါကွာ …



မင်းကလေးက

အခြေမကြီးတတ်ပေမယ့်

မြေကြီးပေါ်တောင် မရပ်ခဲ့ရသူဆိုတော့

ဖေကြီးရဲ့ အသက်

မေကြီးရဲ့ အသက်

အဲ့တော့ ... ရွှေထီးနဲ့ ပဲ အပ်စပ်မှာပေါ့ ...



မင်းကဂရုမထားပေမယ့်

မင်းပိုင်ဆိုင်ထားတဲ့

Diamond Card , Silver Card နဲ့ 

ဂဏန်းခြောက်လုံးအထက် Cheque လက်မှတ်တွေက

ငါ့အိတ်ကပ်ထဲက

ရာတန်လေးတစ်ချို့ ကို

သိုဝှက်စွာ သရော်ပြနေကြပြန်တယ်ကွ ...



မင်းဖေဖေလို ပရော်ဖက်ဆာ မဟုတ်တဲ့

ငါလို အညတရ ကဗျာဆရာက

ခပ်မွဲမွဲ လူငနဲ မို့ 

ဆန္ဒဆိုတာကို ထိန်းချုပ်

ဘ၀ဆိုတာကို show ထုတ်ဖို့ 

အချစ်ဆိုတာကို မိုးချုပ်နေလို့  မဖြစ်တော့တာပါ ...



ဘ၀ဆိုတာ

စာရွက်လှလှလေးပေါ်

စာရေးချရသလို ...

စာလုံးလှဖို့  မလွယ်ကြလေတော့

ဖြစ်ချင်တာကို ဘေးဖယ်တွေးလို့ 

ဖြစ်သင့်တာကို ရွေးချယ်ကြေးဆိုရင်

ကောင်မလေးရေ

မင်းနံနက်ခင်းတွေ ရောင်နီလင်းဖို့ 

ငါ့ညလေး အိုလိုက်ပါရစေဟာ ...



တကယ်ဆို ...

ကြယ်တွေရေသောက်ဆင်းတဲ့ညမှာ

ငါ့မာနလေး ခြုံခိုလိုက်ရတာ

မင်းကတော့ …

သိနိုင်ပါ့မလားကွာ … ။ ~ ။







♥ MOESUTNAY ♥



Saturday, January 29, 2011 at 3:06am

Share

" ကျရှုံးခြင်း "

" ကျရှုံးခြင်း "

=========





ရင့်ကျက်မှုအိနြေ္ဒတွေလွှမ်းခြုံထားတဲ့

အဖြူရောင်လေးရေ

စစ်ကြောငြာသံ မထုတ်

ခရာမမှုတ်ပဲနဲ့ ကို ...



အလံဖြူပြပြီး

ဒူးထောက်လိုက်ရတာ

ငါ့ အင်ပါယာတစ်ခုလုံး

မင်းမျက်ဝန်းအောက်သို့  ... ။ ~ ။







♥MOESUTNAY♥

25.2.2011

( Fri: )

3:0 p.m.

Share

"ငါဟာ … ပျော့ညံ့ခဲ့တယ် "

"ငါဟာ … ပျော့ညံ့ခဲ့တယ် "

===================







ငါဘယ်တော့မှ မငိုတော့ဘူးဟာ

ဖြစ်နိုင်ရင် နင်နဲ့ ပက်သက်သမျှ အကြောင်းအရာတွေအားလုံးကို

ငါ့ရင်ဘတ်ထဲကနေ ဆွဲထုတ်

မေ့ပြစ်ဖို့ အတွက် ငါကြိုးစားလိုက်တော့မယ် …



ငါ နင့်ကြောင့် ခဏခဏ ငိုခဲ့ရတယ်

နင်နဲ့ ပက်သက်လာရင်

ငါဟာ ငါ့ကိုယ်ငါ

ပျော့ညံ့မှန်းမသိ ပျော့ညံ့တတ်လာတယ် …



ငါမှတ်မိပါတယ်ဟာ

"မျက်ရည်ဆိုတာ ပျော့ညံခြင်းရဲ့ သင်္ကေတ " ဖြစ်ရင်

ငါ့မှာတော့လေ

နင်နဲ့ တွေ့ စကတည်းက ပျော့ညံခဲ့ရတာခုထိပါပဲ

သူငယ်ချင်းရယ် …



နင်နေမကောင်းဘူးတဲ့

နေမကောင်းလို့ ဝမ်းနည်းတယ်လို့ ပြောတဲ့

နင့်ရဲ့ စကားသံတွေကို ကြားရင်

အခြား တစ်ဘက်ခြမ်းကနေ

ငါ့မျက်ရည်တွေက အလိုလိုစီးဆင်းလာခဲ့တယ် …

ငါပျော့ညံ့တတ်တယ် …



နောက်တစ်ခေါက်

နင့်မှာ H1N1 suspect လို့ ငါ့ကိုလာပြောတယ်

မိဝေး၊ဖဝေး တစ်နယ်တစ်ကျေးက

နင့်ကို အားပေးနေရင်း ငါ ... ငါ့မျက်ရည်တွေ

ဘယ်လို ဘယ်လို စီးကျမှန်းမသိ

စီးဆင်းလာပြန်တယ်

ငါပျော့ညံ့ခဲ့ပြန်ရောဟာ …



နင်ငိုတယ် …. နင်ငိုတော့

ငါအွန်လိုင်းပေါ်ကနေ

ဖြေသိမ့်လိုက် သီချင်းလေး ဆိုပြခဲ့တယ်

အွန်လိုင်းပေါ်က နင့်မျက်ရည်တွေကို

သုတ်ပေးမယ်လို့ ပြောတဲ့ငါ

ငါ့ပါးပေါ်ကို မျက်ဝန်းအိမ်က အရည်ကြည်တွေ စီးကျတဲ့အထိ

ငါပျော့ညံ့တတ်ခဲ့မိတယ် …



ငါနင့်ကို သိပ်ချစ်ခဲ့တယ်

သူငယ်ချင်းရယ်

နင့်အနားမှာ နင့်ချစ်သူနဲ့ 

ငါ့အနားမှာ ငါ့ရည်းစားနဲ့ 

ဘယ်လို ၊ ဘယ်ဝါ မပြတ်သားတတ်ခဲ့တဲ့ငါ

ငါပျော့ညံ့ခဲ့မိပြန်တယ်ဟာ …



ဖြစ်ချင်တာတွေ ကြိုးစားဖို့ 

ငါ့စိတ်ငါ ပြတ်သားတော့

နင့်အနားမှာ ချစ်သူရှိနေပြန်ပြီတဲ့

သူငယ်ချင်းရယ်

ငါပျော့ညံ့ခဲ့ပါတယ် …



ငါ့အခန်းထဲမှာ ပရင့်ထုတ်သိမ်းထားခဲ့တဲ့

နင်နဲ့ ငါ့ရဲ့ ချက်လစ်(chat history)လေးတွေ

နင်အတွက် ၀ယ်ဝယ်စုထားတဲ့

Monthly present လေးတွေ

သတိတရနဲ့ ထုတ်ကြည့်မိတိုင်း

ငါ့မျက်ရည်တွေဝဲခဲ့တယ် …

"နင်ဟာ ငါမပိုင်တဲ့ သူများရည်စား " တဲ့လား



နင့်ရင်ခွင်ရဲ့ တစ်ထောင့်တစ်နေရာကို

ပိုင်ဆိုင်နိုင်ခွင့်မရှိခဲ့ရင်တောင်

နင်နဲ့ အဝေးကြီးမှာ မနေချင်တဲ့ငါ

နင်နဲ့ နီးသထက် နီးဖို့  ကြိုးစားခဲ့အခါ

နားလည်မှုလေးတွေတိမ်းစောင်း

တစ်ခါတစ်ခါ ငါ့အပြောအဆိုတွေလည်း

ဖောင်း (foul) ခဲ့တယ်ဟာ …



ငါလေ နင့်ကို မမြင်ဖူး မတွေ့ ဖူးစဉ်ကတည်းက

Hello ဆိုတဲ့ အသံလေးတွေ

Something wrong ဆိုတဲ့ အသံလေးတွေနဲ့ 

ရင်ခုန်ရင်း စွဲလန်းခဲ့တာပါဟာ …



ငါက အပြောအဆိုမာတယ်ဟ …

လူတကာကို အရောတ၀င်မနေတတ်တဲ့ငါက

နင်နဲ့ တွေ့ တဲ့အခါ

ပျော့ပျောင်းတတ်လာတယ် …

နူးညံ့ရုံတင်မဟုတ်ပါဘူး …

ငါဟာ ပျော့ညံ့ခဲ့ရတဲ့ကောင်ပါ … သူငယ်ချင်းရာ



ဂဏန်းခြောက်လုံးအထက်

ဝင်ငွေတွေကောင်းအောင်

ငါရှာနိုင်ခဲ့တယ် …

နင့်ကို ချစ်တဲ့ကောင်က

ဘယ်လိုဘယ်ဝါဆိုတာ

လူကြားထဲ နင်ချပြောရဲအောင်

ငါကြိုးစားပြခဲ့တယ် …

နင့်ရည်းစားနဲ့ နင် ~ အဆင်မပြေဖြစ်တိုင်း

စိုးပိုင်ရဲ့ "အနီးဆုံးလူ"သီချင်းကိုဆိုပြခဲ့တယ်

ငါက ကောက်ရိုးပုံစောင့်ခဲ့တာမဟုတ်ပါဘူး … သူငယ်ချင်းရယ်

မခူးထိုက်လို့  အလှငေးကာ

နင်တစ်ယောက်ပျော်နေရှာတာလေးကြည့်ပြီး

ကျေနပ်နေမိတဲ့

ခပ်ညံ့ညံ့ကောင် တစ်ယာက်ပါလေ …



နင့်မျက်ဝန်းနက်က

မိုးလေ၀သကိုဖတ်တိုင်း

ငါ့ကောင်းကင်မှာ လေနီကြမ်းခဲ့တယ်ဟာ …

ငါဟာ တကယ် ပျော့ညံ့တတ်တာပါ … ။ ~ ။





♥MOESUTNAY♥

15.2.2011

( Tue: )

11:30 a.m.

Share

" စံပယ်ပွင့်ချိန် "

" စံပယ်ပွင့်ချိန် "

===========



စံပယ်တွေပွင့်တိုင်း

နင့်ကို လွမ်းတယ် ...

နင့်အတွက် စိုက်တဲ့

စံပယ်ပန်းလေးတွေ

အစီအရီ ပွင့်နေကြပြီ ...

ငါစိုက်တဲ့ စံပယ်တွေ

ပွင့်လန်းနေတော့

သူတို့ ငါ့ကို သရော်ကြပေါ့

"ရည်ရွယ်သူ ... သူ့ ကေသာက

မင်းဖို့ များ ဟုတ်မတဲ့ကွာ" ... !!!





♥MOESUTNAY♥

13.3.2011

( Sun: )

1 : 30 a.m.

Share

" စာအိတ်မဲ့ ဖိတ်စာ "

" စာအိတ်မဲ့ ဖိတ်စာ "

==============



မျှော်လင့်ချက်တွေကို ဒိုင်ယာရီထဲ

အစီအရီ ချရေးမိတဲ့နေ့  …

ဆန္ဒနဲ့ ဘ၀ကို တစ်ထပ်တည်းကျအောင်

ညှိနေရသေးသရွေ့  …

နေနဲ့ ည ဆိုတာ

ကမ္ဘာလည်ပတ်လို့ သာ ပြောင်းလဲသွားတယ် …



ငါ့စိတ်တွေက ဒီအတိုင်းပဲ

ငါ့ခံစားချက်တွေက အရင်အတိုင်းပဲ …

မိုးပေါ်ကို မော့ကြည်လိုက်မိတယ် …

ဝိုင်းစက်စက်လမင်းကြီးရယ် …

ကြယ်တွေရယ်

မျှော်လင့်ခြင်း စိတ်ကူးတွေရယ် …



ဟား …

တစ်နေ့ နေ့ ရောက်ရင်ဆိုတဲ့ အတွေးနဲ့ 

ငါ့အိပ်မက်လေးတွေ ပိုးမွေးသလို

ပျိုးပေးထားခဲ့တယ် …



နင်သိလို့ နေပါစေဟာ …

တကယ်ကို ဖြားယောင်းသွေးဆောင်မှုအတိကင်းတဲ့

ငါ့ရင်ခုန်ခြင်းတွေ နင်ရှိတဲ့အရပ်ကို

ခရီးထွက်ခဲ့တယ် …



စိတ်ကူးထဲမှာ ပျော်စရာကွာ

ပြာလဲ့လဲ့ကောင်းကင်ကြီးရယ်

နင်ရယ် ငါရယ်

သက်တံတွေရယ်

ပင်လယ်ကြီးရယ်

အရာအားလုံးက ပီပီပြင်ပြင်နဲ့  စမတ်ကျနေတယ် …



တစ်ပြားမှ မပေးရဘဲ

အခမဲ့စီးလို့ ရတဲ့ စိတ်ကူးယဉ်ကြီးထဲမှာ

နင်နဲ့ ဆိုတာ ~~~ အခါခါပါ …



နှလုံးသားဝါဒီသမားမှာ

စကားလုံးအသာချီနေဖို့ မတတ်လို့ 

ငါ့မျက်ဝန်းနက်တွေကသာ

မင်း ဖတ် ၊ မှတ် သွားပါတော့ …



နေမထွက်သေးတဲ့ ငါ့ညတွေအဖို့ 

နင်သနားလို့ စာနာတတ်မယ်ဆိုရင်

အကြင်နာ တစ်ပွင့်လောက်

ခြွေလွင့်ခဲ့ပါဟာ …



နင်မြင်တတ်ရင်ပေါ့

၂၁ ရာစု ချာတိတ်တစ်ယောက်ရဲ့  ရင်ဘတ်ကို

မင်းနှလုံးသားနဲ့ သာ

ဝင်ဖတ်သွားပါတော့ကွာ … ။ ~ ။



♥MOESUTNAY♥

8.3.2011

( Tue: )

11 : 45 p.m.

Share

" ကြယ်စုံည "

" ကြယ်စုံည "

=========



ကြယ်တွေစုံတယ် ...

နင့်အပြုံးလေး မြင်လိုက်ရရင်ကို

ငါ့ကောင်းကင်မှာ ကြယ်တွေစုံတယ် ...

အဲ့လိုမျိုး ...

ကောင်းကင်ကို မျှော်ငေးရင်း

နင့်အပြုံးလေး မြင်ခွင့်ပေးပါ ...



ကောင်မလေးရယ်

အကာလ ညအခါဝယ်

နင်ကလေး ပြုံးလိုက်စဉ်ကွယ်

ငါ့ကောင်းကင် ကြယ်စုံသွားတယ် ... ။ ~ ။



♥MOESUTNAY♥

13.3.2011

( Sun: )

10 :00 a.m

Share

" ရင်ဘတ်တူသူများ "

ကျွန်တော်တို့ ဟာ

ယဉ်ကျေးမှုတစ်ခုကို

အတူတူ စီးမျောခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

ရင်ခုန်သံတွေကို

ကိုးကွယ် ယုံကြည်ခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

အယူအဆတွေ ညီမျှလို့ 

နားလည်မှုတွေ ဝေမျှခဲ့ကြတယ် ...



ကျွန်တော်တို့ ဟာ

ယုံကြည်ချက်တွေ ကိုင်ဆုပ်ရင်း

အိပ်မက်တွေကို မွေးထုတ်ခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

ရိုးသားမှုကို မြတ်နိုးလို့ 

အမှန်တရားကို တန်ဖိုးထားတတ်ခဲ့ကြတယ် ...




ကျွန်တော်တို့ ဟာ

ခံစားချက်တွေ အသက်သွင်းလို့ 

ကဗျာအလင်းတန်းတွေ ထင်းစေခဲ့တယ် ... ။ ~ ။








♥MOESUTNAY♥

13.3.2011

( Sun: )

1 : 00 p.m.

(( ၀ါသနာတူ ကဗျာချစ်သူ သူငယ်ချင်းများသို့  ))

Share

" ငါ နင့်ကို ချစ်တယ် "

" ငါ နင့်ကို ချစ်တယ် "

==============







ထိထိရှရှ ပြင်းပြင်းပြပြနဲ့ ကို လွမ်းတယ် ...

နင့်ကို ငါ လွမ်းတယ် ...

သွေးချေဥနေတဲ့ နှလုံးသားက

ငတ်မွတ်စွာ တောင့်တနေမိတာ

နင့် နာမည် ...



နင့်နာမည်လေး စာတမ်းထိုးဖို့ 

ကောင်းကင်ကို စီးချင်းတက်ထိုးခဲ့တယ် ...

အနောက်ဘက် မိုးတိမ်တွေ

မျောလွင့်ရင်း ...

အရှေ့ ဘက်ခြမ်းက ငါ့အလွမ်းတွေကိုတောင်

ဝင်တိုက်သွားမှာ စိုးရတယ် ...

ငါ့ရဲ့  တစ်ကိုယ်တော် ကောင်းကင်မှာ

နင်တစ်ယောက်ထဲသာ ထွန်းလင်းပေးပါ ...



ခပ်လွင့်လွင့် တိမ်တိုက်တွေနဲ့ အတူ

အတိတ်တစ်ချို့ စေစားကြည့်တော့

ဒိုင်ယာရီဟောင်းရဲ့  စာမျက်နှာ

နက်စ်ကော်ဖီ တစ်ခွက်

Clorets ပီကေ တစ်တောင့်

အရာအားလုံးကို Data Backup လုပ်ထားခဲ့တယ် ...



ငါ့အလွမ်းတွေက ၀ိုးတ၀ါး

ငါ့အချစ်က သိပ်သည်း

ငါ့ခံစားချက်တွေက မှောင်ရိပ်သန်းခဲ့တယ် ...



အလွမ်းဆိုတာ

ဆေးဖြစ်၊၀ါးဖြစ်မှီဝဲလို့ မကောင်းတဲ့

ဓါတ်စာဆိုတာ ~ ငါအစောကတည်းက

သိပါတယ်ဟာ ...



ဒါပေမယ့် ...

နင့်အပြုံးတစ်ချက်နဲ့ တင်

တစ်နေ့ ကို ထမင်း သုံးနပ် ၀ နေခဲ့တဲ့

ငါလိုကောင်က

နင့်အကြောင်းတွေချည်းပဲ

တစ်နေကုန်ထိုင်တွေးလို့ 

ခပ်ရေးရေး ဖော်ကြည့်မိတာ ...

မျက်လုံးဝိုင်းလေး

စူတူတူ နှုတ်ခမ်းတစ်စုံ

ဂျစ်ဆတ်ဆတ် အပြုအမူတို့ 

..................................

နမိတ်ပုံ ထင်ဟပ်တော့

အရာအားလုံးက

အချိုးကျစွာ လှပနေတယ်ဟာ ...



ပြီးတော့ ~ နင့်နာမည်

အရာရာအားလုံးကို

ရှိတ် ( Shake ) လုပ်လိုက်တော့

ငါ့ဝဲဘတ်ရင်အုံက

တဒိတ်ဒိတ် ဖြစ်လာပေါ့ ...



ငါ နင့်ကို ချစ်နေတာလား

ငါ နင့်ကို ချစ်မိတာလား

ငါ နင့်ကို ချစ်သွားတာလား

ငါ့ရင်ဘတ် အသာဖိလို့ 

ငါ့ကိုယ်ငါ ပြန်မေးမိတယ် ...



သေချာပါတယ် ...

ဒီကောင် ... ငစွတ်

ချစ်ခဲ့တယ် ...



ငါ့စိတ်ထဲမှာ

ငါ့နာမည် ပျောက်တဲ့အထိ

နင့်ကိုငါ ချစ်ခဲ့မိတယ် ... ။ ~ ။







♥MOESUTNAY♥

7.3.2011

( Mon: )

1 : 30 a.m.

Share

Thursday, 17 March 2011

" နှလုံးသား၌ ဖြစ်တည်တဲ့ ချစ်ခြင်း ( ၃ ) "

" နှလုံးသား၌ ဖြစ်တည်တဲ့ ချစ်ခြင်း ( ၃ ) "

=======================

သူငယ်ချင်းအောင်မြင်ကတော့ ပြောတယ် …

ချစ်မိသူက အရှုံး

တစ်ဖက်သက်ချစ်သူက ဆတ်စလူးကိုခါရော တဲ့

အာဟ … ဒါဆို ငါနင့်ကို ချစ်တယ်

ရှုံးပြီပဲပေါ့ … အရှုံးကြီးရှုံးပါစေတော့ …



ကြယ်စင်ရယ်

ငါရှုံးရမှာကို မကြောက်ပါဘူး

မကြောက်တတ်လို့ လည်း

ရှုံးတော့မယ်ဆိုတာသိသိကြီးနဲ့ 

ရည်းစားရှိနေတဲ့ နင့်ကိုမှ

ရဲရဲကြီး ငါချစ်ခဲ့တာလေ …



ပိုင်ရှင်ရှိပြီးသား လူကို

ရင်မခုန်ရဘူးလို့  ဘယ်ဥပဒေကမှ

မတားမြစ်ထားလို့  … ငါ့ခံစားချက်တွေ

လွတ်လပ်စွာ မသမာ ခဲ့တာလေ …



နင့်ကို ချစ်တဲ့ စိတ်တစ်ခုနဲ့ 

အရာရာကို ရင်ဆိုင်နိုင်ဖို့ 

ငါ့မှာ သတ္တိတွေရှိခဲ့တယ် …



ကြယ်စင်ရယ်

ငါက ‘ငတေ’ တစ်ကောင်ပါ

ပေတေတေ ၊ ထူကပ်ကပ်နဲ့ 

ရင်ခုန်သံကို တွယ်ကပ်နေခဲ့တဲ့ကောင်

နင်ငါ့ကို အာပလာကောင်လို့ တော့ မပြောပါနဲ့ ဟာ

ငါ နင့်ဖို့  ကမ္ဘာငယ်တစ်ခု ဖန်ဆင်းထားတယ်ဟ

ငါ့ကမ္ဘာငယ်ထဲမှာ …

နင်ရယ် … ငါရယ်

ငါဆိုစပ်တဲ့ တေးကဗျာတွေနဲ့ 

နင်လိုအပ်မယ့် တစ်ခြားအရာတွေပေါ့

လှမ်းလာပါလို့  မခေါ်ရက်ပေမယ့်

ဆန္ဒပါ … ကြယ်စင်ရယ်

နင်ကလေး စိတ်ခိုင်ရင်

အပြီးအပိုင်လည်း ဖြစ်ပါတယ် …



ငါက နင့်ရဲ့ ဂြိုလ်ကောင်လေးလို့ တော့ မပြောနဲ့ ဟာ

တစ်ဖက်သက်ဆန်စွာ စီးမျောခဲ့တဲ့

ငါ့ရင်ခုန်သံတွေရဲ့  စိတ်ကူးယဉ်ကမ္ဘာငယ်က

နှလုံးသားရဲ့  အလိုတော်ကျပါပဲ …



ရင်မခုန်တတ်တဲ့ နှလုံးသားထက်စာရင်

အသက်ရှုရပ်နေတဲ့ အသဲနှလုံးကမှ ပိုလို့ ကောင်းဦးမယ် လို့ 

မှတ်ထင်ထားတဲ့ကောင်လေ



ဒီလိုနဲ့ ပဲ

တောက်တစ်ချက် ခေါက်မိတယ်

ကံတရားကို လက်ညှိုးထိုးပြီး

နှုတ်ခမ်းကိုက် မျက်မှောင်ကျုတ်တယ် …



(( ဟားဟား … လောကကြီးကို ဟားတိုက်ရယ်ပစ်ချင်တယ် … ))



21ရာစု လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်မှာ

အဆင်မပြေမှုတွေ သိပ်များနေတာကို

ဘယ်နတ်ဘုရားကမှ မစီမံပေးကြတော့ဘူးလား …



ကြယ်စင်ရယ်

နင်က ငါ့ကောင်းကင်မှာ

ထွန်းလင်းနေတဲ့ ကြယ်လေးတစ်စင်းလေ

ငါက ငေးကြည့်ရုံနဲ့ 

ပြီးပြည့်စုံနေခဲ့တာ

ဘယ်လောက် ကျေနပ်ဖို့ ကောင်းလိုက်သလဲဟာ …



ဟိုး … ခပ်ဝေးဝေးက

ကြယ်ကလေးရေ

ဒါလေးပါပဲ …

ငါ နင့်ကို သိပ်ချစ်တယ်ဆိုတာ

နင် သိစေချင်ရုံလေး … ။ ~ ။



♥MOESUTNAY♥

16.3.2011

( Wed: )

3 : 00 p.m.


Share

"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၁ )"

"နှလုံးသား၌ ဖြစ်တည်တဲ့ချစ်ခြင်း ( ၁ )"
===========================

ကြယ်စင်ရေ ...

အချစ်ဆိုတာ သူ့ ဟာနဲ့ သူ

အဓိပ္ပာယ်ရှိနေနိုင်ပေမယ့်

ဖွင့်ဆိုဖို့  နက်နဲတဲ့အရာဆိုတာ

နင်နဲ့ တွေ့ တဲ့အခါ ...

ငါ ကောင်းကောင်း နားလည်သွားတယ်ဟာ ...



နင့်ကို စချစ်မိတုန်းက

ငါ ချစ်တဲ့စိတ်နဲ့ အရယူ ချင်ခဲ့တယ် ...



နင့်ကို ငါချစ်မိတော့

ပိုင်ဆိုင်ဖို့ အတွက်

ငါ ကြိုးစားချင်ခဲ့တယ် ...



ငါချစ်တဲ့နင်

ငါ့ကို မုန်းသွားမှာကြောက်တော့

နင့်အတွက်ဆို

ဘာကြီးဖြစ်ဖြစ် ငါပေးဆပ်ချင်ခဲ့တယ် ...



နင်ပျော်နေရင် ငါဝမ်းသာလို့ 

အချစ်ဆိုတာ စွန့် လွှတ်ရရင်တောင်

ကျေနပ်စရာလို့  ငါမှတ်ထင်လာတယ် ...



ငါချစ်ခဲ့မိတယ် ...

နင့်နင့်စူးစူး

ရင်ထဲရူးလောက်အောင်ကို ချစ်ခဲ့ဖူးတယ် ...

ငါတကယ်ချစ်တတ်လာခဲ့တယ်

ဒါပေမယ့် အဲ့အချစ်ကို ...

ငါနားလည်ပြီထင်လို့ 

ပြဇာတ်တင်မယ်လုပ်တော့

" စွန့် လွှတ်ရုံသာ " ဖြစ်ရမည်ဟု

ဇာတ်ညွှန်းဆရာက စာတန်းထိုးချသွားတယ် ...



ဘယ်သူကျေနပ်မလဲဟာ

ကိုယ့်ချစ်တဲ့သူကို

ကိုယ်မပိုင်ဆိုင်ချင်တာ

ဘယ်သူရှိမလဲ ...



စိတ်ထင်ရာတွေးပြီး

ကံတရားကို အပြစ်ဖို့ တော့

လူ့ ညံ့ လို့ ဆိုချင်ဆို

ငါတော့လေ ...

တစ်ခါတစ်ခါ ကံကြမ္မာကိုစိတ်နာတယ်

နင်နဲ့ ပက်သက်ရင် မျက်နှာမှမပေးခဲ့တာ ...



တစ်ချို့ တွေပြောပြောနေတဲ့

အချစ် ... အချစ်ဆိုတာ

စကားအဖြစ်သာလွယ်တာပါ

တကယ်တမ်း ချစ်ကြည့်ရင်

ထင်သလောက် သိပ်မနိတ်ပါဘူးဟာ ...



တကယ်ဆို ငါလိုကောင်က

ငါ့အသည်းက မာပါတယ်ဟာ

တော်ရုံတန်ရုံလောက်နဲ့ တော့

ငါ့အမြင်အာရုံမှ ရင်မခုန်ခဲ့ဖူးဘူး ... လို့ 

ကိုယ့်ကိုယ်ကို သံကောင်းဟစ်နေကာမှ

ဘယ်လိုဘယ်လိုက

နင်နဲ့ အတွေ့ မှာ ထုံမူးသွားလည်း မသိဘူးရယ် ...



အသဲကွဲတဲ့အရသာက ဘယ်လိုဘယ်ဝါဆိုတာ

သူများတကာအပေါ် လူတွင်ကျယ်လုပ်ခဲ့တဲ့ငါ

ငါ့အလှည့်ကျတော့ ... ကွဲဖို့ မပြောနဲ့ 

နည်းနည်းလေးတောင် အထိခံဘူး ...

ငါ့ရင်ဘတ်က နင်နဲ့ တွေ့ တော့

sensitive ဖြစ်တတ်လာပြီဟာ ...



ငါ့ဘ၀ရဲ့ စာမျက်နှာတွေထဲမှာ

နင်နဲ့ ပက်သက်တဲ့ အိပ်မက်လေးတွေကလည်း

တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ 

ကြီးစိုးကာ နေရာယူခဲ့ကြဖူးတယ် ...



ငါ့ညတွေရဲ့ 

အခါမလပ် မက်မက်နေတဲ့ အိပ်မက်တွေမှာ

နင့်က ငါ့ရဲ့  အိပ်ဖန်စောင့်နတ်သမီးလည်းဖြစ်ခဲ့ဖူးတယ် ...



အိပ်မက်ဆိုတာ ...

အာရုဏ်ကျင်းလို့  မိုးလင်းရင်

ပျောက်ကွယ်သွားတတ်တယ်ဆိုပေမယ့်

တစ်ချို့ အိပ်မက်တွေကတော့

ဘ၀တစ်လျှောက်မှာ

တောက်လျှောက် မက်နေခဲ့တဲ့အရာမျိုးပါ ...



ငါမပြောခဲ့ရဖူးဘူး ...

နင့်မျက်ဝန်းကိုကြည့်ပြီးတော့

နင်ဟာဒီကမ္ဘာမြေပေါ်က ငါအချစ်ဆုံး

သူစိမ်းလူသားပါလို့  ...



ငါမမေးခဲ့ရဖူးဘူး ...

နင့်နှုတ်ဖျားက စကားတွေကို နားစွင့်လို့ 

နင်ချစ်ခဲ့တဲ့သူထဲမှာ ငါပါခဲ့လေသလားလို့  ...



ငါမသိလိုက်ရပါဘူး ...

နင်ဘယ်အချိန်က ငါ့ကို ချစ်လို့ 

ဘယ်အချိန်မှာ ငါ့ကို ပစ်ခဲ့တာလဲဆိုတာ ...



ငါသိလိုက်ပါတယ် ...

နင်နဲ့ ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာ

နင်ငါ့ကို မချစ်နိုင်တော့ဘူးဆိုတာ ...



နင်နဲ့ ဝေးမယ့်အကြောင်းအရာတွေကို

စဉ်းစားမိတိုင်း ... ငါငိုချင်လာတယ်ဟာ

အဲ့လို ဖြစ်လို့  ငါဟာ ပျော့ညံ့တတ်တဲ့ကောင်လို့ တော့

နင်အပြစ်မတင်ပါနဲ့ ဟာ ...

ခက်ထန်ရိုင်းစိုင်းတဲ့ လူ့ အန္ဓတွေတောင်

အချစ်နဲ့ တွေ့ ရင်

ပျော့ပျောင်းနူးညံ့သွားတတ်သေးတာပဲ ...

ငါလိုကောင်က ဘာမို့ လို့ လဲနော် ...



တစ်ခါတစ်ခါ ...

တစ်စုံတစ်ရာ ထိုးနှက်ချက် ပြင်းထန်ပုံများ

နင်နဲ့ ဝေးရမယ်ဆိုတာလေး တွေးမိရုံပါ

ရင်ထဲက စကားလုံးတွေကို စောင့်ရင်း

ကောင်းကင်က ကြယ်လေးတွေ

တဖြုတ်ဖြုတ်ကြွေလို့ 

ငါ့ဆီမှာ ...

ကြယ်ရောင်ရော ... လရောင်ရော

ပျောက်ခဲ့လေရောဟာ ... ။ ~ ။





♥MOESUTNAY♥

12.2.2011

10 :30 p.m.

Share

" နှလုံးသား၌ ဖြစ်တည်တဲ့ ချစ်ခြင်း ( ၂ ) "

ကြယ်စင်ရယ်

ကျေးဇူးပြု၍ နားလည်ပေးပါ

ဒီကောင့် … ရင်ခုန်သံတွေ ရိုးသားစွာ

ဘောင်ကျော်ခဲ့ဖူးတယ် …

ကွယ်ဝှက်ထားတဲ့ ငါ့နှလုံးသားက

ပွင့်လင်းတဲ့ နင့်ဟန်ပန်တွေကြား

ဖုံးမရ ၊ ဖိမရ ပြိုကျခဲ့ရဖူးတယ် …



ကြယ်စင်ရယ်

ကျေးဇူးပြု၍ ငဲ့ကြည့်ပေးပါ

ဒီကောင့် … အပြုအမူတွေ ဖြူစင်စွာနဲ့ 

လိမ်ညာနေပြဖူးတယ် …

မြိုသိပ်ထားတဲ့ ငါ့ခံစားချက်က

ထက်မြက်တဲ့ နင့်တွေးခေါ်မှုတွေကြား

နူးညံ့စွာ အရှုံးပေးသွားရတယ် …



ကြယ်စင်ရယ်

ကျေးဇူးပြု၍ ခံစားပေးပါ

ဒီကောင့် … အကြင်နာတွေ မုသားမဲ့

နင်တစ်ယောက်အတွက်ပဲ ဘက်လိုက်ခဲ့ဖူးတယ် …

မျှော်လင့်ထားတဲ့ ငါ့အိပ်မက်တွေက

ပြတ်သားတဲ့ နင့်ဆုံးဖြတ်မှုကြား

ငြိမ်သက်စွာ အိပ်မောကျသွားတယ် …



တစ်သက်လုံး ထိန်းချုပ်ကာ

နှုတ်ဆိတ်လိုက်မယ့် စကားတစ်ခွန်း

ရေစီးအသွင်သာ ပြောင်းလဲနိုင်ရင်တော့လား

ငါ့နှလုံးသားထဲက အရိုးခံမြစ်တစ်စင်း

နင့်ရင်ကို … ထာဝရ စီးဆင်းခွင့်ပြုပါ … ။ ~ ။



♥MOESUTNAY♥

16.3.2011

( Wed: )

12 : 30 a.m.

Share