Thursday, 29 March 2012

" Google ကျေးဇူးတော် "




ကမ္ဘာကြီးဟာ ရွာကြီးဖြစ်လာပြီတဲ့ ~

ကျေးဇူးတင်ပါတယ် Google ရယ်

www.google.com ဆိုတဲ့  URL ကိုရိုက်လို့ 

Google ရဲ့  search engine box ထဲမှာ

မသိတာလေးကို ရိုက်ထည့်ပြီး

လိုချင်တဲ့စာလေးတစ်ချို့  ငါရှာဖွေလို့ ရခဲ့တယ် ...

သိချင်တဲ့သမိုင်းကြောင်း ငါစူးစမ်းလို့ ရခဲ့တယ် ...

နှစ်သက်တဲ့သီချင်းတစ်ချို့  ငါအလွယ်တကူပိုင်ခဲ့တယ် ...

software ကောင်းကောင်းတစ်ချို့  free download ငါရခဲ့တယ် ...

ကမ္ဘာနဲ့ တစ်ဝှမ်း up to date သတင်းတစ်ချို့  ငါဖတ်ရှူ့ လို့ ရခဲ့တယ် ...

အဖိုးအခတစ်ပြားမှ မပေးရဘဲ မင်းပေးတဲ့ 

free gmail account လေးတစ်ခုလည်း

အချိန် သုံးမိနစ်မကြာဘဲ ငါပိုင်ဆိုင်ခဲ့တာ

အခုဆို အလွန်ကို ဟန်ကျနေပေါ့ ...

ရေမြေခြားလို့ ၊တစ်နယ်စီဝေးနေတဲ့ သူတွေဆီကိုလည်း

မင်းရဲ့ ကမ္ဘာလုံးကြီး( Google Earth ) ကို mouse လေး

ဘယ်၊ညာရွေ့ လို့ click ကလေးနှိပ်ကာ

ငါလည်လည် သွားနိုင်ခဲ့တယ်လေ ...

ဘာအခွန်အခမှ မပေးရဆောင်ရဘဲ

အွန်လိုင်းပေါ်မှာ ငါ့ကိုယ်ပိုင်ဆိုဒ်လေးလွှတ်တင်နိုင်ခဲ့တယ်လေ...

ရေမြေတွေခြား၊တစ်နယ်စီဝေးတဲ့  ကမ္ဘာကြီးအောက်က

ငါတို့ တွေလည်း ရင်နှီးလို့ ခင်မင်၊သူငယ်ချင်းတွေဖြစ်ခွင့်ရခဲ့တယ်လေ ...

မသိမကျွမ်း၊မမြင်၊မစမ်းနဲ့  မင်းရဲ့  Communication အစွမ်းကြောင့်

ငါတို့ မှာ သံယောဇဉ်ဖြစ်ခဲ့ရရှာပြန်ရော ...

Globalization ဆိုတာ ကမ္ဘာရွာကြီးတဲ့ 

ငါကတော့ မင်းကျေးဇူးတော်ကြောင့်

အွန်လိုင်းပေါ်တက်လို့ ရယ်

ဒီရွာကြီးထဲမယ်

ရွာသားအဖြစ် ဖြစ်တည်ခွင့်ရခဲ့ပြန်တယ်ကွယ် …။ ~ ။




♥MOESUTNAY♥


6/16/10



Share

Wednesday, 28 March 2012

"သူလို <----> ကိုယ်လို"


*ကျေနပ်တာတော့

မဟုတ်ပေမယ့်

နေတတ်အောင်တော့ ~ နေခဲ့မိပါရဲ့ ... ။

တစ်စုံတစ်ရာကို ...ကျေးဇူးတင်မိခဲ့တယ်

တစ်စုံတစ်ရာကို ...နာကျည်းချင်မိခဲ့တယ်

တစ်စုံတစ်ရာကို ... အပြစ်တင်မိခဲ့တယ်

တစ်စုံတစ်ရာကို ... မုန်းချင်မိခဲ့တယ် ..... ။

ဒါပေမယ့် ...

အဲ့ တစ်စုံတစ်ရာ ကို

ဘာရယ်မှန်း ... ငါမသိခဲ့ဘူး ... ။

* တစ်ခါတစ်ခါ တွေးပြီးပြုံးမိတယ် ..။

< HTML > = MSN + Kgmalay

* အွန်လိုင်းပေါ်မယ်... စာတက်ရေးမယ် ။

Globalization ~ Telepathy

Idle : Not working

Chatting : Q Q

Invisible : Stealthily

moesutnay.co.cc : error

Ŧ Finished : Absolutely

ဘယ်လိုနာမ၀ိသေသနတွေ ရှေ့ ကပ်မလဲ ...

ဘယ်လိုဂုဏ်ပုဒ်တွေ တပ်မက်မလဲ ...

ဘယ်လိုတွေ မှတ်ချက်ပေးမလဲ ...

Plz , D N D ! ကျွန်တော်မတွေးတော့ဘူး ...

*အတိတ်ကို ကျွန်တော်ပြန်ဝင်စားတော့

ချစ်သူက ... (အမုန်း)

မိတ်ဆွေက ... (ဒေါသ)

အသိုင်းအ၀ိုင်းက ... (ဥပေက္ခာ)

လောက က ... (ဗလာ)

I don't worry about it !

ဘာပဲဖြစ်ဖြစ် အားလုံးကို

" မင်္ဂလာပါ " .......................။ ။

♥MOESUTNAY♥


Share

“ဒြပ်မဲ့ လက်ဆောင်”




“ဒြပ်မဲ့ လက်ဆောင်”

ချစ်လို့ပေးတဲ့ လက်ဆောင်

ကြောက်လို့ပေးတဲ့ လက်ဆောင်
ပေးသင့်လို့ပေးတဲ့ လက်ဆောင်
ပေးချင်လို့ပေးတဲ့ လက်ဆောင်
ပေးထိုက်လို့ပေးလိုက်တဲ့ လက်ဆောင်

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လူတိုင်းရဲ့ ဘ၀မှာ အမှတ်တရ လက်ဆောင်လေးတွေ ကိုယ်စီရရှိခဲ့ဖူးကြမှာပါ ။ အဲ့လိုပဲ ကျွန်တော့်မှာလည်း
အမှတ်ရဖွယ်ရာ အမှတ်တရလက်ဆောင်လေးတွေ အများကြီး ရခဲ့ဖူးတယ် ။ ကျွန်တော့်ကို လက်ဆောင်လေးတွေ
ပေးတိုင်း မြတ်နိုးစွာ တန်ဖိုးထား သိမ်းဆည်းတတ်သလို ၊ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်ချစ်တဲ့သူတွေကို လက်ဆောင်လေးတွေ ပေးလေ့ရှိတတ်တယ် ။

တန်ပြန် တုံ့ပြန်မှုကို မမျှော်မလင့်ဘဲ ပကတိအရောင်ကင်း၍ အကျိုးရလာဒ် တစိုးတစေ့မျှမပါရှိသည့် လက်ဆောင်မျိုးဆိုလျှင်
ဘောပင်လေး တစ်ချောင်း ၊လက်ကိုင် ပုဝါလေးတစ်ထည် လောက်ကအစ ... ကျွန်တော် ကောင်းကောင်းကြီး တန်ဖိုး ထား တတ်နိုင်ပါတယ် ။ ( ခြွင်းချက် အနေဖြင့် ကြည်နူး ၊ ပီတိ ပျော်ရွှင်မှုကိုတော့ မျှော်လင့်မိပါ၏။ ) ကျွန်တော်ကဘာကြောင့် လက်ဆောင်လေးတွေကို တန်ဖိုးထား နှစ်သက်တာ လဲဟု ဆိုလျှင် ... လူတစ်ဦး၏ အလေးအနက်ထားရှိမှုကြောင့်
တန်ပြန်လာသည့် တုံ့ပြန်ရလာဒ်ကို နှစ်လိုဖွယ် အသိအမှတ် ပြုတတ်ခြင်း ကြောင့်ပင် ဖြစ်လိမ့်မည် ။

တကယ်တော့ကော ~ လက်ဆောင် ဆိုတာ ဘာလဲ ?

ပေးသူနဲ့  လက်ခံသူရဲ့ အကြားက ဘာသာစကားတစ်ခုပေါ့ဗျာ ။ လူတစ်ချို့က ကြောက်ရတဲ့အခါမျိုးမှာ လက်ဆောင်ပဏ္ဍာဆက်သကြတယ် ။ လူတစ်ချို့က ချစ်ကြတဲ့အခါ အမှတ်ရဖွယ် လက်ဆောင်တွေ ပေးကြတယ် ။ လူတစ်ချို့က ပေးသင့်၊ပေးအပ်တဲ့အခါ ပေးထိုက်တဲ့အရာအဖြစ် လက်ဆောင်တွေ ပေးကြတယ် ။ သုံးစွဲပုံလည်းမတူပါဘူး ။ အသုံးပြုပုံလည်း မတူဘူးဗျ ။ အဲ့ဒီအရာကို နားနဲ့ လည်း ကြားလို့ရတယ် ၊ နှလုံးသားနဲ့ ခံစားလို့ရတယ် ၊ ဦးနှောက်နဲ့လည်းသိမြင်နိုင်လို့ရတယ်။

ရာထူးဂုဏ်သိမ်ရှိသူကို အောက်လက်ငယ်သားတွေက ဆက်သတဲ့လက်ဆောင် ကိုတော့ ဦးနှောက်နဲ့ 
နားလည်လို့ရတယ် ။
ချစ်သူခင်သူ အချင်းချင်းပေးတဲ့ မေတ္တာလက်ဆောင်တွေကိုတော့ နှလုံးသားနဲ့ ခံစားလို့ရတယ်။
အခြေအနေအကြောင်းတရားတစ်စုံတစ်ခုကြောင့် ရရှိလာပြန်တဲ့လက်ဆောင်ကိုတော့ အသိစိတ်က လက်ခံလိုက်လို့ရတယ် ။

လက်ဆောင်တဲ့ . . . စကားလုံးလေးကတော့ နှစ်လုံးတည်းရယ် ။ ဒါပေမယ့် အများကြီး တာသွားပါတယ် ။ ပေးကမ်း
စွန့်ကျဲသူရဲ့ မေတ္တာတရား ၊ လက်ခံရယူသူရဲ့ ကြည်နူးပီတိများ ... သူ့ ဆီမှာ အများကြီး ပါသွားတယ်လေ ။ စာအုပ်
တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့လို့ ~ သိပ်ဘ၀င် မကျ တာလေး တစ်ခုရှိတယ် ။ စာသားလေးက ဒီလိုဗျာ “တကယ်တော့
လက်ဆောင်ဆိုတာ ... လက်ထဲမှာ အမြဲဆောင်ထားခွင့်ရနေမယ့် အရာတစ်ခုပါ” တဲ့ ။ ဒီလိုသာဆိုရင် ~ ကျွန်တော်တို့
လက်ဖ၀ါးတွေနဲ့  ဖမ်းဆုပ်လိုက်နိုင်ခွင့်မရတဲ့ ၊ ဆုပ်ကိုင် ဆောင်ထားလို့ မရတဲ့ အရာတွေကျတော့ ... လက်ဆောင်လို့ မခေါ်တွင်တော့ဘူးလား ။ ကျွန်တော် ရိုးရိုးလေး တွေးလို့ ကျွန်တော့်အမြင်လေး ပြောရရင် ~ လက်ဆောင်ဆိုတာ ...
ရရှိခြင်းလို့ပဲ ... အရိုးရှင်းဆုံး ဖွင့်ဆိုပါရစေ ။


တကယ်တော့ ... သာမန်မျက်စိနဲ့ မမြင်နိုင်ဘဲ ၊ ထုထည်မတည်ရှိသော ဖမ်းဆုပ်နိုင်စွမ်းမဲ့တဲ့ အရာတွေဟာလည်း

တစ်ခါတစ်ရံမှာ လက်ဆောင်လေးတွေ ဖြစ်နေတတ်ပါတယ် ။
ချစ်သူကိုပေးတဲ့ စာလေးတစ်ကြောင်းဟာ ... ရင်ဘတ်နဲ့ ခံစားလို့ ကောင်းတဲ့ လက်ဆောင် ။ အနမ်းလေးတစ်ပွင့်
ဟာတော့ နှလုံးသားနဲ့ ခံစားလို့ကောင်းတဲ့ လက်ဆောင်ပေါ့ ... ။ ထို့အတူ မိတ်ရင်းဆွေချာ တွေကြားမှာ ပေးတတ်ကြတဲ့
လက်ဆောင်ဟာ ဘ၀မှာ အမှတ်ရဖွယ် မေတ္တာလက်ဆောင် တစ်ခုပေါ့ဗျာ . . . ။

ဘ၀မှာ အမှတ်တရဖြစ်ဖွယ်လက်ဆောင်လေးတစ်ခုကို ကျွန်တော့်မွေးလကရခဲ့လိုက်တယ်ဗျာ . . . ။

ဒီဇင်ဘာ ( ၂၅ )ရက်နေ့ ဆို ကရုဏာရိပ်မွန်ခရစ်ယာန်မိဘမဲ့ဂေဟာလေးမှာ Save The Aged ရဲ့ 
( ၂၄ )ကြိမ်မြောက် လစဉ်အလှူကို သွားရောက်ကျင်းပပြုလုပ်မယ်ဆိုပဲ ။ ကျွန်တော့်ရဲ့ မွေးလဖြစ်တဲ့ ဒီဇင်ဘာလလေးမှာ
STAက မိဘမဲ့ကလေးလေးတွေရှိတဲ့နေရာမှာ သွားလှူမယ်ဆိုတာကို သိလိုက် ရကတည်းက သူတို့လေးတွေအတွက်
အမှတ်တရ ခရစ္စမတ်ကတ်လေးတွေ ကျွန်တော် ကိုယ်တိုင် ဖန်တီးပြုလုပ်ထားခဲ့မိတယ် ။ ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်
တစ်ယောက်မို့ ခရစ်ယာန်ဘာသာဝင် တွေရဲ့ ရိုးရာဓလေ့ဘာသာရေးပွဲတော်ဟာ ဘာကြောင့်အစတည်တယ် ၊
ဘာအတွက်လုပ်ကြတယ် ဆိုတာကိုတော့ ... ကျွန်တော် ကောင်းစွာမသိလို့ မပြောတတ်ပါဘူး ။ ဒါပေမယ့် ခရစ္စမတ်
ရောက်တိုင်း ချစ်တဲ့ခင်တဲ့ သူငယ်ချင်းတွေကို ကတ်လေးတွေပေးခဲ့ဖူးတာတော့...ငယ်ငယ်ကတည်းကကျွန်တော်ရဲ့
အကျင့်တစ်ခုပေါ့ဗျာ ။

သူတို့လေးတွေ ပျော်စေဖို့ရယ်ဆိုတဲ့အတွေးတွေကလွဲလို့ မျှော်လင့်ချက်တစ်စုံတစ်ရာမပါတဲ့ ကျွန်တော့် ခံစားမှု
စိတ်စေတသိတ်တွေဟာ သူတို့လေးတွေကို ခရစ္စမတ်ကတ်လက်ဆောင် လှလှလေးတွေပေးဖို့ အတွေးအိမ် တည်ခဲ့တာပေါ့ . . . ။

ကျွန်တော့်ဆန္ဒတွေ ရုပ်လုံးပေါ်လို့ သူတို့လေးတွေလက်ထဲ ကတ်လေးတွေ ထည့်ပေးနိုင်တဲ့အခါ “Merry Christmas”
ပါလို့ ပြန်ပြီး ဆုတောင်းပေးတဲ့ ကလေးတစ်ချို့ရဲ့ အသံတွေ ... “ကျေးဇူးပါ ။ ကတ်လေးက လှတယ်”ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အသံတွေက ကျွန်တော် အိပ်ပျက်ခဲ့တဲ့ ညတွေထက်တောင် သာလွန်တဲ့ တန်ပြန်မှုတစ်ခုပဲ . . . ။ သူတို့ကိုပေးတဲ့ မုန့်ကလေးတွေကို ရက်ရက်ရောရောနဲ့ ပြန်ကျွေးနေတဲ့ ကလေးတွေရဲ့  သဏ္ဍန်ဟာ ရိုးသားခြင်းဟန်ပန်ပဲ ... ။ ဟန်ဆောင်မှုအတိကင်းတဲ့ အပြစ်ရှင်းတဲ့ သူတို့မျက်ဝန်းလေးတွေကြားက အပြုံး ရိပ်လေး တွေက ဘယ်သူမှမသိဘဲ
တိတ်တိတ်လေး ကျွန်တော် ပြန်သယ်ဆောင် လာတဲ့ လက်ဆောင်လေးတွေပါပဲ ။




ကျွန်တော် မတောင်းခဲ့ပါဘူးဗျာ. . . ။ သူတို့ လိုလိုလားလား စွန့်ကျဲခဲ့တာပါ ။ စာတန်းမထိုးထားတဲ့ သူတို့မျက်ဝန်း
တွေထဲက ပျော်ရွှင်ခြင်းဆိုတဲ့ ဘာသာစကားကို ကျွန်တော် နှလုံးသားနဲ့ ဖတ်သား ၊ ခံစား သွားလိုက်တယ် ။ ကျွန်တော်
တွေ့ သလို ၊ သင်တို့လည်း တွေ့ လိမ့်မယ် ။ သူတို့ လွတ်လပ်စွာ ပြုံးရယ်ကြပါတယ် ။ ဒီအပြုံးရိပ်လေးတွေ ဟာ ကျွန်တော်တို့အတွက် ငြူစူခြင်း တစ်စုံတစ်ရာ ၊ မနှစ်လိုဖွယ် တစ်စုံတစ်ရာ ပါရှိခဲ့မယ်ဆိုပါက ... သူတို့လေးတွေ ဆက်လို့ ပြုံးပြနေနိုင်ပါ့ဦးမလား ။ ကျွန်တော်တို့ မြင်တွေ့နေရသည့်အရာကို ကျွန်တော်တို့ ကျေနပ်စွာ အရယူလက်ခံ
လိုက်တယ် ဆိုတာကိုလည်း ... သူတို့လေးတွေ သိကောင်း သိနိုင်ပါရဲ့ ။ ကျွန်တော်တို့ နှစ်သက်ကျေနပ်စွာ လက်ခံ
နေသော အပြုံးရိပ်လေးများကို သူတို့လေးတွေက လိုလိုလားလား စွန့်ကျဲသွားခဲ့တယ် ။ သူတို့က မျက်ဝန်းတွေနဲ့  ပြုံးတယ် ။ ကျွန်တော်တို့က နှလုံးသားတွေနဲ့ ပြုံးတယ် ။ ဒီအရာက ဘယ်အဘိဓါန် မှာမှ မညွှန်းဆိုထားတဲ့ ရင်ဘတ်ခြင်း Link ချိတ်လိုက်တဲ့ နှလုံးသားဘာသာဗေဒက ဒေသိယစကား တစ်ခုပဲ ဖြစ်လိမ့်မယ် . . . ။ ~ ။


တစ်ချို့လက်ဆောင်တွေက
လောကမှာ ငွေနဲ့ ဝယ်ယူလို့ရတယ်

တစ်ချို့လက်ဆောင်တွေက

လောကမှာ ငွေနဲ့ တောင်လဲလှယ်ဝယ်ယူလို့မရဘူး



တစ်ခါတစ်လေ

ပျော်ရွှင်ခြင်းဆိုတဲ့အရာကို

အမှတ်မထင်ခံစားရတတ်တယ်



တစ်ခါတစ်လေ

ပျော်ရွှင်ခြင်းဆိုတဲ့အရာကို

ကိုယ်တိုင် အရယူ ကြိုးစားရတယ် . . .

မိတ်ဆွေ ~ တကယ်ပျော်ချင်တယ်ဆိုရင်
ပျော်ရွှင်ခြင်းဆိုတဲ့အရာကို

သင့် နှလုံးသားနဲ့ ခံစား ဖတ်/မှတ် ပါ ... ။ ~ ။

===============================TheEnd================================




လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  . . .

မိုးစွတ်နေ

အမာခံမန်ဘာ
www.savetheaged.ning.com

Save The Aged (ရန်ကုန်)

(29.12.2011)
11:30 P.M.

ကြာသပတေးနေ့




Share

“ကျွန်တော်တို့ပျော်တဲ့ကမ္ဘာငယ်လေး(သို့)STA”


ကျွန်တော်တို့ပျော်တဲ့ကမ္ဘာငယ်လေး (သို့) STA


ပျော်ရွှင်ခြင်းအစစ်အမှန်ဟာ
ငွေကြေးနဲ့ပေးဝယ်ကာ
လဲလှယ်လို့မရဘူးဆိုတာ . . . သူငယ်ချင်း ယုံကြည်ပါသလားခင်ဗျာ

လက်ဖျားငွေသီးမှ အပျော်ရှာလို့ရတယ်ဆိုတဲ့စကား
ကျွန်တော်တို့အတွက်တော့ နား’ခါးတယ်ဗျ . ..

ပျော်ချင်လွန်းလို့ ဒီကိုလာတာမဟုတ်ဘဲ
ဒီကိုလာရင်းနဲ့ကို ပျော်သွားကြတယ်ဗျာ . . .

အရှင်းသန့်ဆုံး ပေးဆပ်ခဲ့ဖူးရင်
အချိုမြိန်ဆုံးပျော်ရွှင်ခြင်းကို ခံစားရတတ်တယ်ဗျ . . .

လူတစ်ချို့က ပေးရတာကိုပျော်တယ်
လူတစ်ချို့က ပျော်လို့ ပေးကြတယ်
ကျွန်တော်တို့က ပေးရင်းနဲ့ကိုပျော်ကြတယ်
ပျော်လွန်းလို့လည်း ပေးကြတယ် . . .

ကိုယ်ချင်းစာတရားဆိုတဲ့ စကားအနက်
ဘယ်အဘိဓါန်မှာ ၀င်ဖတ်မလဲ . . . သူငယ်ချင်း

ဘယ်သုတေသီမှ မပြုစုခဲ့တဲ့ ကျမ်းစာတစ်ပုဒ်ကို
ဖတ်ရှူ/လေ့လာချင်တယ်ဆိုရင်ပေါ့
ကျွန်တော်တို့ ရင်ခွင်ဝဲဘတ်ကို ၀င်ကြည့်လှည့် . . . သူငယ်ချင်း

လစ်တမတ်(စ်)စက္ကူတွေလို
အရောင်ပြောင်းလဲခြင်းမရှိ
ကျွန်တော်တို့တွေ ပကတိကြည်လင်နေပါ၏ . . .

ဘ၀နောက်ခံကာလာတွေ
ဘယ်ပုံ/ဘယ်လိုပဲ လာကြပါစေ
ဒီအထဲမှာ အားလုံး အတူတူပဲလေ . . .

အပြာရောင်လဲ့လဲ့မေတ္တာတရားတွေနဲ့
ဖုံးအုပ်ထားတဲ့ကောင်းကင်ပြာအောက်က
အဲ့ဒီကမ္ဘာငယ်လေးထဲမှာ
ကျွန်တော်ရှိတယ် . . . သူရှိတယ်
သူတို့တွေလည်း ရှိကြတယ် . . . ။ ~ ။



လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  . . .

မိုးစွတ်နေ

အမာခံမန်ဘာ
http://savetheaged.ning.com

Save The Aged (ရန်ကုန်)

၂၃.၀၂.၂၀၁၂
ကြာသပတေးနေ့

p.s >>> စိတ်ကူးပေါက်ပေါက်နဲ့ ရေးလိုက်မိတဲ့ ရေးလက်စ တန်းလန်း ကဗျာလေးပါ ။
ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းက ရေးလက်စ တန်းလန်းသာဆိုတယ်
ကောင်းလိုက်တာ...ကွက်စိ ကွက်တိ Heart ကိုထိ၏...ဆိုလို့ ~ ~ ~ ဘာမှကို ထပ်မပြင်တော့ဘူးဗျာ . . .း)





Share

“စီးဆင်းခြင်း”


“စီးဆင်းခြင်း”




ငါတို့ဟာ . . . ငွေကြယ်ပွင့်လေးတွေဆိုရင်

STAကောင်းကင်ပြင်အတွက်

အစွမ်းကုန် လင်းလက်ပြမယ်/လင်းလက်ကြမယ် ။


ငါတို့ဟာ . . . မိုးရေ၊မိုးစက်လေးတွေဆိုရင်

STAပထ၀ီမြေကြီးအတွက်

ရွှဲရွှဲစိုအောင် ရွာသွန်းဖြိုးကြမယ် ။


ငါတို့ဟာ . . . လေပြေ၊လေညှင်းလေးတွေဆိုရင်

STAကမ္ဘာကြီးမှာ မုန်တိုင်းမထန်ဖို့အရေး

စောင့်ကြည့်ကာကွယ်ပေးကြမယ် ။


ငါတို့ဟာ . . . ကျောက်ဆောင်၊ကျောက်ကမ်းပါးလေးတွေဆိုရင်

ဒီရေ လှိုင်းဆိုးတွေ ပုတ်ခတ်လာမယ့်ဘေးကဝေးအောင်

မပြိုလဲ မယိုင်နဲ့သွားအောင် . . . ခါးစီးခံ တွန်းလှန်ကြရမယ် ။


ငါတို့ဟာ . . . စမ်းချောင်းလေးတွေဆိုရင်

STAပင်လယ်ကြီး ရေစီးသန်ဖို့အရေး

စီးမျောတိုးဝင်ပေးလိုက်ကြမယ် ။


ကဲ ~ ငါတို့ဟာ . . .

မြစ်တစ်စင်းပင် ဖြစ်နေပါစေဦး

လားရာတူတဲ့ ငါတို့မြစ်များ

STAဆိုတဲ့ ပင်လယ်ကြီးထဲကို ထိုးထွင်း စီးဝင်ပစ်ကြမယ် ။


ဒိုက်တွေ၊သရိုက်တွေကင်း . . . အမှိုက်တွေရှင်းလို့

ရေစီး၊ရေလာ ကောင်းဖို့ကတော့ . . .

ငါတို့ရဲ့ စီးဆင်းအားတွေ မှန်ကန်ဖို့ လိုတယ်

ရေစီးသန်ဖို့ မလိုပါဘူး ~ ရေစီးမှန်ဖို့ပဲ လိုနေတာ . . . ဗျာ ။ ~ ။




လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  . . .


မိုးစွတ်နေ

http://savetheaged.ning.com
အမာခံ
မန်ဘာ

Save The Aged (ရန်ကုန်)

၁၈.၀၃.၂၀၁၂

12 : 30 PM
တနင်္ဂနွေနေ့



ဝန်ခံချက် > > > ဒီကဗျာလေးကို (၂၇)ကြိမ်မြောက် အလှူပို့စ်လေးထဲမှာ သုံးစွဲပြီးသားဖြစ်သော်လည်း
ခံစားလို့ ရတယ်ဆိုတဲ့ ရင်ဘတ်တူ သူငယ်ချင်းများအတွက် တစ်သီးတစ်သန့်လေး ပြန်လည် တင်ပြထားခြင်းဖြစ်ပါတယ်။
ခံစားလို့ မရရင်တောင်မှ . . . ဖတ်မိတယ် / ၀င်ကြည့်မိသွားတယ်ဆိုရင်ပဲ . . .
အားလုံး ~ အားလုံးကို ကျေးဇူး အထူးပင်တင်ပါသည်ဗျာ ။ @ _@




Share

Tuesday, 13 March 2012

“အဖြူရောင်မျက်ဝန်းထဲမှ မျက်ရည်စများ”


“အဖြူရောင်မျက်ဝန်းထဲမှ မျက်ရည်စများ”

https://mail-attachment.googleusercontent.com/attachment/?view=att&th=1360c23eaf52e260&attid=0.2&disp=inline&realattid=file2&safe=1&zw&saduie=AG9B_P_vYp0Q8Pg5wSlIdtJUK7tJ&sadet=1331643839392&sads=89ifscKg0_UPeTrUYDXDRcGztv0&sadssc=1


ကျွန်တော်တို့လည်း Laptop တွေကိုင်ချင်ပါတယ်လို့ လက်နက်ကိုင် ပအိုဝ်း တိုင်းရင်သားလေးတွေကပြောတယ် ။ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးကလည်းရင်နင့်သည်းချာ သွေးရင်းပမာ တိုင်းရင်းသားလေးတွေရဲ့
တောင်းဆိုမှုနောက်မှာ Laptop လေးတွေ ပြန်လည်လို့ လက်ဆောင်ပေးခဲ့တယ် . . . တဲ့ ။

ဒီလိုဆို ~ သားတို့ဘက်လည်း နည်းနည်းလောက် ကြည့်ပေးပါဗျာ ။
ကျောက်သင်ပုန်းကိုင်လို့ ကျောက်တံလေးတွေခြစ်နေရတဲ့ သားတို့ဘ၀ ၊ ဒီက အနန္တမေတ္တာဆိုတဲ့ ဘ.က(ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းလေးရှိနေလို့သာ . . . သားတို့တွေ စာဖတ်တတ်တာ ၊ လူလိုသူလို ၊
စာသင်ကြားခွင့်ရခဲ့တာ . . . ။ အခုတော့သားတို့ကျောင်းလေး နေရာ ဖယ်ရွေ့ရတော့မယ် ။ဘယ်နေရာ
ရောက်မယ်လည်း မသိဘူး။ဘယ်ဆီ သွားရမယ်လည်း မသိဘူး ။ သားတို့မှာလည်း နေစရာမရှိဘူး ။သားတို့ မိဘ
တွေကလည်း အခြေခံလူတန်းစား ဆင်းရဲသား တွေပါ ။ သားတို့နေနေတဲ့ အရပ်မှာ စက်မှု လယ်ယာလုပ်ငန်းတွေ
လာရောက် လုပ်ကိုင်ကြတော့မယ်တဲ့ ။


ဒီလကုန် (၃၁.၃.၂၀၁၂)နောက်ဆုံး ထားလို့ သားတို့ နေရာလေးတွေကို သားတို့ ပြန်အပ်ပေးရမယ်တဲ့ ။ သားတို့က
ဘယ်မှာ သွားနေကြရမှာလဲ . . . ဗျာ ။ သားတို့လေးတွေ ဘ၀ထဲကိုလည်း တစ်ချက်လောက် ငဲ့လို့ကြည့်ပေးပါ...လား ~ ။
ပိုက်ဆံမရှိရင် ပညာမသင်နိုင်ဘူး ။ ပညာမတတ်ရင် လူရာမ၀င်ဘူးဆိုတဲ့ “ပညာခေတ်ကြီး”ထဲမှာ ဆရာတော်ဘုရားကြီးရဲ့ ကြီးမားတဲ့ မေတ္တာတရား အနန္တနဲ့ သားတို့တွေ သေစာ၊ရှင်စာ သာမက ... အတန်းပညာတွေ ဆက်လက် သင်ကြားနိုင်ခွင့်
ရခဲ့တယ် ။ သားတို့ကို စာသင်ကြားပေးနေတဲ့ အနန္တမေတ္တာဆိုတဲ့ (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း )ဘ.က
ကျောင်းလေးက အခုဆို အလွန်တရာ ခမ်းနားတောက်ပြောင်လာပါပြီဗျာ ။

အရင်က ကြမ်းပြင် မြေကြီးမှာ စာသင်၊စာကျက်ရတဲ့ဘ၀ . . . စေတနာရှင်တွေရဲ့ကောင်းမှုကြောင့် ခုံလေးတွေပေါ်မှာ
ထိုင်ကာ စာရေး၊စာဖတ်နိုင်ခဲ့ကြပါတယ် ။ ကျေးဇူးတရား ကြီးမားလှပါတယ် ~ အနန္တမေတ္တာ ။ ဒါပေမယ့်ဗျာ ( ၇.၃.၂၀၁၂ )
မြန်မာ့အလင်း နေ့စဉ်ထုတ်သတင်းစာရဲ့ စာတစ်ပိုဒ်ကြောင့် ~ သားတို့ ဆရာတော်ဘုရားကြီး ခေါင်းငိုက်စိုက်ကျသွားတယ် ။ ပညာဒါနသင်ကြားပေးနေကြတဲ့ ဆရာ၊ဆရာမလေးတွေလည်း ကြေကွဲသွားကြပုံရတယ် ။ သားဖေဖေနဲ့ သားမေမေလည်း
တစ်ငိုငို တစ်ရီရီပဲ ။ သားတို့တွေလည်း ငိုကြွေးကြတယ်။ သားတို့ ဘယ်အရပ်ကို သွားရမှာလဲ ။ သားတို့ ကျောင်းလေးကို
မဖျက်ဆီး မဖယ်ရှားပါရစေနဲ့လားဗျာ ။ သားတို့တွေ ဘယ်သူကို ဒူးထောက်လို့ ရှိခိုးကာ ကန်တော့တောင်းပန်ရမလဲ . . . အကြိမ်ကြိမ်တွေးမိတယ် ။ တွေးမိတိုင်း မျက်ရည်ကျတယ် ။ ဒီကျောင်းလေးထဲမှာ သားတို့ ဘ၀အနာဂတ်လေးတွေပါတယ် ။

သားတို့အရပ်က ကလေးသူငယ်တွေရဲ့ ပညာအနာဂတ်လေးတွေပါတယ် ။ ဆရာတော်ဘုရားကြီးတို့ရဲ့ စိတ်ကူးအိပ်မက်လေး
တွေ ပါတယ် ။ အလှူ့ရှင်၊ အလှူ့အမတွေရဲ့ စေတနာ အနန္တတွေပါတယ် ။ အရင်က နေမလုံ၊မိုးမလုံနဲ့ မြေကြီး ကြမ်းခင်းမှာ စာသင်ကြရတဲ့ သားတို့ဘ၀ . . . ။

အခုများတော့ ရေလည်းစုံ၊မီးလည်းစုံ ၊ စာသင်ခုံကိုယ်စီနဲ့ စာသင်၊စာအံနိုင်ခဲ့ပြီ . . . ။ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာတွေ ၊ အလှူရှင်တွေရဲ့ စေတနာတွေ ၊ ပညာဒါန ဆရာ၊ဆရာမလေးတွေရဲ့ သွေး၊ချွေးတွေ ... မေတ္တာ၊စေတနာ၊ကရုဏာ ပေါင်းစပ်
ထားတဲ့ နာ(၃)နာ လုပ်အားတွေ ၊ သားတို့ သားတို့လေးတွေရဲ့ ရောင်နီဦးတွေ ... ကျောင်းလေးထဲမှာ ဖူးလို့ ၊ ဝေလို့လေ . . . ။ “ပန်းကလေးများ ပွင့်တော့မည် ၊ ဖူးတံဝင့်လို့ချီ ၊ နေခြည်မှာ ရွှေရည်လောင်း ၊ ငါတို့ စာသင်ကျောင်း” ဆိုပြီး . . . စာအံခဲ့ကြတဲ့
သားတို့ရဲ့ မနက်ခင်းလေးတွေ . . . ။

သားတို့နေထိုင်နေတဲ့ ရပ်ကွက်လေးကလည်း လူသူစည်ကားလို့ ၊ အ၀န်းနဲ့အအုံနဲ့ကို ဖြစ်လာပါပြီ ။ သားတို့အရပ်လေးရဲ့ ကျက်သရေဆောင် ၊ မင်္ဂလာ အောင်မြေ တစ်ခုဖြစ်တဲ့ အနန္တမေတ္တာကျောင်းတော်လေးထဲမှာလည်း ရဟန်း၊သံဃာနဲ့
စာသင်၊စာချ ကိုရင်လေး တွေရှိကြပါတယ် ။ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာအေးရိပ်ကြောင့်လည်း သားတို့
ပတ်ဝန်းကျင်လေး အေးချမ်း ဆိတ်ငြိမ်ခဲ့ရပါတယ် ။ ကျောင်းလေးဆီကို လာလှူကြတဲ့ အလှူရှင်၊စေတနာရှင်များရဲ့ . . .
သဒ္ဒါတရား ၊ ကုသိုလ်အားများကြောင့်လည်း သားတို့ လေးတွေရဲ့ဘ၀ စာသင်ရတာ ပိုလို့ အဆင်ပြေလာခဲ့တယ် ။
ကျောင်းလေးထဲက လိုအပ်ချက်လေးတွေကို ဆရာတော်ကြီးက တတ်နိုင်တဲ့ဘက်က ဖြည့်စွက်ပေးလို့ အလှူ့ရှင်၊
အလှူ့အမများက ၀ိုင်းဝန်းလို့ ပံ့ပိုးပေးကြတယ် ။

စေတနာရှင်တွေရဲ့ အလှူဒါနအားတွေကြောင့် အလှူတစ်ခု လာလာလုပ်ကြတိုင်းလည်း အနီးအနား ရပ်ကွက်လေးတွေပါ လှူပေး၊တန်းပေးခဲ့ကြပါသေးတယ် ။ အဲ့ဒီလောက် ကောင်းက အေးချမ်းနေတဲ့ နေရာလေးဟာ တစ်ခြားသူတွေအတွက်တော့ ဆင်းရဲသားအရပ်၊ဆင်ခြေဖုံးရပ်ကွက် လို့ ဆိုချင်ဆိုမယ် . . . သားတို့ အတွက်တော့ နိဗ္ဗာန်ဘုံလိုပါပဲဗျာ ။ သားတို့ဘ၀လေးနဲ့ သားတို့ နေပျော်နေတာပါ ။ အလှူရှင်တွေရဲ့ သဒ္ဒါတရားကြောင့်လည်း အခုဆို ဆရာတော်ဘုရားကြီးရဲ့ ကျောင်းဝန်းလေးထဲ
မှာလည်း သိမ်လေးတစ်ဆောင်တောင် ဆောက်လုပ်လို့ပြီးခဲ့ပြီ . . . ။

အဲ့ဒီ သိမ်လေး ဆောက်လုပ်လှူဒါန်းပေးကြတုန်းကဆိုရင် အလှူရှင် ၊ စေတနာရှင်တွေရဲ့ ကောင်းမှုကုသိုလ်တွေကြောင့်
ကုန်ကျငွေ ၁၅၀၀ ကျော် တောင် ကျခဲ့တယ်တဲ့ ။ သားက မသိနားမလည်နဲ့ မေးမိတယ် ... ၁၅၀၀ ကျပ် နဲ့ သိမ်ကြီး
တစ်ဆောင် ဆောက်လို့ ရတယ်လားဗျာ ~ ဆိုတော့ ။ သိန်းပေါင်း အဲ့လောက် ကို ကုန်ခဲ့တာလို့ ကိုကိုကြီးက
စို့စို့နင့်နင့်နဲ့ သားကို လှမ်းဆူပြန်တယ် ။ သားလည်း ဘာမှန်း ညာမှန်းမသိ ငိုချမိတယ် ။

သားတို့ အရပ်လေးကို နေရာတွေ ဖယ်ရှားခိုင်းကုန်ပြီဆိုတဲ့စကားက . . .
နွေခေါင်ခေါင်မှာ...မိုးတွေရွာသလို
ရင်ထဲမှာ မိုးကြိုးတွေ တစ်ဖွဲဖွဲ ပစ်ခတ်သွားသလိုပဲ ~ ပဲ့တင် ထပ်သွားတယ် . . . ။

သားတို့တွေ ဘယ်မှာ သွားနေရမှာလဲ ။
သားတို့အတွက် နေစရာလေးတွေ ဘယ်လိုလုပ်ပေးမှာလဲ ။
သားတို့ကျောင်းလေးကို ဘယ်ကိုရွှေ့လိုက်မှာလဲ ။
သားတို့တွေ စာမသင်ရတော့ဘူးလား . . . ဟင် ။ . . . ! _ !

သားတို့တွေကို မဖယ်ခိုင်းပါနဲ့ . . .
သားတို့ ကျောင်းလေးလည်း မရွှေ့ပါရစေနဲ့လားဗျာ . . .
တောင်းပန်ပါတယ် ~ ~ ~ ဘဘတို့ရာ :(

- - -

ကလေးလေးတွေရဲ့ ငိုသံတွေ

ဇရာအိုတွေရဲ့ ပူဆွေးမှုတွေ

အရှင်ရဟန်းတွေရဲ့ သောကတွေ

အခြေခံလူတန်းစားတွေရဲ့ မျက်ရည်တွေ

အခြေတကျဖြစ်နေတဲ့ ဘ၀တွေ . . .

လွယ်လွယ်လေးတော့ လစ်လျုမရှုသင့်ပါဘူး . . . သမ္မတကြီးရယ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြေ (၁၁)ကွက်နှင့်ပက်သက်၍ • • •

ကြေကွဲမှု အပိုင်းအစများ . . .

မိုးစွတ်နေ

၁၃.၃.၂၀၁၂ ( အင်္ဂါနေ့)

ညနေ - ၅း၀၀ နာရီ

-----------------------------------------------@@@@@@@@@@-----------------------------------------------

အောက်က ကဗျာလေးကတော့ ကျွန်တော်တို့ Save The Aged အဖွဲ့ လေး . . . အဲ့ကလေးလေးတွေဆီ သွားရောက် လှူဒါန်းခဲ့စဉ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ကျွန်တော့်ရဲ့ ခံစားမှုလေးပါ ။

"အဖြူရောင်မျက်ဝန်းများဆီ"

  • Posted by moesutnay on June 15, 2011 at 11:00pm
  • View Blog

"အဖြူရောင်မျက်ဝန်းများဆီ"

ဖြည့်ပေးမှ ပြည့်နိုင်မယ့်

ကွက်လပ်လေးတွေကြား

ကျွန်တော်တို့နာမ်ရုပ်တွေ

အလည်သွားကြတယ် . . .

မညီမျှတဲ့ဘ၀တွေမှာ

ညီ/ညီမလေးတွေကို တွေ့ ရတာ

စိတ်နဲ့ ကိုယ်မမြဲချင်ဘူး . . .

မျက်ဝန်းမှသည် နှလုံးအိမ်ဆီသို့ 

သူတို့ လေးတွေရဲ့ အကြည့်တစ်ချို့ 

ကျွန်တော့်တို့ရင်ကို စို့စေခဲ့တယ် . . .

သနားစရာဘ၀တွေရဲ့ ဒုက္ခ

မနုဿချင်းတူတာတောင်

သူတို့က ပိုလို့ပူနေရရှာတယ် . . .

နေခြည်ထဲမှာ ပွင့်မယ့်အလင်းပန်း

ထမင်းကြမ်းခဲနဲ့ဖြစ်ဖြစ်

ထမင်းရည်ချိုင့်နဲ့ ဖြစ်ဖြစ်

ကျောက်သင်ပုန်းလေးကိုင်

ကျောက်တံလေးနဲ့ ခြစ်ခွင့်ရရင်

မျှော်လင့်ချက်တွေ ၀လင်ပါပြီတဲ့ . . .

ကဲ ... ဒီတော့ဗျာ

ကိုယ့်ဖို့ ၊ သူ့ဖို့နည်းနည်းတွေး

ကလေးဆိုတဲ့ အမြင်နဲ့

အဝေးကို ဖယ်ကျဉ်မထားပါနဲ့ . . .

တကယ်မြင်တတ်ဖို့

မျက်စေ့ကို ဖွင့် ၊ နားကိုစွင့်

ပြီးရင် ........

မျှော်လင့်ခြင်း ပန်းလေးတွေကို

ရေကြည်တစ်ပေါက်ဖြစ်ဖြစ်

သောက်ခွင့်ပေးလိုက်ကြမယ် . . . .။ ~ ။

♥MOESUTNAY♥

13.6.2011

( mON: )

11 : 00 p.m

http://moesutnay.blogspot.com/

မှတ်ချက် ။ ။ www.savetheaged.ning.com ဆိုတဲ့ ကျွန်တော်တို့ ရဲ့  ပရဟိတ online donation group လေးဟာ ( 12.6.2011 ) နေ့ က အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးကို ထပ်တစ်ဖန် သွားဖြစ်ခဲ့ပါတယ် ။ မျှော်လင့်ချက်သဲ့နေတဲ့ မျက်ဝန်းငယ်လေးတွေကြား အဲ့နေ့  အိမ်အပြန်လမ်းလေးက ကျွန်တော့် ရင်တွင်းခံစားမှုလေးပါ ။

သူတို့ လေးတွေရှိတဲ့နေရာလေးကို သွားရောက်လှူဒါန်းချင်ပါတယ်ဆိုရင်တော့ ~

*အနန္တမေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း*

ဇောတိကလမ်းမကြီး ၊ ၁၂၆ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ် ၊ရန်ကုန်တိုင်း ။



Share

Friday, 10 February 2012

သူငယ်ချင်းတို့ရဲ့ ဗယ်လင်တိုင်း


မင်းနှုတ်ဖျားက ချစ်ခွန်းတစ်ရာထက်

မင်းအာရုံထဲမှာ သူရှိနေဖို့ပါ . . .


မင်းဝယ်ပေးတဲ့ လက်ဆောင်ပဏ္ဍာထက်

မင်းရင်ထဲက သိတတ်မှုပါ . . .


အချစ်ဆိုတာ ချစ်နေဖို့လည်း လိုသလို

ချစ်တတ်ဖို့လည်းလိုတာမို့


မင်းတကယ်ပဲချစ်တယ်ဆိုရင်

တန်ဖိုး နည်းနည်း ထားကြည့်လိုက်ပါ . . . :)


www.moesutnay.blogspot.com

♥MOESUTNAY♥

Friday, 10 February 2012

8 :00 P.M.

* * * * * * * * * * * * ◘ • ◘ * * * * * * * * * * * *

ခမ်းနားထည်ဝါမှုတွေထက်

ရိုးသားစင်ကြယ်မှုက အဓိကဆိုတာ . . . မင်းသိဖို့ပါကွာ :)


Share

Thursday, 2 February 2012

“စုတ်ပြတ်သွားသော အတွေးတစ်ခု၏ . . .”

“စုတ်ပြတ်သွားသော အတွေးတစ်ခု၏ . . .”



ရင်ထဲမှာ နာကျင်စရာတွေရှိခဲ့ဖူးတယ်ဆိုတာ
ဘယ်သူမှ မမြင်နိုင်အောင် ပြည်ဖုံးကာချထားလို့ရယ် . . .

ကျွန်တော် မျက်ရည်တွေ
လူမသိအောင် အခါခါကြွေခဲ့ဖူးတယ်

နာကျည်းချက်ကြောင့်
ကျတဲ့အခါ . . . ဒဏ်ရာက ရင်ဘတ်မှာ လာလာစိုက်တယ်

ကျွန်တော် ခပ်မိုက်မိုက်နဲ့
ဆဘ်မစ်တ် ဆူစိုက် အကြောင်းတွေးတောရင်း
(တစ်ချို့)ကြယ်တွေ အကြွေစောတာ ဘာကြောင့်လဲ . . . လို့ သက်ပြင်းချ
လူဖြစ်ရတဲ့ဘ၀မှာ မနက်ဖြန်ဆိုတာ ဆက်ဖို့
အတိတ်ရဲ့လက်ကျန်တွေ ခဏဘေးချိတ်ကာ
သံသရာဆိုတာသာ မရှိခဲ့ရင်ဗျာ
အဖန်ငါးရာငါးကမ္ဘာကိုသာ မကြောက်ရရင်
အခု ကျွန်တော် ဘာလုပ်ချင်နေတယ် . . . ကျွန်တော် သိနေတယ် :(

MOESUTNAY

Wednesday, February 01, 2012 at 10:00pm






Share

Wednesday, 1 February 2012

မျက်ရည်ဆိုတာ ပျော့ညံ့ခြင်းရဲ့ သင်္ကေတဆိုရင်လည်း ! _ !

http://blogs.warwick.ac.uk/images/spectacle/2007/10/21/cryingboybrunoamadio.jpg?maxWidth=600

ကျွန်တော် ပျော်ပျော်နေတယ်
ဒါပေမယ့် ခံစားတတ်တယ်

ကျွန်တော် ခံနိုင်ရည် အားတင်းထားတယ်
ဒါပေမယ့် ၀မ်းနည်းသွားတယ်

ကျွန်တော် မျက်ရည်ကျတယ်
ဒါပေမယ့် ဘယ်သူမှမသိရဘူး

ကျွန်တော် ငိုဖြစ်သွားတယ်
ဒါပေမယ့် ၀မ်းမနည်းပါဘူး . . .

မျက်ရည်ဆိုတာ ပျော့ညံ့ခြင်းရဲ့ သင်္ကေတဆိုရင်လည်း
ကျွန်တော် ငိုမှာပဲ . . .
ဒါဟာ စိတ်ထွက်ပေါက် ပဲ . . .
! _ !
! _ !
! _ !

♥MOESUTNAY♥

Wednesday, February 01, 2012 at 11:01pm ·


Share

Tuesday, 31 January 2012

ဝေးလွင့်တိမ်

အချစ်ဆိုတာ ဘာလဲလို့  မေးရင်

ပျော်ရွှင်ခြင်းလို့ ကျုပ်ရဲရဲကြီးဖြေမယ်

ကျွန်တော်ချစ်တဲ့ ခင်ဗျားမျက်နှာ

တစ်သက်လုံးပျော်နေတာ

မြင်ချင်ရှာတဲ့ကောင်ပါ . . . မကြည်ပြာ


အပြာရောင်တိမ်တိုက်တွေနောက်မှာ

အနီရောင်လေကြမ်းတွေပါမယ်ဆိုတာ

ဟိုအစကတည်းက ကျွန်တော်မတွေးမိခဲ့ဘူးဗျာ


ခင်ဗျားရဲ့ နှုတ်ခမ်းဖူးဖူးလေးကြောင့် ဖြစ်တာ

ခင်ဗျားရဲ့  လက်ဖ၀ါးနုနုလေးကြောင့် ဖြစ်တာ

ခင်ဗျားရဲ့  နှုတ်ခွန်းချိုချိုလေးကြောင့် ဖြစ်တာ

ဒီလိုတွေကြောင့် ဖြစ်တာဆိုရင်

အဲ့အရာကို အချစ်လို့ ခေါင်းစဉ်တပ်

ခင်ဗျားကို ကျုပ် ဒီတစ်သက်ပြောမထွက်ဘူး . . .


ဟန်ဆောင်ကောင်းတဲ့ကောင်က

မျက်ရည်ကျဖို့ ခက်တယ်ဆိုတာ

မကြည်ပြာ သိပါလေသလားဗျာ


ဇလဗေဒနဲ့ မိုးလေ၀သအခြေအနေတွေလိုမျိုး

ခင်ဗျားရဲ့ စိတ်အနေ၊ အရိပ်အခြေပြပုဒ်တွေကို

ကျုပ်ကအမြဲတစေ စောင့်ကြည့်ခဲ့တာပါ . . .


ဒီမယ် မကြည်ပြာ

မေတ္တာတရားဆိုတာ ရောင်းကုန်တစ်ခုမဟုတ်ပါ

ကိုယ်ပေးသလောက် ကိုယ်ပြန်ရမယ်လို့ 

အစကတည်းက ကျုပ်မမျှော်လင့်ခဲ့တာ


ကျွန်တော် နှလုံးသားကို မသနားပေမယ့်

အချစ်ဆိုတာကို နားလည်သွားတဲ့ ခင်ဗျား

ထာဝရ ပျော်ရွှင်ပါစေသား . . . ။ ~ ။



♥MOESUTNAY♥

Thursday, August 11, 2011 at 10:01pm ·

Share

" အမှတ်တရ ... ဆောင်း'ည "

ဒီဇင်ဘာ ( 17 )

PM 6:30

အဲ့ဒီညက ငါ့ကောင်းကင်မှာ

နက္ခတ်တာရာတွေ စုံညီတယ် ...


ဘယ်သူမှ မမြင်နိုင်တဲ့

မျှော်လင့်ချက် အိပ်မက်တွေ

ဘယ်သူမှ မကြားနိုင်တဲ့

ရင်ခုန်သံ တိုးတိုးတွေ

ဘယ်သူမှ မသိပေမယ့်

ဒီဇင်ဘာညလေက

တိုးပင့်လို့ ပေးနေရဲ့  ...


ရှင်းသန့် ထည်ဝါလွန်းတဲ့

အဖြူရောင်လေးရေ ...

ငါ့စိတ်ကူးကမ္ဘာလေးထဲမှာ

* ရွှန်းလဲ့လဲ့ မျက်လုံးဝိုင်းလေး

* စူတူတူ နှုတ်ခမ်းလေးတစ်စုံ

* ချိုမြမြ အပြုံးလေးတစ်စ

* ဂျစ်ဆတ်ဆတ် စတိုင်လေးတွေက

အပြာရောင် ငါ့ညနေခင်းကို

အပိုင်စား သိမ်းချုပ်သွားတယ် ...


PM 7:30

နူးညံ့သိမ်မွေ့ လွန်းတဲ့

လက်ဖ၀ါးတစ်စုံက

ခပ်သွေ့ သွေ့  ညလေညှင်းကို

အံတုလို့  စိန်ခေါ်ခြင်းပဲ ...


PM 8:30

မျှော်လင့်ခဲ့ရတဲ့

အဖြူရောင်လေးရေ ...

ရင်ခုန်ခြင်း အိပ်မက်ရှည်တွေနဲ့ အတူ

မင်းရင်ခွင်လေးထဲမှာ ထာဝရအိပ်စက်ချင်ခဲ့သူပါ ...


PM 9:30

နှုတ်ဆက်အနမ်းတွေကို

သိမ်းဆည်းထားရင်း

မရေးဖြစ်ခဲ့တဲ့ စာတစ်စောင်

မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်း

နှူတ်ဆိတ်ခဲ့တဲ့ ခံစားချက်တစ်စုံ

မင်း'သာ ခံစားတတ်မယ်ဆိုရင်

အဖြူရောင်လေးရေ ...

ငါ' တကယ် သိပ်ချစ်ခဲ့တာပါ ... ။ ~ ။




♥MOESUTNAY♥

17.12.2010

( Fri: ))

12:30 p.m


Share

Monday, 30 January 2012

"တနင်္ဂနွေ စည်းချက်များ"




ဒါဟာ
ကမ္ဘာဦး ဂီတတစ်ပုဒ်လို
နားဝင်ချိုချင်မှ ချိုမယ် . . .


ဒါဟာ

ဗီတိုဗင် (ဘီသိုဗင်) ရဲ့
ကမ္ဘာကျော်တေးသွားလောက်
ခမ်းနားချင်မှ ခမ်းနားမယ် . . .

သေချာတာတစ်ခုကတော့
ငါတို့ရင်ဘတ်တွေရဲ့  ရင်စီးသံ . . .
ကာရန်တွေမှန်ပါတယ်
အသွေးသဏ္ဍန်တွေ မှန်ပါတယ်
စည်းချက်တို့ မြည်သံတိုင်းမှာ
ရင်ခုန်ခြင်းတွေ တစ်သားတည်း
ခံယူချက်တွေ အချိုးကျ
နားလည်မှုတွေ မျှတလို့
ဒါဟာ ~ ဘယ်ရိုးရာမှာမှ
မတွေ့ရှိရသေးတဲ့ ဂီတ

ဒီထဲမှာ ယုံကြည်မှုတွေရှိတယ်
ဒီထဲမှာ ခိုင်မာမှုတွေရှိတယ်
ဒီထဲမှာ ဖြူစင်မှုတွေရှိတယ်
ဒီထဲမှာ ရဲရင့်မှုတွေရှိတယ်


သို့ပေမယ့်
ငါတို့ ဂီတ ရိုးလှပါတယ် . . .
ဒါပေမယ့် . . . ရဲခဲ့တယ်

((( ရိုးရိုးလေးပါပဲ . . . သို့သော်လည်း ရဲတယ် )))





*** STA မှ ကျွန်တော်တို့ရဲ့တနင်္ဂနွေ ရဲဘော်ရဲဘက်များ အားလုံး သို့ . . . :♥


(29.01.2012)
တနင်္ဂနွေနေ့




Share

“ဖြောင့်ချက်”


“ဖြောင့်ချက်”



လူငယ်ဆိုတာ

တစ်ခါတစ်ရံမှာ ပျင်းရိတတ်ပေမယ့်

လုံ့လအားတော့ နိုးကြားတယ်


လူငယ်ဆိုတာ

တစ်ခါတစ်ရံမှာ အတွေးများတတ်ပေမယ့်

ကိုယ့်ကျင့်တရားတော့ ရိုးသားတယ်


လူငယ်ဆိုတာ

တစ်ခါတစ်ရံမှာ အမြင်လွဲမှားတတ်ပေမယ့်

အမှန်တရားတော့ လေးစားတယ်


လူငယ်ဆိုတာ

လွတ်လပ်စွာ ပျော်ပါးတတ်ပေမယ့်

သိက္ခာတရားတော့ တန်ဖိုးထားတယ် . . . ။ ~ ။



www.moesutnay.blogspot.com

♥MOESUTNAY♥

Monday, 15 January 2012

5 :45 P.M.

Share

Friday, 13 January 2012

“မေတ္တာတရားများဖြင့်အုပ်မိုးဖန်ဆင်းထားသောကမ္ဘာငယ်တစ်ခု (သို့) ကျွန်တော့်ဘ၀”


“မေတ္တာတရားများဖြင့်အုပ်မိုးဖန်ဆင်းထားသောကမ္ဘာငယ်တစ်ခု (သို့) ကျွန်တော့်ဘ၀”


ဖွားကြွယ်မွေးလို့
လူဖြစ်လာတဲ့ မေမေက
ကျွန်တော့်ကို ပြန်မွေးခဲ့တယ်လေ . . .

ဒီဇင်ဘာရဲ့  အအေးဓါတ်က
( ၁၇ ) ရက်ညဘက်မှာ မေမေ့ ခန္ဓာထဲ
ပိုလို့ အေးစက်သွားသလိုပဲ . . .

မွေးပြီတဲ့ဗျ . . . အဲ့အချိန်က
ဆောင်းနှင်းတွေက တစ်ဖွေးဖွေး
ညလေက ခပ်အေးအေးတဲ့

မေမေက ရင်မှမွေးရစ်
ကျွန်တော်က ဘင်္ဂဖွားစစ်စစ်
ဘ၀စဖြစ်ကတည်းကိုက ချူချာခဲ့တာ
လူနာသည်ရဲ့  အမေ ဘယ်သူ/ဘယ်မှာလဲဆိုတာ
ကျွန်တော် အကြားခဲ့ရဖူးဆုံးသော မေးခွန်းစကား
လူတစ်ချို့က သနားသလိုလိုနဲ့ 
စောင်းစောင်းငဲ့ငဲ့ ကြည့်တယ်
မေမေက ဘယ်မှမကြည့်ဘူး
မေမေက ဘာမှမသိဘူး
သူသိနေတာတစ်ခုတည်း . . . ဒါက သူ့ ဘ၀ပဲတဲ့

မေမေလက်ဖ၀ါးက
အီဖယ်မျှော်စင်ကြီးကို ဖျောက်ပစ်နိုင်တယ်
မေမေ့ခွန်အားက
ဗာလင်တံတိုင်းကိုလည်း ဖြိုခွင်းနိုင်တယ်
မေမေက
ကျွန်တော်ကစားဖို့ကြယ်လေးတွေပျိုးလို့ပေးတယ် . . .

မေမေမျက်ဝန်းမှာ
ကျွန်တော့်အတွက် ဆာလောင်မှုကင်းတယ်
မေမေ့အပြုံးမှာ
ကျွန်တော့်အတွက် ယုံကြည်မှုထင်းတယ်
မေမေ့ပါးပြင်မှာ
ကျွန်တော့်အတွက် သောကတွေကင်းစင်တယ်

ကျွန်တော့်အာကာတစ်ခွင်မှာ
မေမေပျိုးပေးတဲ့ ကြယ်တွေနဲ့ လင်းနေတယ် . . .
ကျွန်တော်က မေမေ့ရဲ့သား
မေမေက ကျွန်တော့်အတွက် အား
မေမေကိုယ်တိုင်ပဲ ခွန်အားတွေ ပေးသနားခဲ့တယ် . . .

ဒီလိုနဲ့ 
ကျွန်တော့်မှာ နားရည် မလည်တလည်
ဘ၀က ငယ်ငယ်ရွယ်ရွယ်
နေတစ်ခါဝင် ၊ လတစ်ခါထွက်
ကမ္ဘာကို တစ်ခါဖြတ်လို့
နာရီတွေမရပ် ၊ မိနစ်တွေမရပ်
ရာသီတွေ အလီလီကျော်ကာတက်တော့

ဒီဇင်ဘာတွေတောင် ပြောင်းလို့ပေါ့ . . . မေမေရယ်
ကမ္ဘာမြေကလည်း ၀တ္တရားကျေကျေနဲ့ 
ကျွန်တော့်ကို ထမ်းပိုးထားခဲ့တာတွေ
အခုဆို ( 8760)ရက်ကျော် ကြာ ပြီလေ . . . ။ ~ ။


( 17.12.2011 ) မှာ ကျရောက်မယ့် ကျွန်တော့်ရဲ့ မွေးနေ့ အမှတ်တရ . . . မေမေ့အတွက် ဂါရ၀ :)
www.moesutnay.blogspot.com
♥MOESUTNAY♥
Thursday, 15 December 2011
8 :00 P.M.

Share

"သူပြုံးလိုက်တိုင်း ရင်တွေခုန်"


"သူပြုံးလိုက်တိုင်း ရင်တွေခုန်"

ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးတာလေး မြင်ခဲ့ဖူးရုံ


ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးတာလေး မြင်ချင်ခဲ့ရုံ


ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးနေရင် ပျော်ရွှင်တတ်လို့ 


ရိုးရိုးလေးပါဗျာ

ကျွန်တော်က သူပြုံးတာတွေ လိုချင်ခဲ့လို့ 


ကွယ်ဝှက်စွာ ပြုံးတဲ့ အပြုံးတွေထဲ

တွယ်ကပ်ကာ ရုန်းဖို့ အားနည်း

တဒင်္ဂကျွန်တော့်အာရုံကို အစဉ်တသ ဖမ်းစားနိုင်ခဲ့စေသလား . . .


ကျွန်တော် သိပ်ချစ်တတ်လာတဲ့အခါ

သူ ပြုံးတဲ့ အပြုံးချက်တိုင်းမှာ ရင်ခုန်တယ် . . .


ကျွန်တော် သိပ်ချစ်တတ်လာတဲ့အခါ

သူ ပြုံးရင်အမြဲ ပျော်ရွှင်တယ်

သူ ပြုံးတာပဲ မြင်ချင်တယ် . . .


ရိုးရိုးလေးပါဗျာ

သူ ပြုံးလိုက်တိုင်း ကျွန်တော်ရင်ထဲ အေးချမ်းလို့သွား

ရိုးရိုးလေး တိုးဝှေ့ လို့ ငင် . . . ။ ~ ။



♥MOESUTNAY♥

20.11.2011 ( Sun: )


Share