Wednesday, 30 October 2013

Save The Aged (၂)နှစ်ပြည့် အမှတ်တရ ဆုရစာမူ “ ဂုဏ်ယူစွာ ဆင်မြန်းဝတ်ဆင်နေပါရစေ ”






“ ဂုဏ်ယူစွာ ဆင်မြန်းဝတ်ဆင်နေပါရစေ ”


" ဒီနေ့သောက်ရတဲ့ကော်ဖီက တော်တော်ကိုခါးတူးပြီး အရသာကိုမရှိတော့ဘူး ..... "

တစ်ယောက်တည်း ခပ်လေးလေးပင်ပင်လျှောက်လာရင်းနဲ့ နေသွေးနီ တစ်ယောက် စိတ်ထဲမှစိတ်ပျက်လက်ပျက် ညီးညူလိုက်ခြင်းပါ ။ ပြီးတော့ ... သူတွေးနေမိတာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးက လက်ဖက်ရည်ဆိုင်ထဲက အဖြစ်ပျက် …

" အကိုတို့ ဘာမှာမလဲခင်ဗျာ "

" ကို့ကို နက်စ်ပလိန်းတစ်ခွက်ပေး .. ရူဘီတစ်ပွဲပါချပေး ... နင်ကော ဘာမှာမှာလဲ မိုးခက် "
" အမကို ပေါ့စိမ့်တစ်ခွက်ပေးမောင်လေး .. ပြီးတော့ ပေါက်စီတစ်ပွဲလောက်ချပေးနော် "
" ဟုတ်ကဲ့ခင်ဗျာ "
" ဟဲ့ ... နင်ကဘာလို့ပေါက်စီစားမှာလဲ ၊ စားမယ့်စား အီကြာကွေးစားပေါ့ဟ "
နေသွေးနီ ရယ်ကျဲကျဲနဲ့ပြောလိုက်သော စကားကြောင့် စားပွဲထိုးကောင်လေးက ပြုံးလို့ထွက်သွားပါသည် ။
အဲ့ဒီအချိန် မိုးခက်ဝေမှာ မျက်မှောင်ကုပ်၍ကြည့်လျှက် ...
" ဟဲ့ .. နေနေ "
" နင်ဟာလေ .. စကားပြောရင် စည်းကမ်းကိုမရှိဘူး ။ ဘေးပတ်ဝန်းကျင်ကို မကြည့်ဘူး .. ကိုယ်ပြောချင်တာပဲပြောနေတယ် ၊ ဘယ်လိုလူမှန်းကို မသိဘူး "
ပြောပြောဆိုဆိုနဲ့ မိုးခက် က နေနေ့ ကိုမျက်စောင်းထိုးပစ်လိုက်သည် ။

"ဟား ... ငါဘာပြောလို့လဲ ၊ နင်စားချင်မလားလို့ ပြောကြည့်တာ .. စေတနာနဲ့ဟာကို "
" တော် ! ကောင်စုတ် ... နင့်အထာတွေရိုးနေပြီ .. မညစ်ပတ်နဲ့တော့ "

ထိုအချိန်မှာ စားပွဲထိုးလေးမှ ကော်ဖီနဲ့ရူဘီ(စီးကရက်)ကို နေသွေးနီ တို့သူငယ်ချင်းနှစ်ယောက်ရှိရာ စားပွဲဝိုင်းလေးပေါ်သို့ ဦးစွာလာချ ပေးသွားသည် ။ ဒီတော့မှ နေသွေးန်ီလည်း မိုးခက်ဝေနဲ့ ပြောလက်စစကားကို လွှဲဖို့ကော်ဖီခွက်ဆီသို့ လက်ရောက် သွားသည်။ထို့နောက် ကော်ဖီထုတ်ကို ဖောက်၍မွှေခါ မိုးခက်ဝေမှာထားသော လက်ဖက်ရည်နှင့် ပေါက်စီပန်းကန် သယ်လာပေးသော စားပွဲထိုးလေးကိုမသိမသာ ပြုံးပြလိုက်ပြီး .. ရေနွေးကြမ်းခွက်ကို ရေကျင်းပြီး ဓါတ်ဗူးထဲမှရေနွေးများ ထည့်ပေးနေသော မိုးခက်ဝေ၏ ရှုပ်ရှက်ခတ်စွာလုပ်ကိုင်နေပုံကို ကြည့်၍ မိမိကော်ဖီခွက်ကိုကိုင်ကာ တစ်ငုံမျှမြိုချလိုက်သည် ။ ပြီးနောက် .........

" နင့်ပေါက်စီတွေ အေးကုန်မယ်နော် "
ပြောလိုက်တုန်းကတော့ အကောင်းပါ ၊ ပြောပြီးမှ နေသွေးနီ် ရယ်နေသည် ။

" နင်နော် .... ငါ့ကို ပြောပြန်ပြီလား ၊ ဘေးဝိုင်းက ကြားသွားမှာ နင်မတွေးဘူးလားဟင် "
" ဟ .. ငါကဘာကိုလိုက်တွေးရမှာလဲ ။ ငါပြောတာ စကားအကောင်းပဲ .. "
" ကိုယ်က အကောင်းလို့ခံယူထားပေမယ့်…အများအမြင်မှာ၊အကြားမှာ ဆိုးချင်ဆိုးနေတတ်တယ်ဟဲ့၊ ဘာကိုပဲပြောပြော၊ဘာကိုပဲလုပ်လုပ် ဘေးဘီကိုကြည့်လေ..ပတ်ဝန်းကျင်ကိုခေါင်းထဲထည့်ထားလေ "

" နင့်ဘာသာပေါက်ကရလိုက်တွေးနေတာ ။ ငါ့ဆိုလိုရင်းကို ငါသိတယ်နော် ... ငါပြောလိုက်တုန်းကတော့ အကောင်းပဲ ၊အေး ... နင်မကြိုက်မှန်းသိလို့ ရယ်ချင်လာတာ ၊ အဲ့ဒါကြောင့်ရယ်လိုက်တာ .. ရှင်းပြီလား .. "

နေနေ တစ်ယောက် ဒေါသကိုလီဗာနင်း၍ အရှိန်နှင့်ပြေးနေသောကားကဲ့သို့တစ်နာရီမိုင်၁၄၀နှုန်းဖြင့်..
"နေစမ်းပါဦး ငါကဘာကိုဂရုလိုက်စိုက်နေရမှာလဲ။နင်ပြောလိုက်ရင် ပတ်ဝန်းကျင်၊ပတ်ဝန်းကျင်နဲ့.."
" ကျွတ် ! "
နေသွေးနီ တစ်ယောက် စိတ်တိုနေသည့်ဟန်ဖြင့် ပါးစပ်မှ စုတ်တစ်ချက်သပ်၍ ဆက်ပြောသည် ။
" အဲ့ဒီပတ်ဝန်းကျင်က နင့်ကို ထမင်းလာကျွေးနေလား ၊ ငါ့ကို လာကျွေးလား "

ကိုယ်ပြောချင်ရာ ပြောနိုင်သည် ၊ ပတ်ဝန်းကျင်ဆိုတာ ခေါင်းထဲထည့်ထားစရာမလိုဘူး ဆိုတဲ့ အမူအယာနဲ့နေသွေးနီ လေသံကိုမာ၍ ခပ်ကျယ်ကျယ်လေးပြောလိုက်ခြင်းပင်။မိုးခက် တစ်ယောက်
ပေါက်စီ စားနေရင်း နေသွေးနီ ကို တစ်ချက်လှမ်းကြည့်ကာ .. ငါ အစားစားနေတယ် ၊ စကားပြိုင် မပြောတော့ဘူးဆိုတဲ့ အမူအယာဖြင့်ကြည့်လိုက်သည် ။

ထိုအချိန် နေနေ့ အတွေးထဲဝင်လာသည်က မိုးခက် ၏အရှက်နဲ့သိက္ခာ…။ သူဆက်ပြောနေလျှင် မဖြစ်တော့ချေ၊မိန်းကလေးတစ်ယောက် အတွက် လက်ဖက်ရည်ဆိုင်မှာ စကားကျယ်ကျယ်ပြောရုံဖြင့် လူ့နှာခေါင်းရှုံ့စရာဟု သူကိုယ်တိုင်လက်ခံထားပါသည် ။ ပြီးတော့ သူနဲ့အခုလိုအချင်းပွားနေရတာက ၉တန်းကျောင်းသားဘ၀မှစ၍ ယခု ဘွဲ့ရလို့အလုပ်လုပ်ကြသည့်တိုင် အတူတူလက်တွဲလာခဲ့တဲ့ ရင်ဘတ်ချင်း အနီးဆုံး ... နေနေ့ ကမ္ဘာမှာ မျက်နှာသာပေး ၊ အရေးထားလို့ အိမ်ကအိမ်သားတွေ ထက်တောင် ဖေးမဖော် ၊ကူညီဖော် ရတဲ့ သူငယ်ချင်းကောင်းကြီးလေ ....။

နေနေ စီးကရက်ဗူးထဲမှရူဘီတစ်လိပ်ကို မီးညှိလို့အူထဲအသည်းထဲ၊အဆုတ်ထဲထိ မည်းထေး သွားအောင်ရှိုက်ပစ်လိုက်သည် ..။ ထို့နောက် စီးကရက်မီးခိုးများ ဖြည်းညှင်းစွာထွက်လာစေရန် ပါးစပ်ကို မပွင့်တပွင့်ဟထားပြီး ပါးစပ်အတွင်းမှ ထွက်လာသော မီးခိုးများနှင့်အတူ သူ၏အာရုံကို လွှင့်တင်ပစ်လိုက်သည် ။


တစ်သီးတစ်ဘာသာ ~ လောကကြီးမှာ ...


စီးကရက်တစ်လိပ်ကုန်သွားပြီ။ နောက်တစ်လိပ်ကို ထပ်သောက်ရန်အလို့ငှာ စီးကရက်ဗူးအတွင်းမှ
နောက်ထပ်တစ်လိပ်ကိုထပ်အထုတ်!
သူ့နံဘေးတွင် တစ်ယောက်ယောက် လာရက်နေသည်ကို သတိပြုမိလိုက်သည် ။ နေနေ သတိထားမိသလိုပဲ လက်ဖက်ရည်ကို ငုံ့သောက်နေတဲ့ မိုးခက် ပါခေါင်းကိုမော့၍ ... သူတို့နှစ်ဦးသား တစ်ပြိုင်နက်တည်း လားရာ သဏ္ဍန်တစ်ခုဆီသို့ ကြည့်လိုက်ကြသည် ။ သူတို့အကြည့်တွေ မဆုံးခင်ပဲ အနားမတ်တပ်ရပ်နေသောသူထံမှစကားသံထွက်လာသည် ။

" သား ... အမေ့ကို တစ်ခုလောက်ကူညီပါလားကွယ် "

အသက်အရွယ်အားဖြင့် ၆၀ကျော်ကျော်ရှိလောက်မည် ။ အရပ်ကောင်းကောင်း ၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် အသားညိုညို အမျိုးသမီးကြီး တစ်ဦး သူ့ကိုပြုံး၍ပင် စကားဆိုလာသောကြောင့် ဘာများလဲဆိုသည့် အမေးအဓိပ္ပါယ်မျိုးဖြင့် မိမိအားစိုက်ကြည့်နေသော မိန်းမကြီးကို နေနေ မေးဆတ်၍ ကြည့်လိုက်သည် ။

"အမေ့ကို ဖုန်းတစ်ကောလောက် ပေးခေါ်ပါလား။မိတ္ထီလာက အမေ့သားကြီးဆီဖုန်းခေါ်မလို့ဖုန်းဆိုင်တွေလည်း မဖွင့်သေးလို့...အဲ့ဒါ…"

" ကျွန်တော့်ဖုန်းက ဘတ္တရီကုန်နေတယ်ဗျ ... စိတ်မရှိပါနဲ့ "
အမျိုးသမီးကြီး၏စကားကိုပင် ဆုံးအောင်နားမထောင်တော့ .. နေနေက ပညာသားပါပါလိမ်လည်၍
ပြောလိုက်သည် ။ ပြီးတော့ ပြုံးပြ၍ မျက်နှာကိုချက်ချင်းလွှဲပစ်လိုက်သည် ။ ပြီးတော့ ခွက်ထဲမှာ ကျန်နေသော
ကော်ဖီကို မော့သောက်လိုက်ပြီး၊ဓါတ်ဗူးအတွင်းမှရေနွေးများကို
ငှဲ့ချလိုက်သည် ။

         ခါတိုင်းဆို ကော်ဖီခွက်ထဲလက်ကျန် ကော်ဖီရည်များကိုဆေးကြောပြီးမှ ရေနွေးငှဲ့လေ့ရှိတဲ့ နေနေ တစ်ယောက် .. ရောက်ယက်ခတ်စွာ တရစပ်လုပ်ကိုင်နေပုံကို အံ့သြကြီးစွာကြည့်နေမိသူက မိုးခက်...။ နေနေ နဲ့ငယ်ငယ်ကတည်းက ပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်းပီပီ ... မျက်နှာလွှဲ ခဲပစ် အဖြေပေးလိုက်သော်လည်း ထွက်မသွားသေးပဲအနားတွင် တစ်ခုခုကိုစဉ်းစားအကြံအိုက်နေသော အမူအရာဖြင့် မတ်တပ်ရပ်လျှက်ရှိနေသော အမျိုးသမီးကြီးကြောင့် စိတ်ညစ်နေသော နေနေ ၏ မျက်နှာကို မိုးခက် ကောင်းကောင်းဘာသာပြန်နိုင် ပါသည် ။ မိုးခက် မှာ နေနေ ၏မျက်နှာကိုတစ်လှည့် မိမိ၏မိခင်အရွယ်မက ၊ အဘွားအရွယ်လည်းမကျသေးသည့် အမျိုးသမီးကြီး၏ မျက်နှာကို တမော့ ကြည့်ရင်း နေရခက်လာပြီ ။

" အကြီး..ဒီနားက လမ်းချိုးလေးမှာတော့ဖုန်းဆိုင်ရှိတယ်လေ။သူတို့ကမနက်စောစောဖွင့်တာ။သွားကြည့်လိုက်ပါလားရှင်"
ဟုမိုးခက်က လက်ညှိုးထိုးပြီး နေရာကိုညွှန်ပြနေသည်။

နောက်ထပ် တစ်လိပ်ထပ်ညှိ၍ဖွာလိုက်သောမီးခိုးငွေ့များနေနေ၏ ဦးခေါင်းထက်သို့ပျံတက် ကုန်၏ ။ထိုသို့ပျံတက်စေအောင်ပင် နေနေက အောက်နှုတ်ခမ်းကိုအပြင်ထုတ်၍အရှိန်နှင့်မှုတ်ထုတ်လိုက်ခြင်းကြောင့်ပင်။မီးခိုးငွေ့များ မိမိနားသို့ရောက်လာမှ နေရာဖယ်ပေးရမှန်းသတိဝင်လာသောအမျိုးသမီးကြီးမှာ မိုးခက်ပြောလိုက်သော စကားကိုလက်ခံသော ဟန်ဖြင့်ပြုံးပြပြီး ........
" သြော် .. ဟုတ်လား ။ ကျေးဇူးပါပဲ သမီးတို့ရယ် .. အမေ သွားကြည့်ကြည့်လိုက်မယ်နော် ၊ အမေလည်း ခြေထောက်ပါညောင်းနေပြီ ၊ ဆိုင်တွေမဖွင့်သေးတော့လေ..သွားကြည့်လိုက်မယ်နော် "

အမျိုးသမီးကြီးက ပြောပြောဆိုဆိုနှင့် ... မိုးခက် နှင့်မျက်လုံးချင်းအဆုံမှာပင် အေးချမ်း တည်ငြိမ်သော အပြုံးနှင့်နှုတ်ဆက်၍ ထွက်သွား ပါတော့သည် ။ ထိုအချိန်မှာ နေနေက မိုးခက်ကိုစကားဟလာပြီ ။
" အဲ့ဒီအဖွားကြီးကို နင်သိလား .. "
" ဟင့်အင်း ... မသိဘူးလေ "နင်ကော သိလို့လားဟူသည့်မျက်လုံးမျိုးဖြင့် နေနေ့ ကို မိုးခက် ကြည့်လိုက်သည် ။
" အေး .. အဲ့ဒါ ငါ့အမေနဲ့ခမည်းခမက်တော်တဲ့ ဘွားတော်နေတဲ့လမ်းထိပ်က ၊ အဲ့ဒီ အဖွားကြီးက ပြောင်းဖူးပြုတ်
ရောင်းတယ် "
" သြော် .. အဲ့ဒီလမ်းထိပ်မှာ သူ့အိမ်လား "
" အဲ့ဒါတော့ ငါမသိတော့ဘူး … နင်သိချင်ရင်လည်း လိုက်သာမေးတော့ ။ ငါတွေ့ဖူးတာကိုပြောပြနေတာ။ ငါ လိုက်ပြီးစပ်စုထားတာတော့ မဟုတ်ဘူး ။ အဲ့ဒီလမ်းထိပ်ရောက်တိုင်း သူ့ဈေးရောင်းသံကြီး ကြားကြားနေရလို့
မှတ်မိနေတာဟာ "
နေနေ၏ စိတ်မရှည်သော အပြောကို နားထောင်ရင်း မိုးခက်တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်မိသည် ။ ပြီးနောက် ...
" ငါမေ့နေတာပဲ ... ဆေးသောက်ရဦးမယ် "
ပြောပြောဆိုဆိုနှင့် အိတ်ထဲမှဆေးထုတ်လေးကို ထုတ်ကာ ဟိုဟိုဒီဒီကြည့်ပြီး နေနေ ကြားစေရုံမျှ ခပ်တိုးတိုးလေး
ရေရွတ်လိုက်သည် ။
" ရေသန့်ဗူး သွားဝယ်ဦးမယ် ၊ ခဏနေဦးနော် "နေနေ က အင်းဟူသော အမူအရာဖြင့် ခေါင်းကို
ညိတ်ပြလိုက်သည် ။
သို့သော်လည်း တစ်ခုခုကို စိတ်ပျက်နေသည့်ဟန်နှင့် အနားမှ ထထွက်သွားသော သူငယ်ချင်းကိုပင် ဂရုမစိုက်နိုင်တော့။

ခွက်ထဲမှ ရေနွေးကိုမော့ချပစ်လိုက်သည် ။ ပြီးနောက် ဟိုဒီကြည့်ပြီး နေသွေးနီတစ်ယောက် ဖုန်းထဲကနေ Beyonce ရဲ့ Halo သီချင်းလေး  ကောက်ဖွင့်လိုက်သည် ။

             တကယ်တော့ ဖုန်းကခေါ်လို့ရနေပါသည်။ မိမိဖုန်းမှာအရင်းနှီးဆုံးသူငယ်ချင်းများနှင့် အိမ်မှအမေနှင့် အကိုသာ ကိုင်ခွင့်ရှိသောအလေ့အထ ရှိသည် ။ ပြီးတော့...တပါးသူဆိုပေမယ့်သေရေးရှင်ရေးဆိုလည်းတစ်မျိုး။ အခုကိစ္စက ပြောင်းဖူးသည် အဖွားကြီးက အလကားရလိုရညား လေပြေထိုးပြီးလာပြောနေခြင်းဟုမိမိယူဆသည် ။ ထိုသို့သော သူမျိုးတို့ကို တကယ်လို့များပေးဆက်မိမည်ဆိုလျှင် ၁၅ မိနစ်လည်းဖြစ်ကောင်း ဖြစ်မည် ။
နာရီဝက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်သည် ။ ပြီးတော့ သူပြောပြောနေကြ စကား အတိုင်း "လူတွေက အလကားရရင် ရေတောင်အသေသောက်တယ် "ဆိုတာမျိုး ။အစရှိ နောင်နောင် ဆိုတဲ့အတိုင်း တစ်ခါပေး ဆက်လိုက်ရင် နောက်လည်း လာဦးမယ် ။ သူငြင်းလွှတ်လိုက်ရတာသူ့အကြောင်းပြချက်နှင့် သူ့အတွေးနှင့်သူမို့လို့
ကျေနပ်နေသော်လည်း ...  သူငယ်ချင်းဖြစ်သူ မိုးခက် သူ့ကို ကြည့်သွားသော အကြည့်တွေကြောင့် စိတ်ထဲတော့ သိပ်မကျေမချမ်းချေ ။

မိုးခက်ဝေ တစ်ယောက်ရေသန့် ဗူးဝယ်ပြီး စတိုးဆိုင်မှ ပြန်အလာ . . . အလန့်တကြားနှင့်ပင်
“ဟဲ့ ... နေနေ နင်တို့လမ်းထဲမှာ မီးလောင်လို့တဲ့ဟ”
“ဟေ ... ဟုတ်လား” ဟုမေးရင်း . . . ပြောပြောဆိုဆိုနှင့် နေသွေးနီတစ်ယောက် လက်ဖက်ရည်ဖိုးတောင် မရှင်းနိုင်တော့ဘဲ ~

တစ်ချိုးတည်း ထပြေးတာ ... သူတို့နေအိမ်ရှိရာ သစ္စာ(၅)လမ်းထဲမှာ မီးခိုးတွေပလူပျံနေတာ ။

တစ်လမ်းလုံးလည်း မီးခိုးမှိုင်းတွေချည်း ။ မွှန်မွှန်ထူထူနဲ့ ပဲ နေနေ တစ်ယောက် လမ်းထဲက သူတို့ အိမ်လေးဆီသွားတော့ ...
“နေနေရေ မင်းတို့မိသားစုတော့ ကံကြီးပေလို့ပေါ့ကွာ ။ အိုးမဲ့အိမ်မဲ့နဲ့  စည်းစိမ်တွေမပြုတ်တယ်”လို့  ပြောနေတဲ့ ဘကြီးထွေးရဲ့ စကားကို ကြားတော့ “ဘာဖြစ်လို့လဲ…ဘကြီးထွေး။ဘကြီးထွေး စကားကြီးကဘယ်လိုကြီးတုန်းဗျ၊ ကျွန်တော်နားလည်အောင်လည်း ရှင်းပြပါဦးဗျာ”ဆိုတော့မှ …

“မီးက မင်းတို့ ခေါင်းရင်း ရေစက်အိမ်က စလောင်တာ ၊ မင်းတို့အိမ်လည်း ငြိမ်းမယ့် လူသာမရှိရင်
လောင်လို့ပြာကျနေပြီ ။ဟိုဘက် ရပ်ကွက်က ပြောင်းဖူးပြုတ်ရောင်းတဲ့ မရွှေမိနဲ့  သူ့ သားတွေ လမ်းလျှောက်ရင်း
တွေ့လို့ဆိုပြီးမင်းတို့အိမ်ထဲကပစ္စည်း၊ဥစ္စာတွေအကုန်လုံးကို
တာလမ်းမပေါ် ထုပ်ရွေ့ ပြီး မီးဘေးလွတ်အောင် သယ်ထုပ်ပေးထားတာလေ ။ မင်းတို့အိမ်ကတော့ အုတ် တိုက်ခံ မို့လို့ မီးကူးမမြန်တာ ၊ အိမ်ထဲမှာလည်း မင်းမေမေတစ်ယောက်ထဲရှိနေတဲ့အချိန် သယ်ထုပ်ပေးမယ့် လူသာမရှိရင် အခုအချိန် မင်းတို့ စည်းစိမ်၊ ဥစ္စာတွေမီးထဲမှာ ပြာကျနေပြီ”ဟုဆိုတဲ့ ဘကြီးထွေးရဲ့  ပြောသံအဆုံး . . . .

နေသွေးနီ သူ့ အိမ် အိမ်လေးထဲ ပြေးဝင်သွားတော့မှ…ကျွန်တော့်ကို ပြေးပြီးဖက်ငိုသူ ကျွန်တော့်မေမေက…
မရွှေမိတို့ကျေးဇူးကြီးပေလို့ပေါ့ သားငယ်ရယ်။ မဟုတ်ရင်တော့လား၊ မေမေတို့အခုအချိန် ထမင်းထုပ် စားနေရပြီလို့ ဆိုကာ ။ မီးတွေကြားထဲမှာ ထိတ်လန့်ခဲ့သူမေမေက ကျွန်တော်ကို ငိုရင်း၊ဆိုရင်း ... ပြောနေ
လေတော့တယ် ။ ကျွန်တော်တို့ အိမ်လေး
ရှေ့ မှာရပ်နေတဲ့ ဒေါ်ရွှေမိတို့သားအမိ ကို ကျွန်တော် ကျေးဇူးစကား
ပြောဖို့တောင် အလွန်တရာ အားနာမိနေတော့ပါတယ် ။ ခုဏလေး တင်ကပဲ ဖုန်းလေးတစ်call တောင်
ပေးမဆက်ဘဲ ငြင်းဆန်လိုက်တဲ့ ကျွန်တော် ... အခု ထိုသူတွေကို ကျွန်တော် ဘယ်မျက်နှာနဲ့ ကျေးဇူး တင်ပါရဲ့ လို့ ပြောရမလဲဗျာ ။“သူကောင်းမှ ကိုယ်ကောင်းမယ်”ဆိုတဲ့စကားကိုသာ ဒေါ်ရွှေမိတို့
လက်ကိုင်ထားခဲ့ရင်အခုအချိန်ကျွန်တော်တို့
ပစ္စည်းတွေ မီးထဲကနေ ဘယ်လို ပြန်ဆယ်ယူရမလဲလေ . . . ။

လက်ဖက်ရည် ဖိုးရှင်းပြီး နောက်မှ ပြေးလိုက်လာတဲ့ မိုးခက်ဝေက ကျွန်တော့်မေမေကို ဖက်ထား လိုက်ရင်း ၊ နေနေ “တစ်ဦးက မေတ္တာ ၊ တစ်ဦးမှာ စေတနာ”ဆိုတာကို နင်ကြားဖူးလား ။ “ခုနက ဖုန်းဘတ္ထရီရှိနေရက်ကြီးနဲ့  နင်ဖုန်းမပေးဆက်ခဲ့ပေမယ့် ... သူတို့တွေ မေတ္တာ မပျက်ဘဲ စေတနာ ထားခဲ့တယ်ဆိုတာ…နင်လက်တွေ့ 
ခံစားလိုက်ရပြီမဟုတ်လား ။ ငါတို့မြန်မာလူမျိုးတွေက ကူညီတတ်တယ် ၊ ရိုင်းပင်း တတ်တယ် ... ဆိုတာ ရှေးကတည်းက အစဉ်အလာရှိရက်နဲ့  ဘာလို့ ငါတို့တွေ စေတနာတရားတွေ ခေါင်းပါးရမှာလဲ ၊ မေတ္တာတရားတွေ ပုန်းလျှိုးကွယ်ဝှက်ထားရမှာလဲ.. နင်လည်း ခေတ်ပညာတတ် လူငယ်တစ်ယောက်ပဲဟာ ငါတို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ကျောင်းသင်ခန်းစာ ထဲကလိုလေ “လဲနေသူ ထူပေးပါ” ဆိုတာလေးတော့
မှတ်ထားပေးပါ ၊ နေနေရာ လို့ ” ပြောကာ ~ ကျွန်တော့်ကို ကျောခိုင်းလို့ ထွက်ခွာ သွားသူ ~ မိုးခက်ဝေ ။

မိုးခက်ဟာ ကျွန်တော့်ရဲ့အရင်းနှီးဆုံး တိုင်ပင်ဖော် ၊ အတွယ်တာရဆုံးသော ငယ်ပေါင်းကြီးဖော်ပီပီ ကျွန်တော့်မျက်ဝန်းတွေထဲက ဘာသာစကား တိုင်းကို သူမက ဖတ်သားတတ်တယ်လေ ။ အခုလည်း သူမြင်တာတွေကို သူပြောချသွားပြီး…သူ လှည့်ထွက်သွားခဲ့ပြီ။ ကျွန်တော်ကတော့ အတွေးများနဲ့ ကျန်ခဲ့ပြီလေ ... ။ လှည့်ထွက်သွားတဲ့ မိုးခက်ရဲ့ ကျောကိုကြည့်လိုက် ၊ ကျွန်တော်တို့ အိမ်ရှေ့ က လူစုလူဝေးထဲက ဒေါ်ရွှေမိတို့ သားအမိတွေကို ကြည့်လိုက်နဲ့  ... ကျွန်တော် တစ်စုံ တစ်ယောက်ကို တစ်ခုခုပြောချင်နေပါသည် . . . ဒါက ရင်ထဲမှာ ဖြစ်နေတဲ့ လက်ရှိခံစားမှု စိတ်အခြေ အနေတွေလေ ။


စကားလုံးမဲ့တဲ့ ~ အတွေးအိမ် ...


ကျွန်တော်အတွေးတွေမဆုံးသေးခင်မှာပဲ ~အသက် ၃၀ ၀န်းကျင် လူရွယ်တစ်ယောက် ကျွန်တော့် အနားရောက်လာတယ် ။ ထိုသူက ဒေါ်ရွှေမိ၏ သားလတ် ကိုကြီးဇော်…။ကိုကြီးဇော်ကိုတော့ ကျွန်တော်တို့တွေ အတူတူဘောလုံးကန်ခဲ့ ဖူးလို့၊ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ် ။ ကိုကြီးဇော်က ကျွန်တော့် ပုခုံးပေါ် လက်ကလေး  လာတင်ထားပြီး ကျွန်တော့်မျက်နှာကို  တစ်ချက် ကြည့်တယ် ။ ညီလေး ဘာမှ စိတ်မပူနဲ့ တော့နော် ။ တာလမ်းမပေါ် တင်ထားတဲ့ ပစ္စည်းတွေ အိမ်ထဲကို ပြန်ထည့်ပြီးရင် ... အေးဆေးပါကွ ။ ညီလေးတို့အိမ်က မီးလောင်မှုစတာမှမဟုတ်တာ ။ အဲ့တော့ ပြဿနာတွေ ဘာတွေမတက်ပါဘူး ။ စိတ်အေးအေးထားနော် ၊ ညီလေး ဆိုပြီး ... ကျွန်တော့်ကို တောင် အားပေးစကားတွေပြောလို့ လှည့်ထွက်သွားကာ ~ တာလမ်းမပေါ်က ကျွန်တော်တို့ ပစ္စည်းတွေကို အိမ်ထဲ သယ်မဖို့ဦးဆောင် ဦးရွက်လုပ်ကာ ... ကူညီပေးနေရှာ ပါတော့တယ် ။

ရိုးသားစွာဝန်ခံရရင် ~ ကျွန်တော့်ကို အဲ့လိုတွေဆက်ဆံကြတော့ ကျွန်တော်မနေတတ်တော့ဘူး ။ ကျွန်တော်က မကောင်းတာတောင်... ကျွန်တော့်အပေါ် စေတနာမပျက်တဲ့ လူတွေကို မြင်နေ၊တွေ့နေရတော့ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသလို ခံစားရတယ်လေ ။ “ယောက်ျားကောင်းဆိုတာ မှားတာရှိရင် ၊
ချက်ချင်းအမှန်ပြင်လို့ ၊ အမှားကိုဝန်ခံရဲရတယ်” ဆိုတဲ့ ငယ်ငယ်ကတည်းက
ဖေဖေဆုံးမနေကျ
စကားလေးတစ်ခွန်း ပြန်ပြီးကြားယောင်သွားပြီး…ကျွန်တော် လမ်းတစ်ဖက်ကူး၍ ဒေါ်ရွှေမိတို့အနားသွားကာ ~

“ဒေါ်ကြီးရွှေမိ ... ကျွန်တော်မှားသွားတယ်ဗျာ။ ကျွန်တော်တကယ်တော့ စိတ်ကောင်းမရှိတာမဟုတ်ပါဘူးဗျာ ။ ငယ်ငယ်ကတည်းက သီးသီးသန့် သန့်နေခဲ့ မိတာ၊ကျွန်တော့်ရဲ့ ဘ၀င်မြင့်နေတဲ့စိတ်တွေ ၊ တစ်ကိုယ်ကောင်း ဆန်တဲ့အကျင့်တွေကြောင့် . . . တစ်ဦးအပေါ် တစ်ဦး ရိုင်းပင်းခြင်း ၊ ကူညီခြင်း ၊ စာနာခြင်း ဆိုတဲ့ မင်္ဂလာတရား
တွေကို ကျွန်တော်မေ့လျော့သွားတယ်ဗျာ ။ ကျွန်တော့်အတ္တတွေကြီးထွားနေတာတောင် စေတနာမပျက်ဘဲ ဆက်ဆံပြခဲ့တဲ့ ဒေါ်ကြီးရွှေမိတို့ရဲ့  အပြုအမူနဲ့ လုပ်ရပ်တွေဟာ ကျွန်တော့်ဘ၀ထဲမှာ လူကိုလူချင်း ကူညီခြင်းဆိုတာကို ပြသသွားတဲ့ သင်ခန်းစာပါပဲဗျာ ။ ကျွန်တော်မှားပါတယ်ဗျာ ... ကျွန်တော့်ဖုန်းက မနက်ကတည်းက ဘတ္တရီ အပြည့်ပါ ။ ကျွန်တော်က အားနည်းသူကို အားပေးမကူဘဲ လစ်လျူရှုခဲ့ပေမယ့် ... ဒေါ်ကြီးရွှေမိတို့ရဲ့  ကူညီတတ် ၊ ရိုင်းပင်းတတ်တဲ့ စိတ်ရင်းစေတနာ တွေကတော့ ကျွန်တော် ရင်တွင်းပိုင်း နက်နက် ထဲကကို အသိအမှတ်ပြု
ဦးညွှတ်ပါရဲ့ ဗျာ” . . . ။

ဘယ်လိုမှကို စိတ်ထဲမထားခဲ့ပါဘူး ကလေးရယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး . . . ပြုံးရုံလေးပြုံးကာ လှည့်ထွက်သွားခဲ့ရှာတဲ့ … ဒေါ်ရွှေမိ ။

အဲ့ဒီညက ကျွန်တော် တော်တော်နဲ့ အိပ်လို့မရခဲ့ဘူး…။ အာရုဏ်မိုးသောက်ချိန်ထိတိုင်အောင် ကျွန်တော်ကောင်းကောင်းကြီးအိပ်မပျော် နိုင်ခဲ့ဘူး ။ မနက်က အဖြစ်အပျက်တွေအားလုံးကို တရိပ်ရိပ်တွေးပြီး . . . တစ်ခုခုကို စဉ်းစားနေမိတော့တယ် ။ အမှန်အတိုင်းပြောရရင်… ကျွန်တော်က ငယ်ငယ်ထဲက သူများ ကျောတာ မခံခဲ့ရဖူးသလို ၊ သူများအပေါ်မှာလည်းအကျောတင်ခဲ့ဖူးတာမဟုတ်ဘူး။ကျွန်တော့်အပေါ်
ဘယ်သူမှ သေးသေးတင်လို့ မရသလို၊ ကျွန်တော်လည်းဘယ်သူ့အပေါ်ကိုမှသေးသေးမတင်ခဲ့ဖူးပါဘူးလေ။
အခုကျွန်တော့်အတွေးတွေကို
ပြန်ပြီးဆက်စပ်ကြည့်ရင် ~ အမူမဲ့အမှတ်မဲ့ ထားရှိခဲ့တဲ့ ကျွန်တော့်ရဲ့  အတ္တတွေကြောင့် ကျွန်တော့်ရဲ့  စိတ်သေန္ဓေထဲမှာ အကြွေးတစ်ခုခု ရှိသလို ခံစားခဲ့ရပြီ။ကျွန်တော် ဒေါ်ရွှေမိတို့လို အမှန်တကယ်လိုအပ်သူတွေအပေါ်မှာဘာလို့လိုနေချိန်လိုနေတာလေးကိုတောင်အကူအညီ မပေးနိုင်
ရတာလဲ။ ကျွန်တော့်နှလုံးသားတွေ အဲ့လောက် မမာကျောပါဘူး ။ ဘာဖြစ်လို့ ကျွန်တော် “help” ဆိုတဲ့ စကားလေးတစ်လုံးကို အသိအာရုံထဲမှာ မထည့်ထားနိုင်ခဲ့တာလဲ ။ ကျွန်တော် တင်ရှိနေပြီဖြစ်သော ထိုအကြွေးကို လိုနေသူတွေအဖို့ တစ်ခုခု ပြန်ပေးမည်ဟု ဆုံးဖြတ်ရင်း . . . ဘယ်လိုများ လုပ်သင့်ပါသလဲလေလို့ ~ အတွေးပေါင်း အထွေထွေနဲ့  အဲ့ဒီညကို ကုန်ဆုံးခဲ့စေတော့တယ်လေ ။


ကျွန်တော့် အာရုံကို လှုပ်ခတ်လာသော ပရဟိတရနံ့  ...


မိုးလင်းတော့မနက်စာစားမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ကိုသွားတော့ ဆိုင်လေးထဲမှာရောက်နှင့်နေတာက မိုးခက်ဝေနှင့်ကိုကြီးဇော်တို့တွေ..
“ဟော ~ နေနေတောင် လာပြီပဲ ... ဒီကိုလာ နေနေ ၊ ငါတို့တောင် နင့်အကြောင်းပြောနေကျတော့ နင်တော့ အသက်ရှည်ဦးမှာပဲ”လို့  မိုးခက်ကပြောတော့
“ဘာလို့လဲဟ ... ငါ့အကြောင်းက ဘာတွေများ ပြောစရာရှိလို့လဲ”
“ဒီလိုပါ ညီလေးရာ…ညီမလေး မိုးခက်နဲ့  စကားပြောနေရင်း၊ ညီလေးတို့တွေ တနင်္ဂနွေနေ့လေးတွေများအားကြသလားလို့ပါ..ညီလေးရ ” လို့ ပြောတဲ့ ကိုကြီးဇော်ရဲ့ စကားဆုံးတော့
“ကျွန်တော့်ရုံးပိတ်ရက်တွေကတော့ Sunday နဲ့  gazette holiday တွေလေ ... ဒါပေမယ့် ကျွန်တော်က လောဘနည်းနည်းကြီးတော့ အားလပ်ချိန်တွေမှာလည်း computer service လိုက်လုပ်ပေးသေးတာဗျ။အဲ့တော့ ကျွန်တော့်မှာ အားလပ်ရက်ကြီးရယ်တော့ သီးသီး သန့် သန့်  မရှိဘူး ။ အလုပ်လုပ်စရာမရှိတဲ့နေ့ အားတာပဲ” ... လို့ ကျွန်တော် ခပ်ပြုံးပြုံးလေးဖြေလိုက်တယ် ။

“လူငယ်ပီပီ ပိုက်ဆံရှာဖို့တွေးတတ်ပြီး ~ အလုပ်ကို ကြိုးစားတာတော့ လေးစားတယ် ညီလေးရာ”
“ဟုတ်ကဲ့ ... ကျွန်တော် သိခွင့်ရှိမယ်ဆိုရင် ခုနက ကိုကြီးဇော်က ကျွန်တော်တို့ကို တနင်္ဂနွေနေ့လေးတွေ အားကြသလားဆိုတော့ . . . ဘာများဖြစ်လို့လဲဗျာ”

“ဒီလို နေနေရ ၊ ကိုကြီးဇော်က ငါတို့ကို တနင်္ဂနွေနေ့လေးတွေ အားရင်၊ သူတို့လှုပ်ရှားနေကြတဲ့ ပရဟိတ အသင်းလေးဆီခေါ်သွားမလို့တဲ့”
ပြုံးရွှင်ကြည်သာနေတဲ့ မျက်နှာလေးနဲ့ . . . မိုးခက်က ကြားဖြတ်ဝင်ပြောတယ် ။
“ကိုကြီးဇော်တို့ရဲ့ ပရဟိတအသင်းလေးအကြောင်း ကျွန်တော့်ကို ပြောပြပါလား ။ ပရဟိတအသင်းဆိုတာ ဘာသာရေးအသင်းလား ၊ လူမှုရေးအသင်းလား ၊ ဒါမှမဟုတ် နိုင်ငံရေးလှုပ်ရှားမှု အသင်းတစ်ခုခုများလား ဗျာ ... ကျွန်တော် တကယ်မသိလို့ ကျွန်တော့်ကို ပြောပြပါလားဗျာ” . . . .

“ညီလေး သိချင်ရင် ကိုကြီးဇော်ပြောပြပါ့မယ် ။ ပရဟိတ ဆိုတာ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် စိတ်ထား၊နှလုံးသားတွေကို အသန့်စင်ဆုံး ၊ အစင်ကျယ်ဆုံးထားလို့  ပြုမှုဆောင်ရွက် လုပ်ကိုင်
ပေးနေကြတာတွေလေ . . . ဒီ့ထက် ပြောရရင် ညီလေးမှာ ရှိသလို တစ်ခြားသူမှာ မရှိတာတွေကို မျှဝေဖြည့်ဆည်းပေးတာ . . . ပရဟိတနယ်မြေထဲမှာ အဆီးအတားမရှိဘူး ။ သီးခြားမရှိဘူး ။ လူမျိုး၊ ဘာသာ ၊ အသွေးအရောင် မခွဲခြားဘဲ လိုနေသူတွေကို အားဖြည့်ကူညီကာ ၊ ငိုနေသူတွေကို ထွေးပွေ့နှစ်သိမ့်ပေးကြမှာလေ ... ဒါ့ထက်မကအောင် အကျယ်တ၀င့်ပြောရရင် အဲ့ဒီစကားလုံးလေး ၄ လုံးရဲ့အနက်ကို ဖွဲ့ လို့မကုန်ဘူး ။ ဒါပေမယ့် ဆိုလိုရင်းကတော့
ပေးဆပ်ခြင်းဆိုတာပဲလေ ” ညီလေးရေ ...
“ဟာဗျာ ... ခမ်းနား မြင့်မြတ်လိုက်တာဗျ ။ စကားလုံးတွေ ကြားရုံနဲ့ တောင်ကြက်သီးမွှေးညင်း ထတယ်။... ကျွန်တော် အနက်တွေ အဓိပ္ပာယ်တွေတော့ နားမလည်ပါဘူးဗျာ ။ ဒါပေမယ့် အဲ့လိုတွေ လုပ်နေတယ်ဆိုတဲ့ လူတွေနဲ့ တွေ့ ချင်တယ်ဗျာ ... သူတို့က ဘယ်လို လူမျိုးကြီးတွေလည်းဆိုတာ သိချင်တယ်ဗျ”

“ဒီနေ့တနင်္ဂနွေနေ့ ~ ညီလေး အလုပ်ရှိလားကွ”
“ကျွန်တော် service လုပ်ဖို့ချိန်းထားတာ တစ်ခုတော့ရှိတယ် ။ ဒါပေမယ့် မသွားတော့ဘူး။အဲ့အိမ်က အသိအိမ် ညမှ သွားလည်းဖြစ်တယ် ။ အဲ့တော့ ~ ကျွန်တော် အားတယ် ကိုကြီးဇော် ...”

                   ဒီလိုနဲ့ အပေးအယူတည့်သွားကြကာ ကိုကြီးဇော် ခေါ်ဆောင်ရာ Save The Aged သက်ကြီးရွယ်အို
စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး ပရဟိတလူငယ်များအသင်းရဲ့ Meeting လေးကိုရောက်လာခဲ့တယ် ။ နွေးထွေးပျူငှာတဲ့ သူတို့ရဲ့မိသားစုစိတ်ဓါတ် ၊ ညီအကိုမောင်နှမ ဆက်ဆံရေးတွေကြား … ကျွန်တော်တို့လည်း လူသစ်ဆိုပေမယ့် ~ နည်းနည်းတောင် မကြောင်သွားပါဘူး ။ ကိုကြီးဇော်က အဲ့အသင်းမှာ တော်တော်
အရာရောက်နေတဲ့ လူကြီးတစ်ယောက် တာဝန်ခံလို့လည်းပြောတယ် ။ သူတို့အသင်းက အဖွဲ့ ဝင်
မောင်နှမတွေကလည်း ကျွန်တော်တို့နှစ်ယောက်အနားမှာ လာထိုင်လို့ အသင်းရဲ့ မူဝါဒတွေ၊လုပ်ဆောင်ချက်တွေ၊
လှုပ်ရှားမှုတွေ၊ SaveTheAged အသင်းလေးက လစဉ် လတစ်လ၏ ပထမဦးဆုံးအပတ်တနင်္ဂနွေ နေ့လေးမှာ …  အသင်းရဲ့  Meeting ကို ပြုလုပ်
ဆွေးနွေးကြပြီး ၊ တတိယအပတ်တနင်္ဂနွေ နေ့လေးတွေမှာတော့ လစဉ်အလှူပွဲတွေကို ကျင်းပပြုလုပ်လေ့ရှိတဲ့ အကြောင်းတွေ ၊ အသင်းရဲ့  title လေးအတိုင်း အမှန်တကယ်နွမ်းပါး ချို့တဲ့ သော သက်ကြီးရွယ်အို ဘိုးဘွားတွေကိုစောင့်ရှောက်ထောက်ပံ့ပေးထားတဲ့ အကြောင်းလေးတွေ ၊ အသင်းလေးထဲမှာ လက်ရှိ ရာသက်ပန်ကိုယ်စားမိဘ ( ၂၃ )ဦး မွေးစား စောင့်ရှောက်ထားနိုင်တဲ့အကြောင်းတွေ ... ထို ( ၂၃ ) ဦးထဲမှာမှ ( ၃ ) မှာ ဘ၀တစ်ပါး ပြောင်းရွေ့သွားခဲ့သလို ~ ၄င်းတို့တွေ မြေကျခဲ့သည်အထိလည်း အသင်းမှ ကိုယ်စားမိဘ တစ်ဦးသဖွယ် တာဝန်ယူဆောင်ရွက်ပေးခဲ့ တာလေးတွေ…အမှန်တကယ် ချို့ တဲ့ နွမ်းပါးသော နေရာများသို့သွားရောက်လှူဒါန်းသော လစဉ်အလှူတွေအပြင် ၊ ကာလဒါန အလှူများ ၊ နေ့ထူးရက်မြတ်အခါသမယပွဲတော်များ ၊ ဘာသာရေးပွဲတော်များ ၊ ထို့ထက်မက ... ရေတွင်း ၊ ရေကန်တွေလည်း လှူဒါန်းပေးခဲ့နိုင်ပြီး ဖြစ်တဲ့အကြောင်း ... စတဲ့..စတဲ့ သူတို့အသင်းလေးရဲ့  ဂုဏ်ယူဖွယ် လှုပ်ရှားဆောင်ရွက်
နိုင်ခဲ့မှု လေးတွေကို . . . ကျွန်တော်နှင့် မိုးခက်ဝေအား အားတက်သရော ရှင်းပြပေးနေပါတော့တယ် ။


ကျွန်တော်တို့ကို အဲ့လို ရှင်းပြပြောပြပေးနေသော ကိုမင်းသန့်နှင့်မကြည်ဖြူတို့မှာ အသက်အားဖြင့် ဆိုရလျှင် ကျွန်တော်တို့လောက်သာ ရှိပေဦးမည် ။ သက်တူ ရွယ်တူချင်းဖြစ်ပါလျက် သူတို့လုပ်နေ သော အလုပ်တွေကို ကျွန်တော်တို့ ဘာကြောင့် မလုပ်ဖူးခဲ့တာလဲ ၊ ဘာကြောင့် မလုပ်နိုင်ခဲ့တာလဲ ၊ ကျွန်တော့် ဦးနှောက်ကို ကျွန်တော်question ရိုက်လို့၊ကျွန်တော့်ရင်ဘတ်နဲ့ကျွန်တော်ဖြေကြည့်သည် ။ ထိုအရာများကို ကျွန်တော်
မေ့လျော့နေခဲ့ဖူးသည် ။ ထိုထို လူငယ်များ လုပ်နေကြသော လုပ်ရပ်တွေကို ကျွန်တော် လုပ်ဖို့ရာ မတွေးထား မိခဲ့ပါ ။ ကျွန်တော် နှင့်မဆိုင်သလို ကျွန်တော် နေခဲ့ဖူးသည် ။ ပထ၀ီမြေကြီးပေါ်က အခမဲ့လေထုတွေကို မိန့်မိန့်ကြီးရှူရှိုက်ရင်း ... နှာသီးဝထဲမှာ ပရဟိတဆိုတဲ့ ရနံ့တွေကို .အာရုံခံနိုင်စွမ်း ချို့တဲ့နွမ်းပါး ခဲ့တယ်လေ.. ။


                 အဲ့ဒီညနေ အိမ်ပြန်ရောက်ကတည်းက ကျွန်တော့်မှာ တွေးစရာတစ်ခုရသွားတယ် ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော့် ဖေဖေ ပြောပြောပြခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကိုလည်း သွားပြီး အမှတ်ရမိတော့တယ် ။ “လူဘ၀ဆိုတာ…အိုးတွေကို ရေဖြည့်နေသလို ပဲကွ ၊ကိုယ့်အိုးကိုလည်း ကိုယ်ပြည့်
အောင်ဖြည့်ရတယ် ၊ တစ်ခြားအိုးတွေလည်းဖြည့်ပေးရတယ်” တဲ့ ။ ကျွန်တော်နဲ့  ယဉ်ပါး ခဲ့ဖူးသော ထို စကားလေးကို ဘာကြောင့်ကျွန်တော်အနက်မပြန်နိုင်ခဲ့တာလဲ။ နေသွေးနီဆိုသော ကျွန်တော်ဟာ အတွေးကို အတွေးအတိုင်းထားတတ် တာ မဟုတ်တော့ ... ဘာဆက်လုပ်ရမလဲလို့ မဆုံးဖြတ်ရသေးမချင်း ကျွန်တော်ဒီည အိပ်လို့ရမှာမဟုတ်ဘူးလေ . . . ။ နဂိုကတည်းက ကျွန်တော်ဟာ ညဥ့်နက်သန်းခေါင်ထိ စာဖတ်လေ့ဖတ်ထ ရှိတဲ့ အကျင့်မို့ ... အိပ်လို့မရတဲ့အတူတူ စာတွေထိုင်ဖတ်ပြစ်လိုက်သည် ။ စာပေထဲကရလာတဲ့အသိနဲ့ အတူ အတွေးတစ်ခုဝင်လာသည် ။ သူများတွေ တစ်နေ့ ထမင်းနှစ်နပ် ~ နှပ်မှန်အောင်စားဖို့ ကြိုးစားနေကြ ရတဲ့အချိန်မှာ ငါဘာကြောင့် ရုံးပိတ်ရက်တွေပါ လောဘတကြီး စီးပွားရှာနေရတာလဲ ။ ဒီအမေ ၊ ဒီအဖေကျွေးတဲ့ ထမင်းကို နေမပူ ၊ မိုးမရွာဘဲ သက်တောင့် သက်သာ စားနေရတာတောင် ဘာလို့များ ငါအလိုများ ဦးမလဲ ။ STAထဲက လူငယ်တွေ ကိုယ့်ထမင်း၊ကိုယ်စား ၊ ကိုယ့်စရိတ် ကိုယ်ခံပြီး ~ အများအပူကို မျှဝေယူနေကြတဲ့အချိန် ငါက ဘာလို့ ဇိမ်နဲ့ မြိန်မြိန်နေရဦးမလဲ . . . ဆိုတဲ့ အတွေးတွေရဲ့အဆုံး ~ ထိုအဖွဲ့ လေးထဲမှာ အသင်းဝင်ဖြစ်လို့ ~ တနင်္ဂနွေတွေကို အပိုင်စားပေးပြစ်ဖို့ စဉ်းစားလိုက်ပြီဗျာ ... ။

ဒီလိုနဲ့  သိပ်မကြာခင် ရက်ပိုင်းလေးထဲမှာပဲ STA site လေးကို နေ့စဉ် ၀င်ရောက်လေ့လာ ဖတ်ရှူရင်း ၊ အပြင်မှာလည်း ကိုယ်တိုင် ကိုယ်ကျ လိုက်ပါဆောင်ရွက်ရင်းနဲ့  ကျွန်တော်ဟာ အဖွဲ့ သား တော်တော် များများနဲ့ ရင်းနှီးကျွမ်းဝင် ခင်မင်လာခဲ့တယ် ။ လဆန်းရက် ၊ တနင်္ဂနွေ( Meeting )တွေသာမက ၊တတိယအပတ် ( အလှူပွဲရက်)တွေမှာလည်း ကျွန်တော်ဟာ မပျက်မကွက်ပါဝင်ဆင်နွှဲခဲ့တာပေါ့ဗျာ ။ ဒီ့နောက်ပိုင်း ကျွန်တော့်
ရင်ထဲမှာပေါ့သွားတယ်။စိတ်ထဲမှာ ဒေါ်ရွှေမိတို့အပေါ် ဆက်ဆံခဲ့တာတွေကို ချေပဖို့ ကြိုးစားရင်းကနေ ကျွန်တော့် နှလုံးအိမ်ထဲမှာ ပရဟိတဆိုတဲ့စိတ်ထား ၊ နှလုံးသား ကိန်းဝပ် သန္ဓေတည်လာခဲ့တော့တယ် ။ အဆုံးစွန်ပြောရရင် ... လမ်းသွားရင်တောင်
လူကြီးသူမ ၊ အိုမင်းမစွမ်းတဲ့လူတွေကို  လက်ကူတွဲလို့ ကားလမ်းကူးပေးတာ ၊
ဘတ်စ်ကားစီးရင်တောင် ရနေတဲ့နေရာလေး သူများထိုင်ဖို့ ဦးစားပေးတာ ၊ ဘယ်နေရာမှာမဆို after you ဆိုတဲ့စိတ်လေး ထားရှိတတ်လာတာ ... စတာ ၊ စတာလေးတွေက STAက ကျွန်တော့်ကို သင်ကြားပေးလိုက်တာ ။STAထဲက လူငယ်ထုဟာကျွန်တော့်နှလုံးသားကို ပုံစံပြောင်းပေးခဲ့တဲ့မြင်ဆရာ၊သင်ဆရာ၊ကြားဆရာ
တွေပေါ့ဗျာ ။
သူတို့သောက်တဲ့ မိုးခါးရေတွေ ကျွန်တော်လည်း လိုက်သောက်ခဲ့တယ်လေ။ သောက်လေ
သောက်လေ~ငတ်မပြေခဲ့ဘူးဗျာ။ကျွန်တော်ရဲ့ 
ငတ်မပြေမှုတွေနဲ့ အတူ STA အသိုက်အမြှုံလေးထဲမှာ မိသားစုဝင်တစ်ယောက်အဖြစ် ခြေစုံပစ် ၀င်ရောက်လိုက်တော့တယ်။ကျွန်တော့်ရဲ့ 
ရုံးပိတ်ရက် Sunday လေးတွေကို အပိုဝင်ငွေ ရှာမနေတော့ဘဲ ... STAရဲ့  ဘိုးဘွား စောင့်ရှောက်ရေးအစီအစဉ်လေးတွေမှာ ကိုယ်တိုင် ကိုယ်ကျဦးဆောင် ဦးရွက်ပြုလို့ ပေးဆပ် ဆောင်ရွက် နေခဲ့မိပါရဲ့ ဗျာ ... ။ဒါ့အပြင် Save The Aged ရဲ့ လစဉ် အလှူပွဲလေးတွေမှာလည်း ရှပ်အကျီ င်္အဖြူနဲ့  ပုဆိုးအညိုရောင်လေးတွေဝတ်လို့ ပြုံးပျော်ရွှင်မြူးစွာ လုပ်ဆောင်နေကြတဲ့ လူငယ်စုရဲ့  ဟန်ပန်ဟာ ရိုးသားမှုရဲ့ ပြယုဂ်လား ၊ စင်ကြယ်ခြင်းရဲ့ နိမိတ်ပုံလား ၊ ရှင်းသန့်မှုရဲ့ အရိုးခံလား ... ? ? ?

မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့အားလုံး ၀တ်ဆင် ထားသည့် တူညီဝတ်စုံလေးများသည် ရဲဝံ့စွာ ဆောင်ရွက် ၊ စင်ကြယ်စွာပေးဆပ်နေကြသည့် ၊ မွန်မြတ်သည့် လူစုဖြစ်ကြောင်းကို သက်သေ တည်ပါလိမ့်မည် ။ ကျွန်တော်တို့အကျီ င်္များ ဖြူစင်ပါသည် ။ ထို့အတူ ကျွန်တော်တို့ နှလုံးသားများ ဖြူစင်ပါသည် ။ ကျွန်တော်တို့ အကျီ င်္များ သန့်စင်ပါသည် ။ ကျွန်တော်တို့ စိတ်ထားများ ကြည်လင်ကြပါသည် ။ တူညီစွာ ဆင်မြန်းထားကြတဲ့ ၀တ်စုံဆင်တူလေးတွေနောက်မှာ နှလုံးသားဖြူဖြူလေးတွေလည်း ပကတိ ရှင်းသန့်စွာတည်ရှိနေပါတော့တယ်။


နှလုံးသားထဲက တူညီဝတ်စုံ ...


သူတို့တွေ အသွေးအရောင်တွေ မတူညီကြပါ ၊ အသားအရည်တွေမတူညီကြပါ ၊ အသက်အရွယ်တွေ မတူညီကြပါ။သို့သော် သူတို့ နှလုံးသားများ တစ်သားတည်း ၊ သူတို့ Uniform များတစ်ပြေးညီတည်း ၊ သူတို့ စိတ်ထားများ ထပ်တူထပ်မျှ တစ်သွေးတည်းပဲလေ ။

တူညီစွာ ဆင်မြန်း ၀တ်ဆင်ထားကြတဲ့ STA Uniform လေးတွေက သူတို့ရဲ့  တူညီသော စိတ်အရောင်တွေလား ၊ တူညီသော နှလုံးသားတွေ လား ၊ ကာလာမဲ့သော အဖြူလေးတွေဆိုတာလား ၊ ပကာသနမပါတဲ့ ပကတိအရောင်တွေဆိုတာလား ၊ ... ? ? ? ကျွန်တော် မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုပြရမည်နည်း ။ သို့ပေသိ ... သူတို့ အင်မတန်မှ ခန့်ညားတင့်တယ် ၊ လှပနေကြပါတယ် ။

ကျွန်တော်ဘ၀တစ်လျှောက်လုံးမှာ ၀တ်ခဲ့ရတဲ့ Uniform တွေကတော့ ... တယ်လည်း အများသားဗျာ ။ ငယ်ငယ်က ကျောင်းခေါင်းလောင်း ထိုးသံလေးအောက်မှာ အဖြူနဲ့ အစိမ်း။ ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တော့ ရှပ်အကျီ င်္ ၊ ဘတ်ကီဘောင်းဘီ(ဟိုအလုပ်ပြောင်း ၊ ဒီအလုပ် ပြောင်း နဲ့  Style တစ်မျိုးစီနဲ့  Uniform အမျိုးမျိုးကို မရိုးနိုင်အောင်လည်း ၀တ်ဆင်ခဲ့ဖူးပါတယ် )ဒီလိုနဲ့  STA ထဲရောက်ခဲ့ပြန်တော့ . . . အဖြူရောင် သစ်လွင် သန့်ပြန့်နေတဲ့ ရှပ်အကျီ င်္ဖြူဖြူလေးနဲ့  ချည်ပုဆိုး ပိုးကွက်စိပ်လေးတွေ . . . လေ ။ တစ်ရွေ့ရွေ့စီးဆင်းရင်း ~ ကာလတွေ တာရှည်စွာ ဖြတ်သန်းခဲ့ရသမျှ အချိုးအကွေ့တွေထဲမှာ နှစ်ခြိုက်စွာတန်ဖိုးထား ၀တ်ဆင်ခဲ့တဲ့ Uniform လေးတွေနေရာမှာ ... ကျောင်း Uniform အဖြူနဲ့ အစိမ်းလေးပြီးရင်တော့… Save The Aged က လွှမ်းခြုံပေးခဲ့တဲ့ အသစ်လွင်ဆုံးနဲ့  အတင့်တယ်ဆုံးကျွန်တော်နှစ်သက်မြတ်နိုး ၊ တန်ဖိုးထားခဲ့ရသော ရှပ်အကျီ င်္
ဖြူဖြူလေးနှင့် ပိုးချည်ထည် ကွက်စိပ်ပုဆိုးလေးပင် ဖြစ်ပေလိမ့်မည် ... ။

အရင်က AllStar ဖိနပ်မှ သိပ် စီးချင်စမ်းတဲ့ကျွန်တော် . . . ကတ္တီပါဖိနပ်အပါးလေးနဲ့ လည်း ပွဲလယ်တင့်တတ်ပါပြီ ။ Bossini မဟုတ်ရင်တောင် Polo လောက်မှ ခါးစွပ်ချင်တဲ့ကျွန်တော် စတစ်ကော်လံဖြူဖြူလေး (၀ါ) အဖြူရောင်ရှပ်အကျီ င်္လေး လောက်နဲ့လည်း နေသားတကျ ဖြစ်နေခဲ့ပြီ . . . ။ GIO မဟုတ်ရင်တောင် 501
လောက်မှ ဘောင်းဘီထင်ခဲ့ဖူးတဲ့ ကျွန်တော် အခုတော့ ပုဆိုးကွက်စိပ်လေးနဲ့လည်း အနေတော်ပါပဲ...။ “ I’m proud to be Save The Aged member ” ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် ချီးမြှောက် လိုက်တယ်ဗျာ ။

အဖြူရောင်ရှပ်အကျီ င်္သန့်သန့်လေးကို ၀တ်ဆင်ထားတဲ့ ကျွန်တော် ~ ဦးခေါင်းကိုမော့ ၊ လည်ကိုကျော့ကာ၊
ကော်လံလေးကော့်နေအောင်
ထောင်ရင်းပေါ့ ... လူငယ်တစ်ယောက်ရဲ့  မာတိကာမှာမနက်ဖြန်တွေတိုင်း လှပနေဖို့ ကျွန်တော်က အဲ့ဒီ Save The Aged ဆိုတဲ့ အသင်းလေး ဆီမှာ စရံသတ်ထားမိလိုက်ပြီ ။ ကျွန်တော်ဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းလိုလေ ... “ပြီးခဲ့တဲ့ မှတ်တိုင်တွေထက် ဖြတ်သန်းရမယ့် လမ်းတွေမှာ
အတ္ထုပတ္တိတွေ လှနေဖို့ရာ ပိုအရေးကြီးတယ်”တဲ့ ။ အတိတ်မှာ ဘာတွေပဲ ရှိခဲ့ ရှိခဲ့ မနက်ဖြန်တွေ ဆက်ရန်
သေချာနေတာမို့ အနာဂတ်အာရုဏ်ဦးမှာ အပြာရောင်လဲ့တဲ့ ကောင်းကင်တွေနဲ့  ဆုံတွေ့နိုင်ဖို့ရာ ကျွန်တော်
တော့ ထိုရပ်ဝန်းလေးထဲ ၀င်ခဲ့ပြီဗျ ။ မေတ္တာတရားတွေအရံသင့်နဲ့  ပန်းချီဆွဲဖို့ ကျင့်နေကြတဲ့ သူတို့ရဲ့ ကြားမှာ ကျွန်တော်လည်း ဆေးရောင်လှလှခြယ်ပါရစေဗျာ…။




                                                            မိုးစွတ်နေ


http://savetheaged.ning.com/profiles/blogs/4762429:BlogPost:134505


 Share

No comments: