Thursday, 16 January 2014

Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ၀တ္ထု



“သူမ မျက်ဝန်းမှာ မျက်ရည်တွေကျခဲ့ဖူးတယ်”

( ၄.၆.၂၀၁၀ ) အဲဒီနေ့စွဲလေးပေါ့ . . . မှတ်မှတ်ရရ အသက်အားဖြင့် ၂၅/၃၀ အရွယ် လူငယ်လေး သုံးလေးယောက် လောက်က “ဖွားစီရေ … ဖွားစီရေ … ဖွားစီ ... ဖွားစီ ရှိပါသလားဗျာ”ဆိုပြီး ဖွားစီ ဝေယျာဝစ္စ လုပ်နေကျ ဓမ္မာရုံလေးကို ရောက်လာခဲ့ကြတယ်။ တစ်ခါမှမြင်ဖူးတာ သေချာသလို ဒီအနီးအနားရပ်ကွက် ၀န်းကျင်က လူငယ်တွေမဟုတ်ဘူး ဆိုတာကိုလည်း ဖွားစီ ကောင်းကောင်းသိတယ်။ ဘာအကြောင်းကြောင့်များ ရောက်လာကြ သလဲဆိုတာ မေးမိတယ်။ ပြီးတော့ သူတို့လေးတွေက ဘယ်သူတွေလည်းဆိုတာကိုလည်း ဖွားစီ သိချင်နေမိတယ်။ 
ထို လူငယ်အုပ်စုထဲမှ အသက် ၃၀ခန့်အရွယ် ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦးက … ခေါင်းလေးညိမ့်ကာ စကားပြောဖို့ ဟန်ပြုလို့ အသံလေးတစ်စ ထွက်ပေါ်လာခဲ့တယ်။ “ဟုတ်ကဲ့ပါ … အဖွား။ အဖွားသိချင်တာကို ပြောပြရရင် ကျွန်တော်တို့က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်
ထောက်ပံ့ရေးပရဟိတလူငယ်များအသင်းကပါ … အဖွား။ 


ကျွန်တော်တို့အသင်းလေးက အသက်(၆၅)နှစ်အထက် ၊ ကျောထောက်နောက်ခံ သားသမီးမြေးမြစ်
မရှိသူ ၊ အမှန်တကယ် နွမ်းပါးချို့တဲ့၍ အကူအညီအထာက်အပံ့လိုသူ ၊ အပြစ်မဲ့အပယ်ခံ ဘိုးဘွားတွေကို ကျွန်တော်တို့အသင်းလေးမှ ကွင်းဆင်း လေ့လာပြီးနောက် ရာသက်ပန်ကိုယ်စား မိဘအဖြစ်
စောင့်ရှောက်ထောက်ပံ့မှုပေးကြပါတယ် …. အဖွား။ ကျွန်တော်က ကမာရွတ်၊ဘူတာရုံထိပ်မှာ အဆောင်နေတာပါဗျ။

အခုလို အဖွားဆီရောက်လာရတာကလည်း အဖွားတို့လမ်းထဲက အန်တီ ဒေါ်ဝင်းရီ က ကျွန်တော်တို့အဆောင်မှူးရဲ့သူငယ်ချင်းပါ။ သူနဲ့ကျွန်တော် စကားပြောရင်း၊ဆိုရင်း ဆက်စပ်မိတာကနေ သူတို့လမ်းထဲမှာ ဖွားစီဆိုတဲ့ အဖွားတစ်ယောက်ရှိကြောင်း … ကျွန်တော်တို့အသင်းရဲ့ စည်းမျဉ်းအချက်အလက်လေး တွေနဲ့ကိုက်ညီရင်လည်း စောင့်ရှောက်ထောက်ပံ့မှုပေးစေလိုကြောင်း
ပြောပြခဲ့လို့ အခုလို ကျွန်တော်တို့ အဖွားဆီ ရောက်လာခဲ့ရတာပါဗျာ”ဆိုပြီး စကားလေး တစ်ထောက်နားခိုက် . . . ။

ထို လူငယ်ရဲ့ပြောစကားတွေအဆုံးမှာ ဖွားစီမျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဝေ့၀ဲနေခဲ့ရပြီ။ ၀မ်းနည်းမှုတွေ ၊ အားငယ်မှု ၊ သိမ်ငယ်မှုတွေနဲ့အတူ “သားတို့က ဖွားစီကို သနားလို့ ထောက်ပံ့ပေးဖို့လာစုံစမ်းကြတာလားဟင်”ဆိုတဲ့ တုန်တုန် ယင်ယင် လေသံလေး ထွက်ပေါ်လာခဲ့ပြန်တယ်။ ဖွားစီဘ၀က အဲ့လောက်တောင် သနားစရာကောင်းနေပြီလား။

ကိုယ်မွေးမှ ကိုယ့်မြေး သာသာအရွယ်လေးတွေရဲ့ ထောက်ပံ့စာကိုအားကိုးမှီခိုရမယ့်ဘ၀ဖြစ်နေပြီလားလို့ … ကွင်းဆင်း အသင်းဝင်လူငယ်လေး တွေကို မျက်ရည်လေးတစ်စို့တစ်စို့နဲ့ ဖွားစီ ရေရွတ်ပြောနေမိတယ်။ အမှန်တော့ ယခုလို လာရောက် ကွင်းဆင်းကြတဲ့ ပရဟိလူငယ်လေးတွေကြောင့် ဖွားစီ ရင်ထဲမှာ အတိုင်းမသိဝမ်းသာမိပေမယ့်လည်း တကယ့်အပြင်မှာ မျက်ရည်ဝဲခဲ့ရတယ်။

 
“မငိုပါနဲ့ ... အဖွားရယ်။ ၀မ်းမနည်းပါနဲ့နော် ... သားတို့တွေက အဖွားရဲ့ဝမ်းနည်းစရာခံစားချက် ၊ စိတ်မကောင်းစရာ အတိတ် ဒဏ်ရာတွေကို တူးဆွမယ့် ထုတ်ဖော်မယ့်သူတွေမဟုတ်ပါဘူး။ အဖွားတို့တွေအတွက် ငြိမ်းအေးမှု၊ပျော်ရွှင်မှု၊ သာယာချမ်းမြေ့မှုတွေနဲ့အတူ ကြည်နူးစရာ အစုစုကို ဝေမျှ၊ပေးဝေချင်တဲ့သူတွေပါ”လို့ဆိုပြီး လူငယ်လေးထံမှ စကားသံ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ 

“တကယ်လို့များ အဖွားက ကျွန်တော်တို့အသင်းရဲ့ အချက်အလက်လေးတွေနဲ့ ကိုက်ညီခဲ့ရင် လေ ... ကျွန်တော်တို့ အဖွားကို စောင့်ရှောက် ထောက်ပံ့ချင်ပါတယ် အဖွားရယ်”ဆိုတဲ့ စကားသံလေး အဆုံး ... ။
ဖွားစီတစ်ယောက် လွန်ခဲ့တဲ့ အနှစ်(၄၀)ကျော်လောက်ကတည်းက တာဝန်မယူတတ်တဲ့ ခင်ပွန်းသည်၏ စွန့်ပစ်မှုတွေကို ခံစားခဲ့ရပြီး ၊ နာနာကျင်ကျင် ခါးခါးသီးသီးဖြင့် ဘ၀ကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့အကြောင်း ၊  ကိုယ့်ခွန်ကိုယ့်အားနဲ့ သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ကြုံရာအလုပ်တွေလုပ်ကိုင်ရင်း ဘ၀၀မ်းရေးကိုဖြေရှင်းခဲ့ရသူ ၊ နေထိုင်စရာ အိမ်မရှိလို့ လူသားချင်းငဲ့ညှာစာနာတဲ့သူစိမ်းတစ်ရံဆံတို့ရဲ့ အိမ်ဝိုင်းလေးထဲမှာ အဖီဆွဲလို့နေထိုင်ခဲ့ရပုံတွေ ၊ ယခု အသက်(၈၀)အရွယ် ဖွားစီမှာ ရပ်ကွက်ထဲမှ ဓမ္မာရုံလေးရဲ့ ဝေယျာဝစ္စများ လုပ်ကိုင်ဆောင်ရွက်ပေးရင်း ဥပုသ်၊ သီလယူစောင့်တည်ခြင်း ၊ တရားစခန်းများဝင်ခြင်းဖြင့် ဘ၀နေ၀င်ချိန်တွေကို တရားနဲ့အဆုံးသတ်ကာ ငြိမ်းအေး နေချင်တော့တာတွေ ... အစ ၊ ကွင်းဆင်းလူငယ်လေးတွေ မေးမြန်းသမျှကို မခြွင်းမချန် အမှန်အကန်ပြောပြဖြစ်ခဲ့ပါတယ်။
ကွင်းဆင်းလူငယ်လေးတွေမှာ သိလိုသမျှတွေ မေးမြန်းခဲ့ပြီးတော့ သူတို့အချင်းချင်း မျက်ရိပ်မျက်ခြေပြလို့ စုပေါင်းလှူဒါန်း ငွေလေး ငါးထောင်ကျပ်နဲ့လက်အုပ်ချီ ကန်တော့ကြရင်း ဖွားစီတို့ဓမ္မာရုံလေး ထဲမှ နှုတ်ဆက်ထွက်ခဲ့ကြတယ်။ “အစည်းအဝေးမှာ ပေါင်းစုတိုင်ပင်ကြပြီးတာနဲ့ သားတို့တွေအဖွားဆီ ပြန်လာခဲ့ကြပါမယ်”ဆိုတဲ့ လူငယ်လေးရဲ့ စကားသံနဲ့အတူ မျက်ဝန်းထဲက မေတ္တာတရားတွေကိုလည်း ဖွားစီ ခံစားလိုက်ရတယ်။
အဲဒီနေ့က လူငယ်လေးတွေသာ အိမ်ပြန်သွားတယ်။ ဖွားစီတစ်ယောက် တစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နာကျင်စရာနေ့ရက်ဆိုးတွေကို ပြန်လည်ထင်ဟပ်မြင်မှတ်နေရင်း ... ဖွားစီကို စောင့်ရှောက် ထောက်ပံ့ပေးချင်တယ်ဆိုတဲ့ ထိုလူငယ်လေးတွေ ၊ မေတ္တာကရုဏာတရားကြီးမားလွန်းတဲ့ ထိုလူငယ်လေးတွေ ၊ ကိုယ်ချင်းစာတတ်ပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ ထိုလူငယ်လေးတွေ ၊ နူးညံ့သိမ်မွေ့ယဉ်ကျေးလွန်းတဲ့ ထိုလူငယ်လေးတွေ ... အဲဒီလူငယ်လေးတွေဟာ ဖွားစီရဲ့ မြေးအရင်းလေးတွေသာဖြစ်ရင် ဘယ်လောက် ကောင်းလိမ့်မလဲဆိုတဲ့ လဲပေါင်းအထွေထွေ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့နေခဲ့မိတယ်။
ဒီလိုနဲ့ (၆.၆.၂၀၁၀)တနင်္ဂနွေနေ့မှာ ဖွားစီဆီကို ထိုလူငယ်လေးတွေ ထပ်မံရောက်ရှိလာခဲ့တယ်။ “အဖွားရေ … အဖွားရေ” လို့ အသံပြုအော်ခေါ်နေကြရင်း ဖွားစီနေထိုင်ရာ အိမ်အဖီလေးဆီသို့ရောက်လာခဲ့ကြတယ်။ “ဒီနေ့ သားတို့ရဲ့ လစဉ်အစည်းအဝေးလေးမှာ အဖွားကို သားတို့အသင်းရဲ့ ရာသက်ပန်ကိုယ်စားမိဘတစ်ဦးအနေနဲ့ စောင့်ရှောက် ထောက်ပံ့ပေးဖို့ အတည်ပြုဆုံးဖြတ်လိုက်ကြတယ်။ 

ဒါကြောင့်မို့ ဒီနေ့ကစပြီးတော့ အဖွားကို သားတို့အသင်းဝင်တွေ အားလုံးရဲ့ အဖွားတစ်ယောက်၊ မိဘတစ်ယောက်အနေနဲ့ စောင့်ရှောက်ခွင့်လေးပြုပေးပါနော်”လို့ပြောတဲ့ စကားသံလေး အဆုံးမှာ ဖွားစီမျက်ဝန်းအိမ်ထဲမှာ မိုးတွေရွာလာခဲ့တယ်။  “မငိုပါနဲ့ အဖွားရယ် ... ၀မ်းမနည်းပါနဲ့တော့ ။ ကြေကွဲဝမ်းနည်းစရာ ၊ အဖော်မဲ့အထီးကျန်ဆန်စွာ တစ်ယောက်ထဲဖြတ်သန်းခဲ့ရတဲ့ ပူပြင်းတဲ့နေ့ရက်ရှည်တွေကို ဒီနေ့ပဲ ကျောခိုင်းနှုတ်ဆက်လိုက်ပြီလို့ စိတ်ထဲမှတ်ယူလိုက်ပါအဖွားရယ် ... အဖွားရဲ့ဘ၀မှာ လိုအပ်နေတဲ့ မြေးလေးတွေလို့ သားတို့ကိုသဘောထားပေးပါ။ 

အဲဒီလိုပဲ သားတို့အတွက်လည်း ရာသက်ပန်စောင့်ရှောက်ထောက်ပံ့ခွင့်ရတဲ့ ဘိုးဘွားတစ်ဦး လို့ပဲ မှတ်ယူလိုက်ပါရစေ။ အဖွားမွေးတဲ့ သွေးသားရင်းချာ မြေးလေးတွေမဟုတ်ပေမယ့်လည်း ဘ၀တစ်ခုခုမှာ ဆွေမျိုးတော်စပ်ခဲ့တဲ့ မြေးတွေ၊သားတွေဖြစ်မှာပါဗျာ”လို့ နှစ်သိမ့်အားပေးစကားပြောနေကြတဲ့ လူငယ်လေးတွေရဲ့ မျက်နှာလေးတွေကလည်း သွေးသားအရင်းအချာနှယ် ချစ်စဖွယ်လေးတွေ ... ။
ဖွားစီထံသို့ ( ဇွန်လ - ၂၀၁၂ ) လစဉ် ထောက်ပံ့ကြေး တစ်သောင်းကျပ် နှင့်
ဆေးဝါးဓါတ်စာများပေးအပ်လှူဒါန်းခဲ့ကြပြီး ၊ အသင်းဝင်လူငယ်လေးတွေက တစ်ဦးချင်းကိုယ်စီကိုယ်ငှ မိတ်ဆက်ခဲ့ကြတယ်။ လူငယ်လေးတွေတန်မယ့် ရည်မွန်ပျူငှာပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းကြတာကြောင့် ခဏတာအတွင်းမှာ ဖွားစီနဲ့ ချစ်ခင်ရင်းနှီးခင်မင်ခဲ့ကြတယ်။

အဲဒီနောက်ပိုင်း နေ့ရက်တွေမှာ ဖွားစီဘ၀ရဲ့ ၀မ်းနည်းကြေကွဲ ၊ ခါးသီးဖွယ်ရာ နေ့ရက်များ အစိတ်စိတ်အမွှာမွှာ ကွဲကြေ လွင့်ပျောက်ခဲ့ရတယ်။ သွေးမတော် သားမစပ် သူစိမ်းတစ်ရံဆံ ကလေးတွေရဲ့ နူးညံ့တဲ့ အကြင်နာ ၊ မေတ္တာတရားတွေ အောက်မှာ ဖွားစီဘ၀မှာ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ မိသားစုဘ၀လေးကို ရရှိပိုင်ဆိုင်ခဲ့ရတယ်။ နေ့တွေလပြောင်း ၊ လတွေနှစ်ဟောင်းလို့ တစ်နေ့ထက်တစ်နေ့ တိုးရစ်လို့ သံယောဇဉ်ပိုမိုခဲ့ကာ မိသားစုအရင်းအချာသဖွယ် Save The Aged က လူငယ်လေးတွေနဲ့ ဖွားစီမှာ မိသားစုပမာဖြစ်လာခဲ့တယ်။ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်းမှ အသင်းဝင် လူငယ်လေးတွေက တစ်ပတ်တစ်ခါ တနင်္ဂနွေ ရုံးပိတ်ရက်လေးတွေတိုင်း ဖွားစီထံ လာရောက်လို့ အိမ်တိုင်ရာရောက် ဘိုးဘွားစောင့်ရှောက်ရေးများ ပြုလုပ်ပေးခဲ့ကြတယ်။ 

တစ်ခါတစ်ခါမှာ ချစ်စဖွယ် လူငယ်လေးတွေရဲ့ အပြောလေးက ဖွားစီရင်ကို အေးမြလို့ အပြုံးတွေဝေရပါသေးတယ်။ “အဖွား ... သားသမီးမွေးလို့ ကလေးတွေရ ၊ မြေးတွေရရင်တောင်မှ အလွန်ဆုံး ငါးယောက်၊ခြောက်ယောက်လောက်ပေါ့။ အဲဒီထဲမှာမှ အဖွားကိုချစ်တဲ့မြေး ၊ အဖွားကချစ်ရမယ့်မြေးအလိမ္မာလေး တွေဆိုတာ (ပါကောင်း ပါခဲ့ရင်တောင်မှ)မနည်းရွေးရဦးမှာ။ အခုဆို အဖွားမှာ မြေးက လေး၊ငါး၊ခြောက်ရာ မကဘူး။ထောင်ကျော်ရှိတယ်ဗျာ”ဆိုတဲ့ အပြောချိုချိုလေးတွေကလည်း ဖွားစီရင်ကို ဆွဲဆွဲလှုပ်ကိုင် နိုင်ခဲ့တာပေါ့။


စားဝတ်၊နေရေးသာမက လူမှုရေး၊ကျန်းမာရေးနဲ့အတူ အခြားလိုအပ်မှုအထွေထွေတွေကိုလည်း ဖြည့်စွက်ပေးခဲ့တဲ့ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းမှ လူငယ်လေးတွေဟာ ဖွားစီအတွက်တော့ ကျေးဇူးရှင်လေးတွေပါလို့ စိတ်ဝယ်တွေးလို့ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးချိန်တိုင်းမှာ အသက်အငယ်ဆုံးအဖွဲ့ဝင်လေးမှအစ ၊ အသက်အကြီးဆုံးအဖွဲ့ဝင်ကြီးတွေအထိ ၊ အလှူရှင်များမကျန် ၊ လုပ်အားပေးများအပါ ၊ ကူညီထောက်ပံ့ပေးသူမှန်သမျှကို ဆုတောင်းမေတ္တာပို့သပေးခဲ့တာ နိစ္စဓူဝဆိုသလိုပေါ့ ... ။ နှစ်ပြောင်း ၊ လရှည် ကြာခဲ့လေတော့ ... ထောက်ပံ့ကြေးလေးတွေ မှာလည်း တစ်သောင်းကျပ်ကနေ တစ်သောင်းခွဲ ၊ တစ်သောင်းခွဲကနေ နှစ်သောင်း ၊ နှစ်သောင်းကနေမှ ယခု သုံးသောင်းကျပ်စီ ရရှိခဲ့သည်အထိ ... နေ့စဉ်နေ့စဉ် စိတ်ဘ၀င်မှာ အသင်းဝင် လူငယ်လေးတွေ၏ ကျေးဇူးတရားကို ရင်တွင်းလှိုက်လှိုက် အောက်မေ့ပီတိဖြစ်ခဲ့မိတယ်။

အမြဲလိုလို ရောက်လာတတ်ကြတဲ့ အသင်းဝင်လူငယ်လေးတွေဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက်များသာမကဘဲ တစ်ခါတစ်ရံ ရုံးဆင်းချိန်များတွင်ပါ ရောက်လာတတ်ကြပြီး ဖွားစီရဲ့အိမ်ကျဉ်းလေးထဲမှာ ၀ိုင်းဖွဲ့ချက်ပြုတ်စားသောက်ကြပြီးမှ ပြန်သွားတတ်ကြတယ်။ နောက်ပြီး ဖွားစီ ဘ၀င်ခိုက် အသည်းထိတာလေးတစ်ခုရှိသေးတယ်။ သူတို့လေးတွေမှာ ဘယ်လောက်ပဲ အရေးကြီးကိစ္စရှိလို့ ပြန်သွားကြစေကာမူ ဖွားစီကို ရှိခိုးကန်တော့ပြီးမှသာ နှုတ်ဆက်ထွက်ခွာတတ်ကြတယ်။

ဒီလိုယဉ်ကျေးလိမ္မာပြီး ဂရုစိုက်ကြင်နာတတ်ကြတဲ့ Save The Aged အသင်းဝင်လူငယ်လေးတွေဟာ ဖွားစီရဲ့နှလုံးသားထဲမှာ တစ်စိတ်တစ်ဒေသအဖြစ်သာမကတော့ဘဲ အတွင်းနက်နက်ထဲထိကိုပါ အသည်းစွဲတိုးဝင်နိုင်ခဲ့တယ်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သူတို့လေးတွေ ရောက်လာတတ်ကြတာကိုသိလို့ တတ်နိုင်တဲ့အားလေးနဲ့စားဖွယ်ရာလေးတွေ အသင့်ပြင်ဆင်စောင့်မျှော်နေတတ်လေရဲ့။ သူတို့လေးတွေကလည်း ဖွားစီအတွက် စားဖွယ်ရာဓါတ်စာလေးတွေနဲ့အတူ တစ်ပတ်တစ်ခါ လာရောက်ကန်တော့တတ်ကြတယ်။

 မြေးအဖွား အရင်းအချာပမာ ဖွားစီနဲ့သူတို့လေးတွေကြားက သံယောဇဉ်ဟာ တဖြေးဖြေး ပိုမိုခိုင်မာလာခဲ့တယ်။ တစ်ခါတစ်လေ သူတို့လေးတွေမချာ သနားစရာ … ဟိုးအဝေးကြီး သန်လျင်လို၊ပဲခူးလို မြို့တွေမှာလုပ်တဲ့ လစဉ်အလှူတွေကအပြန်ဆိုရင်တောင်မှ ဖွားစီကိုတွေ့ချင်လွန်းအားလေးနဲ့ ညနေ စောင်း ၊ မိုးချုပ်နေပါစေ Taxi လေးငှားလို့ ဖွားစီဆီရောက်လာတတ်ကြတယ်။ တနင်္ဂနွေနေ့တိုင်းအစဉ်အလာမပျက် ဖွားစီဆီကိုရောက်လာတတ်ကြတဲ့ သူတို့လေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့အကျင့်လေးကိုလည်း ဘ၀င်တွေ့ အသည်းခိုက်ရပြန် ပါတယ်။ ဖွားစီဘ၀မှာ Save The Aged အသင်းကြောင့် အရာရာအပြောင်းအလဲတွေနဲ့ကြုံဆုံခဲ့ရတယ်။ တစ်လောလေးက အရေပြားဗိုင်းရပ်စ်ပိုးကူးစက်ရောဂါနဲ့ ဖွားစီနေမကောင်းဖြစ်တော့လည်း သူတို့လေးတွေ ရုံးဆင်းချိန်တွေ အပြေးအလွှားလာကြ ၊ အထူးကုတွေနဲ့ ရက်ချိန်းပုံမှန်ပြပေးကြနဲ့ သွေးသားအရင်းချာထက်တောင် ပိုမိုလို့ဂရုစိုက်တတ်ကြပါ သေးတယ်။

 ဖွားစီလိုပဲ အခြားသော ဘိုးဘွားတွေကိုလည်း Save The Aged မှ စောင့်ရှောက်ထောက်ပံ့လိုက်ပြီဆိုတာနှင့် ထိုဘိုးဘွားတို့၏ လူမှုရေး ၊ ကျန်းမာရေး ၊ စားဝတ်နေရေးအထွေထွေကိုသာမက ဘ၀ချုပ်ငြိမ်းလို့ ကွယ်လွန်ဆုံးပါး ခဲ့ရင်တောင် အစစအရာရာ အလုံးစုံတာဝန်ယူပေးထားပါတယ်။ ကျန်းမာရေးမကောင်းသည့် ဘိုးဘွားဆေးရုံတက်ရရင်လည်း အသင်းဝင်များကိုယ်တိုင်ကိုယ်ကျ ဆေးရုံစောင့်ပေးကြခြင်း ၊ နေထိုင်ရေးမကောင်းသည့် ဘိုးဘွားနေထိုင်အိမ် ပြုပြင်ရန် အတွက်လည်း အသင်းဝင်များ ကိုယ်တိုင်ကိုယ်ကျ အားတက်သရော ၀ိုင်းဝန်းပြင်ဆင်ခြင်းများဖြင့် လုပ်ဆောင်ပေးတတ် ကြပါတယ်။ ဖွားစီတစ်ယောက် မှောင်မည်းမည်း အိမ်ကျဉ်းလေးထဲမှာ ဘ၀ကို တစ်ယောက်ထဲ အထီးကျန်အဖော်မဲ့စွာ ဖြတ်သန်းရတော့ မယ်လို့ စိတ်ထင်ထားခဲ့မိတာတွေ အားလုံး လွဲမှားသွားတယ်။

ဒီလိုပဲ Save The Aged အသင်းရဲ့ကောင်းမှုကြောင့် ရဟန်းအမလည်းဖြစ်ခွင့်ရခဲ့တယ်။ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းရဲ့ ကိုယ်စားမိဘတွေကိုအမှူးထားပြီး ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတွေ ဖြစ်ခွင့်ရနိုင်ဖို့ သင်္ကြန်တွင်းကာလမှာ ဒုလ္လဘ ၊ ရဟန်းခံ ၊ ရှင်ပြု အလှူတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ကိုယ့်ရင်မှမွေးတဲ့သားသမီးမရှိလို့ပဲဖြစ်ဖြစ် ၊ ငွေကြေးအင်အားမတတ်နိုင်လို့ပဲဖြစ်ဖြစ် … လုပ်ခွင့်မရနိုင်ခဲ့တဲ့အလှူကို Save The Aged အသင်းသားလေးတွေကြောင့် လုပ်ခွင့်ရခဲ့တယ်။ကုသိုလ်ယူနိုင်ခဲ့တယ်။ အဲဒီနေ့ကဆိုရင် ဖွားစီနဲ့ထပ်တူထပ်မျှ ကျန်တဲ့ဘိုးဘွားတွေလည်း ကြည်နူးဝမ်းသာပီတိဖြစ်ရမယ်လို့ ဖွားစီယုံကြည်တယ်။

အသင်းသားလူငယ်လေးတွေရဲ့ လစဉ်အလှူတွေမှာလည်း အလျဉ်းသင့်သလို ဖွားစီတို့ပါဝင်တက်ရောက်ခဲ့တယ်။ Save The Aged ရဲ့ လစဉ်အလှူတစ်ခုအနေနဲ့ ပဲခူးတိုင်းအတွင်းကနွမ်းပါးချို့တဲ့တဲ့ကျးရွာငယ်လေးမှာ အလှူလုပ်တော့လည်း ပဲခူးမြို့တစ်ခွင် စုံစုံလင်လင် ဖွားစီတို့ကို ဘုရားဖူးပို့ပေးခဲ့တယ်။ ထို့အတူပဲ အောက်တိုဘာလမှာဆိုရင် ၀ါကျွတ်ကန်တော့ပွဲ ၊ ဧပြီလ သင်္ကြန်တွင်းအခါသမယမှာဆိုရင် ဘိုးဘွားကန်တော့ပွဲ/ဒုလ္လဘ၊ရဟန်းခံရှင်ပြုပွဲ ၊ ၀ါဆိုလအချိန်အခါမှာလည်း ဘိုးဘွားများအမှူးထားပြီး ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ … စတဲ့ ပွဲမျိုးအသွယ်သွယ်နဲ့ ကိုယ်စားမိဘဘိုးဘွားများမှာလည်း ပွဲလယ်တင့်ခဲ့ရပါတယ်။ ဒါတွေသာမကဘဲ ဖွားစီတွယ်တာရတဲ့ မြေးငယ်လေးတွေရဲ့ကောင်းမှု စေတနာကြောင့် ဖွားစီရဲ့အဖီအိမ်လေး မှာလည်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့တယ်။ ပြန်လည်ပြုပြင်ဖို့အတွက် ကုန်ကျငွေကိုလည်း သူတို့ ပိုက်ဆံလေးတွေထဲ ကနေ စိုက်ထုတ်လှူဒါန်းပေးခဲ့ကြတယ်။ 

ဒီလောက်ချစ်ဖို့ကောင်းတဲ့မြေးငယ်လေးတွေကို ဖွားစီမှ အခင်မင်ပိုတွယ်တာလွန်းသလို … သူတို့လေးတွေကလည်း ဘယ်သွားသွား ဘာစားစား ဖွားစီအတွက်ဆိုပြီး ရည်မှန်း ယူဆောင်လာတတ်ကြပါတယ်။ နွယ်ပင်၊မြက်ပင်လေးတွေတောင်မှ အရောဝင်၊တွယ်တာရင် သံယောဇဉ်ဖြစ်တတ်ကြ သေးတာ … ဖွားစီလည်း လူသားပီပီ သွေးသားနှလုံးသားနဲ့ခံစားပြီး သူတို့လေးတွေအပေါ်မှာ သံယောဇဉ်ကြီးမားလာခဲ့တယ်။

မြေးငယ်လေးတို့ရဲ့ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းဟာလည်း တစ်နှစ်ထက်တစ်နှစ် ၊ ပိုပိုပြီး သက်တမ်းရင့်လာတာနဲ့အမျှ အသင်းဝင် လူငယ်လေးတွေရဲ့လုပ်ငန်းဆောင်တာတွေမှာ ပိုမိုပြီး များပြားလာခဲ့တယ်။ ဖွားစီတို့လို ခိုလှုံရာမဲ့ အပြစ်မဲ့အပယ်ခံ ဘိုးဘွားတွေအားလုံးကို တစ်စုတစ်ဝေးတည်း ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းဖြင့် အရှေ့ဒဂုံမြို့နယ်၊ (၁၄၆)ရပ်ကွက် ၊ အမှတ်(၁၂၅၈ / ၁၂၅၉) ပေ ၄၀ x ပေ ၆၀ ၊ မြေနှစ်ကွက်တွဲ မြေအကျယ်အ၀န်း ပေ ၈၀ x ပေ ၆၀ မှာ Save The Aged ဘိုးဘွားရိပ်သာလေးအဖြစ် အနာဂတ်ပန်းတိုင်တစ်ခုကို ထုဆစ်ခဲ့ကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ရုပ်လုံးပေါ် ပြီးစီးတော့မယ့် ခမ်းနားတင့်တယ် ကျက်သရေရှိလှမယ့်အဖြစ်ကို ပုံဖော်တွေးမြင်ရင်း ပီတိအပြုံးတွေနဲ့အတူ မျက်ဝန်းမှာ မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ အသင်းဝင်သားသမီးလေးတွေဆောက်လုပ်ပေးမယ့် အသင်းပိုင် ရိပ်သာလေးမှာ တရားအလုပ်အားထုတ်ရင်း ၊ ဘ၀တူ ညီအမတွေနဲ့ချစ်ခင်ရင်းနှီးစွာ သက်ဆုံးသည့်တိုင် နေသွားကြရမယ့် ငြိမ်းအေးတော့မယ့် ရှေ့ရေးကိုမျှော်တွေးရင်း အပြုံးတွေလည်းဝေဖြာခဲ့တယ်။ မြေးငယ်လေးတွေရဲ့ ရိပ်သာလေး အမြန်ဆုံးပြီးမြောက်ပါစေလို့လည်း နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးတဲ့အခါ တစ်ခုအပါအ၀င် ဆုတောင်းတတ်လာခဲ့တယ်။

ဖွားစီတစ်ယောက် နှစ်ပေါင်း ၄၀ ကျော်ကြာ ငိုခဲ့ရတဲ့နေ့တွေ ၊ အထီးကျန် ၀မ်းနည်း ၊ အားငယ်သိမ်ငယ် လာခဲ့ရတဲ့နေ့တွေ … အမှောင်ဆုံးသော ညနက်တွေထဲမှာ တစ်ယောက်ထဲဖြတ်သန်းခဲ့ရတဲ့ အပူဆုံးနေ့ရက်ရှည်တွေ ပျောက်ကွယ်ဆိတ်သုဉ်းလို့ သူမမျက်ဝန်းမှာ မျက်ရည်တွေ ကျခဲ့ဖူးတယ်ဆိုတာ အခုအချိန်ပြန်ပြောရင် ဘယ်သူမှ ယုံနိုင်မယ်မထင်တော့ဘူး . . . ။

လူချင်းတူတာတောင်
သူတို့က ပို၍ ကိုယ်ချင်းစာတတ်တယ် ...
လက်ချင်းတူတာတောင်
သူတို့က ပို၍ ကြင်နာတတ်တယ် ...
နှလုံးသားချင်းတူတာတောင်
သူတို့က ပို၍ စာနာတတ်တယ် ...
ဦးနှောက်အသိဥာဏ်ချင်းတူတာတောင်
သူတို့က ပို၍ သနားတတ်တယ် ...
ရဲရင့်တာခြင်းတူတာတောင်
သူတို့က ပို၍ သတ္တိရှိရှိလုပ်နိုင်ကြတယ် ...
လူထဲကလူ အတူတူပေမယ့်
ကိုယ်ချင်းစာတတ်သော လက်
ကရုဏာထားနိုင်သော စိတ်ထား
မေတ္တာထားနိုင်သော နှလုံးသား
လုပ်နိုင်ခဲ့လေသော နှလုံးသားများနဲ့
ဂုဏ်ယူပါတယ် … အသင်းဝင်တို့ရယ်
ဟိုအရင်က
သူမ မျက်ဝန်းမှာ မျက်ရည်တွေကျခဲ့ဖူးတယ်ဆိုတာ
ဒဏ္ဍာရီဆန်ဆန်မှတ်ထားလိုက်ကြပါကွယ် . . . ။
(19.12.2013)
မိုးစွတ်နေ
အမာခံ မန်ဘာ
Save The Aged ( ရန်ကုန် )

No comments: