Tuesday, 1 April 2014

Please .... smile :)


ဆရာကြီးတင်မိုး၏ "အလှကိုယ်စီ"ကဗျာ


One of my favorite poems … hope you like …

ဆရာကြီးတင်မိုး၏ "အလှကိုယ်စီ"ကဗျာ

ဖိုးလမင်းလည်း
သူ့အဆင်းနှင့်အလင်းနှင့်

မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့်အစွယ်နှင့်

စပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့်ငုံဖူးနှင့်

ပိတောက်ဝါလည်း
သူ့အခါနှင့်နံ့သာနှင့်

မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့်လှိုင်းယက်နှင့်

စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့်လောင်းလှေနှင့်

မည်သည့်အရာ မဆိုသာတည့်
သူ့မှာကိုယ့်မှာ အလှသာတည့်

သဘာဝလျှင် အလှကိုယ်စီ
စွမ်းရည်ကိုယ်ငှ လက်ဆောင်ငှ၏

အလှဝန်တို မငြင်ငြိုနှင့်
ဝန်တိုမှုသာ မလှရာတည့်

သူ့ဂုဏ်သူ့သိန် သူ့အရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဌာနအလျောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါတကား . . .

This design is wishing for Thingyan water festival.


Tuesday, 25 March 2014

၆၉ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် …



တပ်မတော်နေ့နားနီးတော့ အကိုတစ်ယောက်တင်ထားတဲ့

Facebook Status ကို သွားပြီးအမှတ်ရတယ်။ "Graphic Designer 
တွေသာမရှိရင် အလေးပြုစရာ အလံတောင် ပေါ်လာမှာမဟုတ်ဘူး"တဲ့။
အဲ့လိုလေးတင်ထားတော့ ဒီဇိုင်နာတွေက အားရတာပေါ့ . . . ဒါပေမယ့် 

ကျွန်တော်သာဆိုရင်တော့ ဒီ Status ကို ဒီထက်ပို ဖြန့်ကျက်စဉ်းစားပြီး … 
Graphic Designer တွေလည်း နိုင်ငံတော်ကြီးအတွက် တစ်ထောင့်တစ်နေရာ
ကနေ အရေးပါလိုအပ်နေကြတာပဲလေလို့ တွေးမိတယ်ဗျ။ 
တကယ့်တကယ်တော့ ငါက ဘာကြီးမို့ … ငါမှအရေးပါတာ။ 
ငါတို့ကဘာတွေမို့လို့ ငါတို့သာမရှိမဖြစ်ပါလို့ မတွေးဘဲ
အားလုံးဟာ သူ့နေရာ သူ့ပညာနဲ့ သူ့ဟာသူ အသုံးဝင် 

အသုံးတွင်နေကြတယ်ဆိုတာ ကျွန်တော်တို့ သတိချပ်ထားမိဖို့ကောင်းပါရဲ့  … 
ကျွန်တော်တို့အားလုံးဟာ တိုင်းပြည်နဲ့နိုင်ငံတော်အတွက် 
တစ်ထောင့်တစ်နေရာကနေ အကျိုးပြု သယ်ပိုးနေကြတယ်ဆိုတာ 
မမေ့လိုက်ကြပါနဲ့လေ … ヅ

((( p.s - အတွေးသက်သက် စာတိုလေးပါ။ )))

Thursday, 16 January 2014

Save The Aged(၄)နှစ်ပြည့် အထိမ်းအမှတ် စာမူပြိုင်ပွဲ အထူးဆုရရှိသည့်ဖွားချစ်၏စာမူလက်ရာ



Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ဆောင်းပါး

“စံပြုထိုက်သူများ”

အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ လိုလားစွာဆောင်ရွက်သူများကို စံပြုထိုက်သူများဟု
ခေါ်ဆိုရပါမည်။ စံပြုထိုက်သူများသည် လူမှုဒုက္ခ ရောက်နေကြသူများအား စာနာထောက်ထားစွာဖြင့် ကူညီစောင့်ရှောက် ထောက်ပံ့သူများ ဖြစ်ကြပါသည်။ အာဇာနည်များ မဟုတ်ကြပါ။ 

အာဇာနည်များသည် အမျိုးဘာသာ သာသနာနှင့်နိုင်ငံနှင့်လူမျိုးတို့၏ အကျိုးကို လိုလားစွာ
ဆောင်ရွက်ခြင်း ၊ လိုအပ်ပါက အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကယ်တင်ပေးကြသူများကို အာဇာနည်ဟုခေါ်ဆိုပါသည်။

ဖွားချစ်မူလတန်းကျောင်းသူဘ၀တွင် သင်ယူခဲ့သော သင်ခန်းစာတစ်ပုဒ်ကို အမှတ်ရမိပါသည်။ ယင်းစာပုဒ်တွင် . . .
“ပညာထူးချွန်သူ
လွန်စွာ ရိုးသားသူ
အကျင့်စာရိတ္တကောင်းမွန်သူ
အများအကျိုးငှာ ကိုယ်ကျိုးစွန့်သူ
ထိုသူများကို လေးစားပါ” … ဟူ၍ ဖြစ်ပါသည်။

ဤစာပုဒ်သည် စံပြုထိုက်သူများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဤသည်မှာ လူကောင်းလူတော်အဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်၍ ရိုးသားသူသည် လူကောင်းဖြစ်ပြီး ပညာထူးချွန်၍ အများအကျိုးကို ကိုယ်ကျိုးမဖက်ဆောင်ရွက်ခြင်းသည် လူတော်ဖြစ်ပါသည်။

လူအများစုသည် လူကောင်း ဖြစ်သော်လည်း လူတော်ဖြစ်ရန် ခဲယဉ်းပါသည်။ အချို့မှာ လူတော်ဖြစ်သော်လည်း လူကောင်းများ မဟုတ် သည်ကို သတိထားလေ့လာလျှင် တွေ့မြင်နိုင်ပါသည်။ သို့သော် စံပြုထိုက်သူများသည် လူတော် လူကောင်းများ ဖြစ်ကြပါသည်။

ယနေ့ခေတ် လူငယ်အများစုသည် ခေတ်နောက်ကျမနေရရန်အတွက် ခေတ်ရေစီးကြောင်းအတိုင်း ခေတ်မီ စတိုင်ကျစွာနေရင်း ခေတ်ရေစီးကြောင်းပေါ်တွင်မျောပါရင်း ခေတ်လွန်ကာ ဆယ်ယူ၍ မရနိုင်အောင်ပင် မျောပါ နေကြသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေကြရပါသည်။ 

သို့သော် တိုးတက်နေသော ယနေ့ခေတ်တွင် ခေတ်နှင့် အမီလိုက်၍ ခေတ်၏လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်စွက်နေကြသော စံပြုထိုက်သူများလည်း ရှိပါသည်။
ဤစံပြုထိုက်သူများသည် ခေတ်နှင့်အမီလိုက်၍ ခေတ်၏လိုအပ်ချက်များကို လွန်စွာရှားပါးသော စိတ်ဓါတ်နှင့် လုပ်ဆောင်ချက်များဖြင့် ခေတ်၏တစ်နေရာတွင် ပါဝင်လှုပ်ရှား၍ လူမှုဒုက္ခ ကြုံတွေ့နေကြသူများ၏အကျိုးကို ဆောင်ရွက်နေကြသော အဖိုးတန်လူငယ်တစ်စု(သို့)
“Save The Aged” ဟူသော သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတ
အသင်းဝင် လူငယ်များပင် ဖြစ်ပါသည်။

ဤလူငယ်များသည် အကျိုးမရှိသော လုပ်ဆောင်ချက်များဖြင့် အချိန်ကို မကုန်လွန်စေဘဲ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေကြသော လူကောင်းလူတော်များလည်း ဖြစ်ပါသည်။ ဤအဖွဲ့ဝင်လူငယ်များသည် သက်ကြီးရွယ်အို များကို ကူညီစောင့်ရှောက်ထောက်ပံ့ရန်ဟူသော ရည်ရွယ်ချက်အပြင် လူမှုဒုက္ခကြုံတွေ့နေကြရသူများ ၊ သဘာဝဘေးဒဏ် ခံစားနေကြရသူများကိုလည်း ကူညီထောက်ပံ့လျက်ရှိပါသည်။

အသင်းဝင်လူငယ်များသည် ခေတ်မီ ပညာတတ် လူငယ်များဖြစ်ကြပြီး တာဝန်အသီးသီးဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေသူများလည်း ဖြစ်ကြပါသည်။ အလုပ်နားရက်များတွင် မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များကို မိမိတို့အသင်းမှ ထောက်ပံ့စောင့်ရှောက်ထားသော ရာသက်ပန်ကိုယ်စားမိဘ အဘိုး၊အဘွားများထံသို့ အရောက် သွားပြီး အဘိုး၊အဘွားတို့အတွက် လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြခြင်း ၊ အမိ၊အဖသဖွယ် ချစ်ခင်ရင်းနှီးစွာ နွေးထွေးယုယမှုပေးခြင်း တို့ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေကြပါသည်။ 

ထို့အတူ သဘာဝဘေးဒဏ် ခံစားနေကြရသော ဒုက္ခသည်များထံသို့လည်း အသင်းအလိုက် သွားရောက်ကြကာ ကူညီခြင်း ၊ ထောက်ပံ့ခြင်း ၊ လှူဒါန်းခြင်းများ ပြုကြပါသည်။ ဤသို့သွားရာ၌ လမ်းခရီးအခက်အခဲ မည်မျှပင် ကြမ်းပါစေ စေတနာလမ်းခင်းပြီး မေတ္တာ ၊ ကရုဏာ ၊ အကြင်နာ ခြေလှမ်းများဖြင့် အရောက်သွားကာ မိမိတို့၏ ရည်မှန်းချက် အောင်မြင်အောင်
ဆောင်ရွက်နေကြသူများလည်း ဖြစ်ပါသည်။ ချီးကျူးစရာ အလွန်ကောင်းလှ ပါသည်။


ထို့အပြင် မိဘမဲ့ကျောင်းများရှိ ဆင်းရဲချို့တဲ့သော ကလေးများအတွက် လိုအပ်သော ဆန်၊ဆီ၊ဆား၊သကြား၊ အ၀တ်အထည် စသည်တို့အပြင် အဟာရဖြစ်စေသာ မုန့်များ ကျောင်းနေအရွယ် ကလေးများ အတွက် လိုအပ်သော စာအုပ်များ စာရေးကိရိယာများ အသုံးအဆောင်ပစ္စည်းများ ၊ စောင်များ စသည်ဖြင့် လိုအပ်သည်များကို လှူဒါန်းခဲ့ကြပါသည်။ ရှေရားပါးသော အရပ်ဒေသများတွင်လည်း အ၀ီစိတွင်းတူး၍ သောက်သုံးရေအတွက် လှူဒါန်းခြင်း ၊ ပညာအလင်းရရှိစေရန်အတွက် လှူဒါန်းမှုလိုအပ်သောဒေသများတွင် စာကြည့်တိုက်များအတွက် စာအုပ် ၊ စာစောင် ၊ ဂျာနယ် စသည်များကိုလည်း လှူဒါန်းလျက်ရှိပါသည်။

အများအကျိုးအတွက် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပျော်ရွှင်ကြည်နူးနေကြသူများလည်း ဖြစ်ကြပါသည်။ ခေတ်လူငယ်များအတွက် အတုယူဖွယ် စိတ်ဓါတ်နှင့်ဆောင်ရွက်ချက်များပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ လူငယ်အများစုတွင် ဤသို့သော စိတ်ဓါတ်မျိုးနှင့်ဆောင်ရွက်လိုသော စေတနာများရှိကြရန် များစွာလိုအပ်ပါသည်။ လူမှုရေးကိစ္စများ ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ပြုရာ၌ ပျော်မွေ့နေလေ့ရှိသော ဤလူငယ်များ၏ စိတ်ဓါတ်ရေးရာများမှာလည်း နူးညံ့သိမ်မွေ့ခြင်းအပြည့်ရှိနေကြပါသည်။ စကားပြောဆိုရာ၌ နူးညံ့သိမ်မွေ့ခြင်း ၊ ကိုယ်အမူအရာ ယဉ်ကျေးခြင်းတို့ကို အခြေခံကာ ကံငါးပါးကို အလိုလိုစောင့်ထိန်းပြီး သူများလည်း ဖြစ်ကြပါပြီ။

လူမှုဒုက္ခ ခံစားနေကြရသော ကြီးငယ်မရွေး ၊ မိတ်ဆွေရန်သူမရွေး ၊ အယုတ်အလတ်အမြတ်မရွေး အားလုံး တို့အား ကူညီစောင့်ရှောက်ထောက်ပံ့ အားပေးကြခြင်းသည် စိတ်ကြမ်း၊စရိုက်ကြမ်း ရိုင်းပျသော ခေတ်လွန် လူငယ်အချို့ထက်မှပင် လေးစားထိုက်သူများ ၊ စံပြုထိုက်သူများပင် ဖြစ်ပါသည်။

ဤစံပြုထိုက်သူများကို . . .
ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌
တည်စေမင်း . . . ။          ဟူသော 
ဆုံးမစာကဲ့သို့ ကောင်းမှုကုသိုလ်ပြုရာ၌ ခုံမင်မြတ်နိုးခြင်း ၊ အများအကျိုး အတွက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေကြသော စံပြုထိုက်သည့် ဤ “Save The Aged” သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းဝင် လူငယ်များအားလုံး၏ သဏ္ဍန်၌ ကောင်းမြတ် သော ကောင်းမြတ်သောအကျိုးတရားများ ရရှိ ၊ တည်ရှိ ၊ ရောက်ရှိပါစေသတည်းဟု ဆုမွန်ကောင်း တောင်းခြင်းဖြင့် . . . ။       





ဖွားချစ် @ အဖွားဒေါ်သန်းတင်
အစောင့်ရှောက်ခံ အမှတ်စဉ် - STA 023
အမှတ်( C-2/27 ) ၊ ဦးပြုံးချိုကားဝပ်ရှော့ ၊ စက်မှုဇုန် ၊ ဦးဝိစာရလမ်း ၊ မြောက်ဒဂုံ။


Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပြိုင်ပွဲဝင် ၀တ္ထု



“သူမ မျက်ဝန်းမှာ မျက်ရည်တွေကျခဲ့ဖူးတယ်”

( ၄.၆.၂၀၁၀ ) အဲဒီနေ့စွဲလေးပေါ့ . . . မှတ်မှတ်ရရ အသက်အားဖြင့် ၂၅/၃၀ အရွယ် လူငယ်လေး သုံးလေးယောက် လောက်က “ဖွားစီရေ … ဖွားစီရေ … ဖွားစီ ... ဖွားစီ ရှိပါသလားဗျာ”ဆိုပြီး ဖွားစီ ဝေယျာဝစ္စ လုပ်နေကျ ဓမ္မာရုံလေးကို ရောက်လာခဲ့ကြတယ်။ တစ်ခါမှမြင်ဖူးတာ သေချာသလို ဒီအနီးအနားရပ်ကွက် ၀န်းကျင်က လူငယ်တွေမဟုတ်ဘူး ဆိုတာကိုလည်း ဖွားစီ ကောင်းကောင်းသိတယ်။ ဘာအကြောင်းကြောင့်များ ရောက်လာကြ သလဲဆိုတာ မေးမိတယ်။ ပြီးတော့ သူတို့လေးတွေက ဘယ်သူတွေလည်းဆိုတာကိုလည်း ဖွားစီ သိချင်နေမိတယ်။ 
ထို လူငယ်အုပ်စုထဲမှ အသက် ၃၀ခန့်အရွယ် ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့် လူငယ်တစ်ဦးက … ခေါင်းလေးညိမ့်ကာ စကားပြောဖို့ ဟန်ပြုလို့ အသံလေးတစ်စ ထွက်ပေါ်လာခဲ့တယ်။ “ဟုတ်ကဲ့ပါ … အဖွား။ အဖွားသိချင်တာကို ပြောပြရရင် ကျွန်တော်တို့က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်
ထောက်ပံ့ရေးပရဟိတလူငယ်များအသင်းကပါ … အဖွား။ 


ကျွန်တော်တို့အသင်းလေးက အသက်(၆၅)နှစ်အထက် ၊ ကျောထောက်နောက်ခံ သားသမီးမြေးမြစ်
မရှိသူ ၊ အမှန်တကယ် နွမ်းပါးချို့တဲ့၍ အကူအညီအထာက်အပံ့လိုသူ ၊ အပြစ်မဲ့အပယ်ခံ ဘိုးဘွားတွေကို ကျွန်တော်တို့အသင်းလေးမှ ကွင်းဆင်း လေ့လာပြီးနောက် ရာသက်ပန်ကိုယ်စား မိဘအဖြစ်
စောင့်ရှောက်ထောက်ပံ့မှုပေးကြပါတယ် …. အဖွား။ ကျွန်တော်က ကမာရွတ်၊ဘူတာရုံထိပ်မှာ အဆောင်နေတာပါဗျ။

အခုလို အဖွားဆီရောက်လာရတာကလည်း အဖွားတို့လမ်းထဲက အန်တီ ဒေါ်ဝင်းရီ က ကျွန်တော်တို့အဆောင်မှူးရဲ့သူငယ်ချင်းပါ။ သူနဲ့ကျွန်တော် စကားပြောရင်း၊ဆိုရင်း ဆက်စပ်မိတာကနေ သူတို့လမ်းထဲမှာ ဖွားစီဆိုတဲ့ အဖွားတစ်ယောက်ရှိကြောင်း … ကျွန်တော်တို့အသင်းရဲ့ စည်းမျဉ်းအချက်အလက်လေး တွေနဲ့ကိုက်ညီရင်လည်း စောင့်ရှောက်ထောက်ပံ့မှုပေးစေလိုကြောင်း
ပြောပြခဲ့လို့ အခုလို ကျွန်တော်တို့ အဖွားဆီ ရောက်လာခဲ့ရတာပါဗျာ”ဆိုပြီး စကားလေး တစ်ထောက်နားခိုက် . . . ။

ထို လူငယ်ရဲ့ပြောစကားတွေအဆုံးမှာ ဖွားစီမျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဝေ့၀ဲနေခဲ့ရပြီ။ ၀မ်းနည်းမှုတွေ ၊ အားငယ်မှု ၊ သိမ်ငယ်မှုတွေနဲ့အတူ “သားတို့က ဖွားစီကို သနားလို့ ထောက်ပံ့ပေးဖို့လာစုံစမ်းကြတာလားဟင်”ဆိုတဲ့ တုန်တုန် ယင်ယင် လေသံလေး ထွက်ပေါ်လာခဲ့ပြန်တယ်။ ဖွားစီဘ၀က အဲ့လောက်တောင် သနားစရာကောင်းနေပြီလား။

ကိုယ်မွေးမှ ကိုယ့်မြေး သာသာအရွယ်လေးတွေရဲ့ ထောက်ပံ့စာကိုအားကိုးမှီခိုရမယ့်ဘ၀ဖြစ်နေပြီလားလို့ … ကွင်းဆင်း အသင်းဝင်လူငယ်လေး တွေကို မျက်ရည်လေးတစ်စို့တစ်စို့နဲ့ ဖွားစီ ရေရွတ်ပြောနေမိတယ်။ အမှန်တော့ ယခုလို လာရောက် ကွင်းဆင်းကြတဲ့ ပရဟိလူငယ်လေးတွေကြောင့် ဖွားစီ ရင်ထဲမှာ အတိုင်းမသိဝမ်းသာမိပေမယ့်လည်း တကယ့်အပြင်မှာ မျက်ရည်ဝဲခဲ့ရတယ်။

 
“မငိုပါနဲ့ ... အဖွားရယ်။ ၀မ်းမနည်းပါနဲ့နော် ... သားတို့တွေက အဖွားရဲ့ဝမ်းနည်းစရာခံစားချက် ၊ စိတ်မကောင်းစရာ အတိတ် ဒဏ်ရာတွေကို တူးဆွမယ့် ထုတ်ဖော်မယ့်သူတွေမဟုတ်ပါဘူး။ အဖွားတို့တွေအတွက် ငြိမ်းအေးမှု၊ပျော်ရွှင်မှု၊ သာယာချမ်းမြေ့မှုတွေနဲ့အတူ ကြည်နူးစရာ အစုစုကို ဝေမျှ၊ပေးဝေချင်တဲ့သူတွေပါ”လို့ဆိုပြီး လူငယ်လေးထံမှ စကားသံ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ 

“တကယ်လို့များ အဖွားက ကျွန်တော်တို့အသင်းရဲ့ အချက်အလက်လေးတွေနဲ့ ကိုက်ညီခဲ့ရင် လေ ... ကျွန်တော်တို့ အဖွားကို စောင့်ရှောက် ထောက်ပံ့ချင်ပါတယ် အဖွားရယ်”ဆိုတဲ့ စကားသံလေး အဆုံး ... ။
ဖွားစီတစ်ယောက် လွန်ခဲ့တဲ့ အနှစ်(၄၀)ကျော်လောက်ကတည်းက တာဝန်မယူတတ်တဲ့ ခင်ပွန်းသည်၏ စွန့်ပစ်မှုတွေကို ခံစားခဲ့ရပြီး ၊ နာနာကျင်ကျင် ခါးခါးသီးသီးဖြင့် ဘ၀ကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့အကြောင်း ၊  ကိုယ့်ခွန်ကိုယ့်အားနဲ့ သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် ကြုံရာအလုပ်တွေလုပ်ကိုင်ရင်း ဘ၀၀မ်းရေးကိုဖြေရှင်းခဲ့ရသူ ၊ နေထိုင်စရာ အိမ်မရှိလို့ လူသားချင်းငဲ့ညှာစာနာတဲ့သူစိမ်းတစ်ရံဆံတို့ရဲ့ အိမ်ဝိုင်းလေးထဲမှာ အဖီဆွဲလို့နေထိုင်ခဲ့ရပုံတွေ ၊ ယခု အသက်(၈၀)အရွယ် ဖွားစီမှာ ရပ်ကွက်ထဲမှ ဓမ္မာရုံလေးရဲ့ ဝေယျာဝစ္စများ လုပ်ကိုင်ဆောင်ရွက်ပေးရင်း ဥပုသ်၊ သီလယူစောင့်တည်ခြင်း ၊ တရားစခန်းများဝင်ခြင်းဖြင့် ဘ၀နေ၀င်ချိန်တွေကို တရားနဲ့အဆုံးသတ်ကာ ငြိမ်းအေး နေချင်တော့တာတွေ ... အစ ၊ ကွင်းဆင်းလူငယ်လေးတွေ မေးမြန်းသမျှကို မခြွင်းမချန် အမှန်အကန်ပြောပြဖြစ်ခဲ့ပါတယ်။
ကွင်းဆင်းလူငယ်လေးတွေမှာ သိလိုသမျှတွေ မေးမြန်းခဲ့ပြီးတော့ သူတို့အချင်းချင်း မျက်ရိပ်မျက်ခြေပြလို့ စုပေါင်းလှူဒါန်း ငွေလေး ငါးထောင်ကျပ်နဲ့လက်အုပ်ချီ ကန်တော့ကြရင်း ဖွားစီတို့ဓမ္မာရုံလေး ထဲမှ နှုတ်ဆက်ထွက်ခဲ့ကြတယ်။ “အစည်းအဝေးမှာ ပေါင်းစုတိုင်ပင်ကြပြီးတာနဲ့ သားတို့တွေအဖွားဆီ ပြန်လာခဲ့ကြပါမယ်”ဆိုတဲ့ လူငယ်လေးရဲ့ စကားသံနဲ့အတူ မျက်ဝန်းထဲက မေတ္တာတရားတွေကိုလည်း ဖွားစီ ခံစားလိုက်ရတယ်။
အဲဒီနေ့က လူငယ်လေးတွေသာ အိမ်ပြန်သွားတယ်။ ဖွားစီတစ်ယောက် တစ်ညလုံး အိပ်လို့မပျော်ခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နာကျင်စရာနေ့ရက်ဆိုးတွေကို ပြန်လည်ထင်ဟပ်မြင်မှတ်နေရင်း ... ဖွားစီကို စောင့်ရှောက် ထောက်ပံ့ပေးချင်တယ်ဆိုတဲ့ ထိုလူငယ်လေးတွေ ၊ မေတ္တာကရုဏာတရားကြီးမားလွန်းတဲ့ ထိုလူငယ်လေးတွေ ၊ ကိုယ်ချင်းစာတတ်ပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ ထိုလူငယ်လေးတွေ ၊ နူးညံ့သိမ်မွေ့ယဉ်ကျေးလွန်းတဲ့ ထိုလူငယ်လေးတွေ ... အဲဒီလူငယ်လေးတွေဟာ ဖွားစီရဲ့ မြေးအရင်းလေးတွေသာဖြစ်ရင် ဘယ်လောက် ကောင်းလိမ့်မလဲဆိုတဲ့ လဲပေါင်းအထွေထွေ မေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့နေခဲ့မိတယ်။
ဒီလိုနဲ့ (၆.၆.၂၀၁၀)တနင်္ဂနွေနေ့မှာ ဖွားစီဆီကို ထိုလူငယ်လေးတွေ ထပ်မံရောက်ရှိလာခဲ့တယ်။ “အဖွားရေ … အဖွားရေ” လို့ အသံပြုအော်ခေါ်နေကြရင်း ဖွားစီနေထိုင်ရာ အိမ်အဖီလေးဆီသို့ရောက်လာခဲ့ကြတယ်။ “ဒီနေ့ သားတို့ရဲ့ လစဉ်အစည်းအဝေးလေးမှာ အဖွားကို သားတို့အသင်းရဲ့ ရာသက်ပန်ကိုယ်စားမိဘတစ်ဦးအနေနဲ့ စောင့်ရှောက် ထောက်ပံ့ပေးဖို့ အတည်ပြုဆုံးဖြတ်လိုက်ကြတယ်။ 

ဒါကြောင့်မို့ ဒီနေ့ကစပြီးတော့ အဖွားကို သားတို့အသင်းဝင်တွေ အားလုံးရဲ့ အဖွားတစ်ယောက်၊ မိဘတစ်ယောက်အနေနဲ့ စောင့်ရှောက်ခွင့်လေးပြုပေးပါနော်”လို့ပြောတဲ့ စကားသံလေး အဆုံးမှာ ဖွားစီမျက်ဝန်းအိမ်ထဲမှာ မိုးတွေရွာလာခဲ့တယ်။  “မငိုပါနဲ့ အဖွားရယ် ... ၀မ်းမနည်းပါနဲ့တော့ ။ ကြေကွဲဝမ်းနည်းစရာ ၊ အဖော်မဲ့အထီးကျန်ဆန်စွာ တစ်ယောက်ထဲဖြတ်သန်းခဲ့ရတဲ့ ပူပြင်းတဲ့နေ့ရက်ရှည်တွေကို ဒီနေ့ပဲ ကျောခိုင်းနှုတ်ဆက်လိုက်ပြီလို့ စိတ်ထဲမှတ်ယူလိုက်ပါအဖွားရယ် ... အဖွားရဲ့ဘ၀မှာ လိုအပ်နေတဲ့ မြေးလေးတွေလို့ သားတို့ကိုသဘောထားပေးပါ။ 

အဲဒီလိုပဲ သားတို့အတွက်လည်း ရာသက်ပန်စောင့်ရှောက်ထောက်ပံ့ခွင့်ရတဲ့ ဘိုးဘွားတစ်ဦး လို့ပဲ မှတ်ယူလိုက်ပါရစေ။ အဖွားမွေးတဲ့ သွေးသားရင်းချာ မြေးလေးတွေမဟုတ်ပေမယ့်လည်း ဘ၀တစ်ခုခုမှာ ဆွေမျိုးတော်စပ်ခဲ့တဲ့ မြေးတွေ၊သားတွေဖြစ်မှာပါဗျာ”လို့ နှစ်သိမ့်အားပေးစကားပြောနေကြတဲ့ လူငယ်လေးတွေရဲ့ မျက်နှာလေးတွေကလည်း သွေးသားအရင်းအချာနှယ် ချစ်စဖွယ်လေးတွေ ... ။
ဖွားစီထံသို့ ( ဇွန်လ - ၂၀၁၂ ) လစဉ် ထောက်ပံ့ကြေး တစ်သောင်းကျပ် နှင့်
ဆေးဝါးဓါတ်စာများပေးအပ်လှူဒါန်းခဲ့ကြပြီး ၊ အသင်းဝင်လူငယ်လေးတွေက တစ်ဦးချင်းကိုယ်စီကိုယ်ငှ မိတ်ဆက်ခဲ့ကြတယ်။ လူငယ်လေးတွေတန်မယ့် ရည်မွန်ပျူငှာပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းကြတာကြောင့် ခဏတာအတွင်းမှာ ဖွားစီနဲ့ ချစ်ခင်ရင်းနှီးခင်မင်ခဲ့ကြတယ်။

အဲဒီနောက်ပိုင်း နေ့ရက်တွေမှာ ဖွားစီဘ၀ရဲ့ ၀မ်းနည်းကြေကွဲ ၊ ခါးသီးဖွယ်ရာ နေ့ရက်များ အစိတ်စိတ်အမွှာမွှာ ကွဲကြေ လွင့်ပျောက်ခဲ့ရတယ်။ သွေးမတော် သားမစပ် သူစိမ်းတစ်ရံဆံ ကလေးတွေရဲ့ နူးညံ့တဲ့ အကြင်နာ ၊ မေတ္တာတရားတွေ အောက်မှာ ဖွားစီဘ၀မှာ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ မိသားစုဘ၀လေးကို ရရှိပိုင်ဆိုင်ခဲ့ရတယ်။ နေ့တွေလပြောင်း ၊ လတွေနှစ်ဟောင်းလို့ တစ်နေ့ထက်တစ်နေ့ တိုးရစ်လို့ သံယောဇဉ်ပိုမိုခဲ့ကာ မိသားစုအရင်းအချာသဖွယ် Save The Aged က လူငယ်လေးတွေနဲ့ ဖွားစီမှာ မိသားစုပမာဖြစ်လာခဲ့တယ်။ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေးအသင်းမှ အသင်းဝင် လူငယ်လေးတွေက တစ်ပတ်တစ်ခါ တနင်္ဂနွေ ရုံးပိတ်ရက်လေးတွေတိုင်း ဖွားစီထံ လာရောက်လို့ အိမ်တိုင်ရာရောက် ဘိုးဘွားစောင့်ရှောက်ရေးများ ပြုလုပ်ပေးခဲ့ကြတယ်။ 

တစ်ခါတစ်ခါမှာ ချစ်စဖွယ် လူငယ်လေးတွေရဲ့ အပြောလေးက ဖွားစီရင်ကို အေးမြလို့ အပြုံးတွေဝေရပါသေးတယ်။ “အဖွား ... သားသမီးမွေးလို့ ကလေးတွေရ ၊ မြေးတွေရရင်တောင်မှ အလွန်ဆုံး ငါးယောက်၊ခြောက်ယောက်လောက်ပေါ့။ အဲဒီထဲမှာမှ အဖွားကိုချစ်တဲ့မြေး ၊ အဖွားကချစ်ရမယ့်မြေးအလိမ္မာလေး တွေဆိုတာ (ပါကောင်း ပါခဲ့ရင်တောင်မှ)မနည်းရွေးရဦးမှာ။ အခုဆို အဖွားမှာ မြေးက လေး၊ငါး၊ခြောက်ရာ မကဘူး။ထောင်ကျော်ရှိတယ်ဗျာ”ဆိုတဲ့ အပြောချိုချိုလေးတွေကလည်း ဖွားစီရင်ကို ဆွဲဆွဲလှုပ်ကိုင် နိုင်ခဲ့တာပေါ့။


စားဝတ်၊နေရေးသာမက လူမှုရေး၊ကျန်းမာရေးနဲ့အတူ အခြားလိုအပ်မှုအထွေထွေတွေကိုလည်း ဖြည့်စွက်ပေးခဲ့တဲ့ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းမှ လူငယ်လေးတွေဟာ ဖွားစီအတွက်တော့ ကျေးဇူးရှင်လေးတွေပါလို့ စိတ်ဝယ်တွေးလို့ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးချိန်တိုင်းမှာ အသက်အငယ်ဆုံးအဖွဲ့ဝင်လေးမှအစ ၊ အသက်အကြီးဆုံးအဖွဲ့ဝင်ကြီးတွေအထိ ၊ အလှူရှင်များမကျန် ၊ လုပ်အားပေးများအပါ ၊ ကူညီထောက်ပံ့ပေးသူမှန်သမျှကို ဆုတောင်းမေတ္တာပို့သပေးခဲ့တာ နိစ္စဓူဝဆိုသလိုပေါ့ ... ။ နှစ်ပြောင်း ၊ လရှည် ကြာခဲ့လေတော့ ... ထောက်ပံ့ကြေးလေးတွေ မှာလည်း တစ်သောင်းကျပ်ကနေ တစ်သောင်းခွဲ ၊ တစ်သောင်းခွဲကနေ နှစ်သောင်း ၊ နှစ်သောင်းကနေမှ ယခု သုံးသောင်းကျပ်စီ ရရှိခဲ့သည်အထိ ... နေ့စဉ်နေ့စဉ် စိတ်ဘ၀င်မှာ အသင်းဝင် လူငယ်လေးတွေ၏ ကျေးဇူးတရားကို ရင်တွင်းလှိုက်လှိုက် အောက်မေ့ပီတိဖြစ်ခဲ့မိတယ်။

အမြဲလိုလို ရောက်လာတတ်ကြတဲ့ အသင်းဝင်လူငယ်လေးတွေဟာ တနင်္ဂနွေနေ့ ရုံးပိတ်ရက်များသာမကဘဲ တစ်ခါတစ်ရံ ရုံးဆင်းချိန်များတွင်ပါ ရောက်လာတတ်ကြပြီး ဖွားစီရဲ့အိမ်ကျဉ်းလေးထဲမှာ ၀ိုင်းဖွဲ့ချက်ပြုတ်စားသောက်ကြပြီးမှ ပြန်သွားတတ်ကြတယ်။ နောက်ပြီး ဖွားစီ ဘ၀င်ခိုက် အသည်းထိတာလေးတစ်ခုရှိသေးတယ်။ သူတို့လေးတွေမှာ ဘယ်လောက်ပဲ အရေးကြီးကိစ္စရှိလို့ ပြန်သွားကြစေကာမူ ဖွားစီကို ရှိခိုးကန်တော့ပြီးမှသာ နှုတ်ဆက်ထွက်ခွာတတ်ကြတယ်။

ဒီလိုယဉ်ကျေးလိမ္မာပြီး ဂရုစိုက်ကြင်နာတတ်ကြတဲ့ Save The Aged အသင်းဝင်လူငယ်လေးတွေဟာ ဖွားစီရဲ့နှလုံးသားထဲမှာ တစ်စိတ်တစ်ဒေသအဖြစ်သာမကတော့ဘဲ အတွင်းနက်နက်ထဲထိကိုပါ အသည်းစွဲတိုးဝင်နိုင်ခဲ့တယ်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သူတို့လေးတွေ ရောက်လာတတ်ကြတာကိုသိလို့ တတ်နိုင်တဲ့အားလေးနဲ့စားဖွယ်ရာလေးတွေ အသင့်ပြင်ဆင်စောင့်မျှော်နေတတ်လေရဲ့။ သူတို့လေးတွေကလည်း ဖွားစီအတွက် စားဖွယ်ရာဓါတ်စာလေးတွေနဲ့အတူ တစ်ပတ်တစ်ခါ လာရောက်ကန်တော့တတ်ကြတယ်။

 မြေးအဖွား အရင်းအချာပမာ ဖွားစီနဲ့သူတို့လေးတွေကြားက သံယောဇဉ်ဟာ တဖြေးဖြေး ပိုမိုခိုင်မာလာခဲ့တယ်။ တစ်ခါတစ်လေ သူတို့လေးတွေမချာ သနားစရာ … ဟိုးအဝေးကြီး သန်လျင်လို၊ပဲခူးလို မြို့တွေမှာလုပ်တဲ့ လစဉ်အလှူတွေကအပြန်ဆိုရင်တောင်မှ ဖွားစီကိုတွေ့ချင်လွန်းအားလေးနဲ့ ညနေ စောင်း ၊ မိုးချုပ်နေပါစေ Taxi လေးငှားလို့ ဖွားစီဆီရောက်လာတတ်ကြတယ်။ တနင်္ဂနွေနေ့တိုင်းအစဉ်အလာမပျက် ဖွားစီဆီကိုရောက်လာတတ်ကြတဲ့ သူတို့လေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့အကျင့်လေးကိုလည်း ဘ၀င်တွေ့ အသည်းခိုက်ရပြန် ပါတယ်။ ဖွားစီဘ၀မှာ Save The Aged အသင်းကြောင့် အရာရာအပြောင်းအလဲတွေနဲ့ကြုံဆုံခဲ့ရတယ်။ တစ်လောလေးက အရေပြားဗိုင်းရပ်စ်ပိုးကူးစက်ရောဂါနဲ့ ဖွားစီနေမကောင်းဖြစ်တော့လည်း သူတို့လေးတွေ ရုံးဆင်းချိန်တွေ အပြေးအလွှားလာကြ ၊ အထူးကုတွေနဲ့ ရက်ချိန်းပုံမှန်ပြပေးကြနဲ့ သွေးသားအရင်းချာထက်တောင် ပိုမိုလို့ဂရုစိုက်တတ်ကြပါ သေးတယ်။

 ဖွားစီလိုပဲ အခြားသော ဘိုးဘွားတွေကိုလည်း Save The Aged မှ စောင့်ရှောက်ထောက်ပံ့လိုက်ပြီဆိုတာနှင့် ထိုဘိုးဘွားတို့၏ လူမှုရေး ၊ ကျန်းမာရေး ၊ စားဝတ်နေရေးအထွေထွေကိုသာမက ဘ၀ချုပ်ငြိမ်းလို့ ကွယ်လွန်ဆုံးပါး ခဲ့ရင်တောင် အစစအရာရာ အလုံးစုံတာဝန်ယူပေးထားပါတယ်။ ကျန်းမာရေးမကောင်းသည့် ဘိုးဘွားဆေးရုံတက်ရရင်လည်း အသင်းဝင်များကိုယ်တိုင်ကိုယ်ကျ ဆေးရုံစောင့်ပေးကြခြင်း ၊ နေထိုင်ရေးမကောင်းသည့် ဘိုးဘွားနေထိုင်အိမ် ပြုပြင်ရန် အတွက်လည်း အသင်းဝင်များ ကိုယ်တိုင်ကိုယ်ကျ အားတက်သရော ၀ိုင်းဝန်းပြင်ဆင်ခြင်းများဖြင့် လုပ်ဆောင်ပေးတတ် ကြပါတယ်။ ဖွားစီတစ်ယောက် မှောင်မည်းမည်း အိမ်ကျဉ်းလေးထဲမှာ ဘ၀ကို တစ်ယောက်ထဲ အထီးကျန်အဖော်မဲ့စွာ ဖြတ်သန်းရတော့ မယ်လို့ စိတ်ထင်ထားခဲ့မိတာတွေ အားလုံး လွဲမှားသွားတယ်။

ဒီလိုပဲ Save The Aged အသင်းရဲ့ကောင်းမှုကြောင့် ရဟန်းအမလည်းဖြစ်ခွင့်ရခဲ့တယ်။ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းရဲ့ ကိုယ်စားမိဘတွေကိုအမှူးထားပြီး ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတွေ ဖြစ်ခွင့်ရနိုင်ဖို့ သင်္ကြန်တွင်းကာလမှာ ဒုလ္လဘ ၊ ရဟန်းခံ ၊ ရှင်ပြု အလှူတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ကိုယ့်ရင်မှမွေးတဲ့သားသမီးမရှိလို့ပဲဖြစ်ဖြစ် ၊ ငွေကြေးအင်အားမတတ်နိုင်လို့ပဲဖြစ်ဖြစ် … လုပ်ခွင့်မရနိုင်ခဲ့တဲ့အလှူကို Save The Aged အသင်းသားလေးတွေကြောင့် လုပ်ခွင့်ရခဲ့တယ်။ကုသိုလ်ယူနိုင်ခဲ့တယ်။ အဲဒီနေ့ကဆိုရင် ဖွားစီနဲ့ထပ်တူထပ်မျှ ကျန်တဲ့ဘိုးဘွားတွေလည်း ကြည်နူးဝမ်းသာပီတိဖြစ်ရမယ်လို့ ဖွားစီယုံကြည်တယ်။

အသင်းသားလူငယ်လေးတွေရဲ့ လစဉ်အလှူတွေမှာလည်း အလျဉ်းသင့်သလို ဖွားစီတို့ပါဝင်တက်ရောက်ခဲ့တယ်။ Save The Aged ရဲ့ လစဉ်အလှူတစ်ခုအနေနဲ့ ပဲခူးတိုင်းအတွင်းကနွမ်းပါးချို့တဲ့တဲ့ကျးရွာငယ်လေးမှာ အလှူလုပ်တော့လည်း ပဲခူးမြို့တစ်ခွင် စုံစုံလင်လင် ဖွားစီတို့ကို ဘုရားဖူးပို့ပေးခဲ့တယ်။ ထို့အတူပဲ အောက်တိုဘာလမှာဆိုရင် ၀ါကျွတ်ကန်တော့ပွဲ ၊ ဧပြီလ သင်္ကြန်တွင်းအခါသမယမှာဆိုရင် ဘိုးဘွားကန်တော့ပွဲ/ဒုလ္လဘ၊ရဟန်းခံရှင်ပြုပွဲ ၊ ၀ါဆိုလအချိန်အခါမှာလည်း ဘိုးဘွားများအမှူးထားပြီး ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ … စတဲ့ ပွဲမျိုးအသွယ်သွယ်နဲ့ ကိုယ်စားမိဘဘိုးဘွားများမှာလည်း ပွဲလယ်တင့်ခဲ့ရပါတယ်။ ဒါတွေသာမကဘဲ ဖွားစီတွယ်တာရတဲ့ မြေးငယ်လေးတွေရဲ့ကောင်းမှု စေတနာကြောင့် ဖွားစီရဲ့အဖီအိမ်လေး မှာလည်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့တယ်။ ပြန်လည်ပြုပြင်ဖို့အတွက် ကုန်ကျငွေကိုလည်း သူတို့ ပိုက်ဆံလေးတွေထဲ ကနေ စိုက်ထုတ်လှူဒါန်းပေးခဲ့ကြတယ်။ 

ဒီလောက်ချစ်ဖို့ကောင်းတဲ့မြေးငယ်လေးတွေကို ဖွားစီမှ အခင်မင်ပိုတွယ်တာလွန်းသလို … သူတို့လေးတွေကလည်း ဘယ်သွားသွား ဘာစားစား ဖွားစီအတွက်ဆိုပြီး ရည်မှန်း ယူဆောင်လာတတ်ကြပါတယ်။ နွယ်ပင်၊မြက်ပင်လေးတွေတောင်မှ အရောဝင်၊တွယ်တာရင် သံယောဇဉ်ဖြစ်တတ်ကြ သေးတာ … ဖွားစီလည်း လူသားပီပီ သွေးသားနှလုံးသားနဲ့ခံစားပြီး သူတို့လေးတွေအပေါ်မှာ သံယောဇဉ်ကြီးမားလာခဲ့တယ်။

မြေးငယ်လေးတို့ရဲ့ Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးအသင်းဟာလည်း တစ်နှစ်ထက်တစ်နှစ် ၊ ပိုပိုပြီး သက်တမ်းရင့်လာတာနဲ့အမျှ အသင်းဝင် လူငယ်လေးတွေရဲ့လုပ်ငန်းဆောင်တာတွေမှာ ပိုမိုပြီး များပြားလာခဲ့တယ်။ ဖွားစီတို့လို ခိုလှုံရာမဲ့ အပြစ်မဲ့အပယ်ခံ ဘိုးဘွားတွေအားလုံးကို တစ်စုတစ်ဝေးတည်း ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းဖြင့် အရှေ့ဒဂုံမြို့နယ်၊ (၁၄၆)ရပ်ကွက် ၊ အမှတ်(၁၂၅၈ / ၁၂၅၉) ပေ ၄၀ x ပေ ၆၀ ၊ မြေနှစ်ကွက်တွဲ မြေအကျယ်အ၀န်း ပေ ၈၀ x ပေ ၆၀ မှာ Save The Aged ဘိုးဘွားရိပ်သာလေးအဖြစ် အနာဂတ်ပန်းတိုင်တစ်ခုကို ထုဆစ်ခဲ့ကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ရုပ်လုံးပေါ် ပြီးစီးတော့မယ့် ခမ်းနားတင့်တယ် ကျက်သရေရှိလှမယ့်အဖြစ်ကို ပုံဖော်တွေးမြင်ရင်း ပီတိအပြုံးတွေနဲ့အတူ မျက်ဝန်းမှာ မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ အသင်းဝင်သားသမီးလေးတွေဆောက်လုပ်ပေးမယ့် အသင်းပိုင် ရိပ်သာလေးမှာ တရားအလုပ်အားထုတ်ရင်း ၊ ဘ၀တူ ညီအမတွေနဲ့ချစ်ခင်ရင်းနှီးစွာ သက်ဆုံးသည့်တိုင် နေသွားကြရမယ့် ငြိမ်းအေးတော့မယ့် ရှေ့ရေးကိုမျှော်တွေးရင်း အပြုံးတွေလည်းဝေဖြာခဲ့တယ်။ မြေးငယ်လေးတွေရဲ့ ရိပ်သာလေး အမြန်ဆုံးပြီးမြောက်ပါစေလို့လည်း နေ့စဉ်နေ့တိုင်း ဘုရားရှိခိုးတဲ့အခါ တစ်ခုအပါအ၀င် ဆုတောင်းတတ်လာခဲ့တယ်။

ဖွားစီတစ်ယောက် နှစ်ပေါင်း ၄၀ ကျော်ကြာ ငိုခဲ့ရတဲ့နေ့တွေ ၊ အထီးကျန် ၀မ်းနည်း ၊ အားငယ်သိမ်ငယ် လာခဲ့ရတဲ့နေ့တွေ … အမှောင်ဆုံးသော ညနက်တွေထဲမှာ တစ်ယောက်ထဲဖြတ်သန်းခဲ့ရတဲ့ အပူဆုံးနေ့ရက်ရှည်တွေ ပျောက်ကွယ်ဆိတ်သုဉ်းလို့ သူမမျက်ဝန်းမှာ မျက်ရည်တွေ ကျခဲ့ဖူးတယ်ဆိုတာ အခုအချိန်ပြန်ပြောရင် ဘယ်သူမှ ယုံနိုင်မယ်မထင်တော့ဘူး . . . ။

လူချင်းတူတာတောင်
သူတို့က ပို၍ ကိုယ်ချင်းစာတတ်တယ် ...
လက်ချင်းတူတာတောင်
သူတို့က ပို၍ ကြင်နာတတ်တယ် ...
နှလုံးသားချင်းတူတာတောင်
သူတို့က ပို၍ စာနာတတ်တယ် ...
ဦးနှောက်အသိဥာဏ်ချင်းတူတာတောင်
သူတို့က ပို၍ သနားတတ်တယ် ...
ရဲရင့်တာခြင်းတူတာတောင်
သူတို့က ပို၍ သတ္တိရှိရှိလုပ်နိုင်ကြတယ် ...
လူထဲကလူ အတူတူပေမယ့်
ကိုယ်ချင်းစာတတ်သော လက်
ကရုဏာထားနိုင်သော စိတ်ထား
မေတ္တာထားနိုင်သော နှလုံးသား
လုပ်နိုင်ခဲ့လေသော နှလုံးသားများနဲ့
ဂုဏ်ယူပါတယ် … အသင်းဝင်တို့ရယ်
ဟိုအရင်က
သူမ မျက်ဝန်းမှာ မျက်ရည်တွေကျခဲ့ဖူးတယ်ဆိုတာ
ဒဏ္ဍာရီဆန်ဆန်မှတ်ထားလိုက်ကြပါကွယ် . . . ။
(19.12.2013)
မိုးစွတ်နေ
အမာခံ မန်ဘာ
Save The Aged ( ရန်ကုန် )

“Save The Aged (၄)နှစ်ပြည့် အမှတ်တရ ညနေပွဲ”(4.1.2014)

Save The Aged (၄)နှစ်ပြည့် အမှတ်တရ ညနေပွဲ”(4.1.2014)

Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေးပရဟိတအသင်း (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၏ မနက်ပိုင်းအလှူပွဲကို အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား (အေးချမ်းအောင်မြင်ငွေကျောင်း)မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၊ ညနေပိုင်း
ပျော်ပွဲရွှင်ပွဲ ကိုတော့ Save The Aged ၏ ဘူမိနတ်သံ နေရာအမှန်ဖြစ်တဲ့ IDEA Café ခြံဝန်းအတွင်း(ရေတာရှည်လမ်းဟောင်းထိပ်၊
ရွှေဂုံတိုင်)မှာ ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။

ထိုသို့ ညနေပိုင်း ပျော်ပွဲ၊ရွှင်ပွဲလေးပြုလုပ်ရခြင်းမှာ . . . တစ်နှစ်တာလုံး အသင်းပရဟိတ လှုပ်ရှားမှုများနှင့်အတူ လူကြီးဆန်ဆန်
လုပ်ကိုင် နေထိုင်ခဲ့ရတဲ့ အသင်းဝင် ညီအကိုမောင်နှမများ ဒီရက်မှာတော့ အရာအားလုံးကိုဖွင့်ဖောက်ထုတ်လို့ လွတ်လပ်စွာ ကစားစေနိုင်ရန်ဆိုတဲ့ အတွေးကောင်းလေးများ ၊ ဥာဏ်စမ်းပဟေဠိ အစီအစဉ်တွင်လည်း Save The Aged ၏ အကြောင်းကို အသင်းဝင်များကော အသင်းဝင်မဟုတ်သူများပါ ပြန်လည် မှတ်မိနေစေရန် ဆိုတဲ့ ရည်ရွယ်ချက်ကောင်းများ ၊ ပျော်ပွဲ ၊ရွှင်ပွဲ ဂိမ်းကစားနည်းလေးများတွင်လည်း အသင်းလိုက်၊အဖွဲ့လိုက် ကစားရသော ကစားနည်းများကြောင့် Save The Aged ညီအကိုမောင်နှမများမှာ တစ်ဦး အပေါ် တစ်ဦး အပြန်အလှန်နားလည်မှုကို အခြေခံလို့ အစုအသင်းစိတ်ဓါတ်ဖြင့် လုပ်တတ်၊ ကိုင်တတ်ကြရန် ဆိုတဲ့ ရည်ရွယ်ချက်ကောင်းလေးများဖြင့် ကျင်းပပြုလုပ်ခဲ့ရကြခြင်းဖြစ်ပါတယ်။

Save The Aged (၄)နှစ်ပြည့် ညနေခင်း ပျော်ပွဲ၊ရွှင်ပွဲ အခမ်းအနားလေးအတွက် ကျွန်တော်တို့ ညီအကိုမောင်နှမတွေ ညနေ၄နာရီလောက်မှာကတည်းက Idea Café ခြံဝန်းလေးထဲမှာ ခြေချင်းရှုပ်လို့ ပွဲလေးစတင်ဖို့ရာ ပြင်ဆင်နေခဲ့ကြပါတော့တယ်။ ညနေပွဲ တက်ရောက်လိုသူများအတွက် Cupon တစ်စောင် ( 3000/-Ks ) နှုန်းဖြင့် စီစဉ်ထားခဲ့ရာ အဖွဲ့ဝင် ညီအစ်ကိုမောင်နှမများ လူအယောက် ၅၀ ကျော်လောက် တက်ရောက်ခဲ့ကြပြီး ညနေပိုင်းပွဲ ပျော်စရာ၊ရွှင်စရာ ကဏ္ဍအသွယ်သွယ်ကို ခိုင်ကြီး ၊ နောင်ရိုး ၊
မေဖူး တို့မှ မမောနိုင်၊မပန်းနိုင်အောင် ဒိုင်ခံတင်ဆက်သွားပေးခဲ့ပါတယ်။

ညနေ ၆ နာရီလောက်မှာ တက်ရောက်လာကြသော ညီအကိုမောင်နှမများ … တစ်ဦးကိုတစ်ဦး အပြန်အလှန် မိတ်ဆက်လို့ … ညနေပိုင်းပွဲလေးကို စတင်ခဲ့ကြပြီး ညနေ ၆ နာရီခွဲ အချိန်လောက် မှာတော့ Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ကိတ်မုန့်လေးကို လှီးခွဲမယ့် အစီအစဉ် ဖြစ်ပါတယ်။ ကိတ်မုန့်ကြီးကို ကိုရီးမှ အစချီလို့ အသင်းဝင်သစ်များအထိ တိုင်အောင် STA(၄)နှစ်ပြည့် အမှတ်တရ ကိတ်ကြီးကို အားပါးတရ လှီးခွဲခဲ့ကြပါတယ်။ အစိတ်အစိတ်အပိုင်းပိုင်းအဖြစ် ကွဲထွက်သွားတဲ့ ကိတ်မုန့်ကြီးကိုကြည့်ပြီး ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာ Save The Aged အတွက် ခံယူဖြစ်တည်ထားတဲ့ ယုံကြည်ချက်တွေ ၊ နားလည်မှုတွေ ၊ သဘောထားတွေ (ဘယ်သောအခါမှ)မကွဲလွဲမပျောက်ပျက်ကြေး . . . မတူတာတွေ ဘေးဖယ်လို့ တူတာလေးတွေနဲ့ ရှေ့ဆက်ကြကြေး . . . ။

ဒီလို အားပါးတရ လှီးခွဲခဲ့ကြတဲ့ STA (၄)နှစ်ပြည့် အမှတ်တရ ကိတ်မုန့်ကြီးကို Save The Aged ညီအစ်ကိုမောင်နှမတွေ အချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့် STA(၃)နှစ်ပြည့် ကိတ်မုန့်ကို ခွံ့ကျွေးခဲ့ကြ ပါတယ်။

အဲ့ဒီနောက်မှာ ဥာဏ်စမ်းပဟေဠိ အစီအစဉ်လေး စတင်ပါတော့တယ်။ ခိုင်ကြီး ၊ မေဖူး ၊ နောင်ရိုးတို့မှ Save The Aged နှင့် သက်ဆိုင်သော မေးခွန်းလေးတွေမေးပါတယ်။ အလျင်မြန်ဆုံးနဲ့ အမြန်ဆုံး ဖြေဆိုနိုင်သူတွေကို အမှတ်တရ ဆုလက်ဆောင်
လေးတွေ ပြန်လည်ချီးမြှင့်ခဲ့ပါတယ်။

ဥာဏ်စမ်းပဟေဠိအစီအစဉ်ပြီးတဲ့အခါမှာတော့ Save The Aged အသင်းဝင်တွေအားလုံးနှင့်တကွ တက်ရောက်လာကြသော ညီအကိုမောင်နှမများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရမယ့် ဂိမ်းကစား နည်းလေးတွေနဲ့ ဆက်လက်ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီလို အစီအစဉ်လေးက Save The Aged (၁) နှစ်ပြည့် နဲ့ (၃)နှစ်ပြည့်တုန်းကလည်း ကျင်းပခဲ့ဖူးပါတယ်။

အားလုံးလည်း ပြန်လည်မှတ်မိနေကြသလို ပြန်တွေးမိတိုင်းလည်း တွေးတသသ ကြိတ်မနိုင်၊ခဲမရနဲ့ အရသာရှိနေခဲ့ကြရတာပါပဲ။ ဂိမ်းကစား နည်းလေးတွေ ကစားတဲ့အခါမှာလည်း အစုအဖွဲ့ခွဲပြီး ကစားစေမှာဖြစ်တဲ့အပြင် ဆုရတဲ့အဖွဲ့ကိုလည်း အမှတ်တရ လက်ဆောင်လေးတွေ ပေးသွားဦးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ တက်ရောက်လာကြသူ အားလုံးကို Group(၃)ခု ခွဲ၍ ယှဉ်ပြိုင်
ကစားကြရမှာ ဖြစ်ပါတယ်။ Group(A) ၊ Group(B) ၊ Group(C) ဖြင့် Group တစ်ခုတွင် လူအင်အား ၁၄ ယောက်ခန့် ပါဝင်ခဲ့ကြပါတယ်။

ကစားနည်းများ ကစားကြရာ အဖွဲ့လိုက် အပိန်အယှဉ်နိုင်ဆုံး ကစားနည်း ၊ အဖွဲ့လိုက် ပေါင်ကားအကျယ်ဆုံး ကစားနည်း ၊ အဖွဲ့လိုက် နံပါတ်စဉ်ရေတွက် ကစားနည်း ၊ အဖွဲ့လိုက် ဂေါ်လီလုံးသယ် ကစားနည်း ၊ အဖွဲ့လိုက် မုန့်အမြန်စား ကစားနည်း ၊ အဖွဲ့လိုက် ပစ္စည်းအစုနိုင်ဆုံး ကစားနည်း … တို့ဖြင့် ကစားနည်း (၆)မျိုး ကစားခဲ့ကြရာ (၃)ဖွဲ့လုံး အမှတ်တူ (၁၂)မှတ်စီ သရေဖြစ်နေခဲ့
ပါတယ်။ နောက်ဆုံးပိတ် ကစားနည်း တစ်ခုအနေဖြင့် အသံရှည်အော် ကစားနည်း ထပ်မံကစားခဲ့ကြရာ “Save The Aged”ကို အသံရှည် ဆွဲ၍ အော်နိုင်ဆုံး Group (B) ဖြစ်ခဲ့ပြီး အနိုင်ရ ဗိုလ်ဆွဲခဲ့ပါတယ်။ Group(B) - ပထမ ၊ Group(A) - ဒုတိယ ၊
Group(C) - တတိယဖြင့် အဖွဲ့လိုက် အသီးသီး ဆုလက်ခံရယူခဲ့ကြပါတယ်။

အထူးအစီအစဉ်သစ်တစ်ရပ်အနေနဲ့ Save The Aged (၄)နှစ်ပြည့် ညနေပွဲကို ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲပေးကြတဲ့ အသင်းဝင်၊ဧည့်သည်များ အားလုံးအတွက် ဂိမ်းကစားနည်း တစ်ခုပြီးတိုင်း ဗလာမပါ (ပစ္စည်းကောင်းကောင်းများကို) ကံစမ်းမဲများဖောက်ပေးသွားခဲ့ပါတယ်။
ဂိမ်းကစားနည်းများပြီးတဲ့အခါမှာတော့ အသင်းဝင်ညီကိုမောင်နှမများအားလုံးပါဝင်ခွင့်ရှိတဲ့ အမှတ်တရ လက်ဆောင်
လဲလှယ်မယ့် Gift Exchange အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးအတွက် ညနေပွဲသို့ တက်ရောက်လာကြတဲ့ ညီအကိုမောင်နှမများမှာ တန်ဘိုးငွေ ၃၀၀၀ ကျပ်မနည်း (မိမိတို့ကိုယ်တိုင်) စီစဉ်လာတဲ့ လက်ဆောင်လေးများကို မဲနှိုက်၍
ကျရာလူနှင့် အပြန်အလှန် လဲလှယ်မယ့် အစီအစဉ်လေးပါ။ ဒီအစီအစဉ်လေးဟာဆိုရင် အဖွဲ့ဝင် ညီအစ်ကို မောင်နှမတွေ အချင်းချင်းရင်းနှီး ချစ်ခင်စေရန် ရည်ရွယ်ချက်ဖြင့်စီစဉ်ထားခြင်းဖြစ်သလို၊အဖွဲ့ဝင်တွေကြားတစ်ယောက်အပေါ်တစ်ယောက်
၂၀၁၄ ခုနှစ် တစ်နှစ်တာလုံးမှာ မှတ်မှတ်ရရလေးတွေ စွဲထင်ကျန်ခဲ့စေလိုခြင်း ဖြစ်ပါတယ်။

ည ၉ နာရီခွဲ ကျော်လောက်မှာတော့ နောက်ဆုံးပိတ်အစီအစဉ်အဖြစ်  IDEA Café ရဲ့ အထူးလက်ရာ ခေါက်ဆွဲကြော်/ကြာဇံကြော် ၊ အချိုရည်များကို မြိန်ယှက်စွာစားသုံးကြရင်း Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ် ပျော်ပွဲ၊ရွှင်ပွဲ အခမ်းအနားလေး အောင်မြင်၊ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါတော့တယ်။




မျှော်လင့်ချက်တွေထဲက ထိုးထွက်
အိပ်မက်တွေ အတူတူတွေမက်ခဲ့လိုက်တာ
ဘာလိုလိုနဲ့
(၄)နှစ်တောင် ပြည့်ခဲ့ပြီပေါ့ …


ကျေးဇူးတင်ထိုက်သူများ အားလုံးသို့

Save The Aged (၄)နှစ်ပြည့် ညနေပွဲလေး အထမြောက် အောင်မြင်အောင် ကိုယ်ရောစိတ်ပါ အားသွန်ခွန်စိုက် အပင်ပန်းခံ ကြိုးစားပေးခဲ့တဲ့ ခိုင်ကြီး ၊ ပွဲကျင်းပရန်အတွက် မြေနေရာ အသုံးပြုခွင့်ပေးသော Idea Café ပိုင်ရှင် ကိုလတ် ၊ အခမ်းအနားတွင် အသုံးပြုရန် အသံချဲ့စက်များ တပ်ဆင်ကူညီပေးသော ကိုမျိုးဝင်းနှင့်အဖွဲ့ ၊ အလှူငွေ ပံ့ပိုးကူညီပေးကြသော မမော်မော်အေး(Cyprus) ၊ မခင်စန်းဝင်း(Australia) ၊ မပပ(Singapore) ၊ အဂျင်း@မခိုင်ဇာ(Singapore) ၊ မစော@မယုတင်စောစော တို့နှင့်တကွ အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသော ညီအကို၊မောင်နှမများ ၊ STA(၄)နှစ်ပြည့် အမှတ်တရ အတွက် ကိတ်မုန့် Sponsor ပေးသော မခက်ခက်ဝင်းမင်း ၊ Lucky Draw အတွက် အသင်းတံဆိပ် T-Shirt (၁၅)ထည် Sponsor ပေးသော မငယ်ထွေး ၊ ညစာတည်ခင်းဧည့်ခံရန်အတွက် အချိုရည် (၅၀)ဗူး Sponsor ပေးသော မသိမ့်@မိုးသား ၊ ကံစမ်းမဲအစီအစဉ်အတွက် လက်ဆောင်များ ၀ိုင်းဝန်းထုပ်ပိုးပေးသော ခိုင်ကြီးသူငယ်ချင်း သဲမောင် ၊ ဥာဏ်စမ်းပဟေဠိအစီအစဉ် နှင့် အခြားပျော်ရွှင်စရာ အစီအစဉ်များအတွက် ၀ိုင်းဝန်းခေါင်းစား ခံခဲ့ရှာတဲ့ မေဖူး ၊ ပွဲစည်အောင် အရွှန်းဖောက်တတ်တဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်း နောင်ရိုး ၊ ရန်ကုန်ကို ရောက်တုန်းရောက်ခိုက် တစ်တပ်တစ်အား ၀ိုင်းဝန်းကူညီပေးခဲ့ရှာတဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်း ဖိုးသောကြာ ၊ (၄)နှစ်ပြည့် ညနေပွဲလေးသို့ တက်ရောက်လာသော အခြား ပရဟိတအဖွဲ့များမှ အဖွဲ့ဝင်များ ၊ Save The Aged ကို စိတ်ဝင်စား၍ လာရောက်လေ့လာကြသူများ အားလုံး အပါအ၀င် Save The Aged (၄)နှစ်ပြည့် ညနေပွဲလေး အထမြောက်ပျော်ရွှင်၊အောင်မြင်စေလိုကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ၀မ်းမြောက်ဝမ်းသာ စွာ ဒီနေရာလေးကနေ မှတ်တမ်းတင်လို့ဂုဏ်ပြုပြောကြားလိုက်ပါရစေ ။။။

((( ကျွန်တော် နာမည်တပ်၍ ကျေးဇူးတင်ရန် ကျန်ရှိနေခဲ့ပါကလည်း ခွင့်လွှတ်သည်းခံပေးကြပါရန်။ )))


လိုနေသူတွေကို အားဖြည့်ရင်း … ငိုနေသူတွေကို ထွေးပွေ့ ခြင်းတွေနဲ့  . . .


လေးစားစွာဖြင့် . . .
မိုးစွတ်နေ
အမာခံမန်ဘာ Save The Aged (ရန်ကုန်)
(၁၀.၁.၂၀၁၄)
သောကြာနေ့
ည ၁၀း ၀၀ နာရီ

Friday, 15 November 2013

လူသုံးများတဲ့ Facebook ~

Facebook နှင့် ပတ်သက်သည့် ကျွန်တော့်အမြင်ကို ဆွေးနွေး
ပေးခဲ့တဲ့ comment လေးပါ။ ရှည်လျားလွန်းလို့ Post တင်ထားတာ။

အဘ ဥက္ကာကိုကို
ခုနောက်ပိုင်း လူငယ်တွေရဲ့ ပလက်ဖောင်းက FB ဖြစ်လာတယ်။ ဖေ့စ်ဘွတ်ခ်စင်မြင့်တစ်ခုအဖြစ် အသုံးချလာကြတယ်။ နာမည်ကျော်ကြားဖို့အတွက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုရလွယ်လာတယ်။ နာမည်ကြီးဖို့ လွယ်သလို ပျက်ဖို့လည်း လွယ်တယ်။

ဘယ်လိုဖြစ်ဖြစ် ကြားခံနေရာကြီးတစ်ခုဖြစ်နေတယ်။ နစ်ကီတို့ မေမြတ်မွန်တို့ လို အသံနဲ့ ရုပ်နဲ့ နာမည်ကျော်ကြတာရှိသလို နာမည်သက်သက်ကျော်အောင်လည်း လုပ်လာကြတယ်။ ရည်ရွယ်ချက်တစ်ခုအတွက် ဖေ့စ်ဘွတ်ခ်ကို အသုံးချလာကြတယ်။ ဥပမာ ဘာညာနာမည်နဲ့
ဘာပေ့ခ်ျတွေပေါ့။

ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးစွဲတာမျိုးရှိသလို မကောင်းတဲ့ရည်ရွယ်ချက်တွေလည်း ရှိကြတယ်။

ဒီအပေါ်မှာ ဘယ်လိုမြင်ကြပါသလဲ။ ဆွေးနွေးကြပါဦး....း)
 
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Moesut Nay  Mark Zuckerberg 2004 လောက်မှာကတည်းက အွန်လိုင်းလူမှုကွန်ယက်ကြီး
တစ်ခုအနေနဲ့ ဖန်တီး တည်ထောင်ခဲ့တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက Online User တွေ
အနေနဲ့ 2007-2008 လောက်မှာ Facebook သုံးစွဲသူ Facebooker မှာ အလွန်နည်းပါးလွန်း
လှသော်လည်း ... 2010 နောက်ပိုင်းမှာ မြန်မာပြည် Facebook User တွေ ပိုမိုများပြားလာတာ
တွေ့မြင် ရတယ်။ (အဲဒီအချိန်မှာ Facebook ရဲ့အရသာကို မြန်မာပြည် Online User တွေ
တော်တော်များများ အရသာတွေ့လာကြပါပြီ။)

ဆူကာဘာဂ်ကလည်း သူ့ရဲ့ဆိုက်ကို တစ်နေ့ထက်တစ်နေ့ပိုမို တိုးတက်ကောင်းမွန်
အောင် ကြိုးစားနေသလို ... Online ပေါ်တက်တဲ့ Internet သုံးတတ်လာသူ တော်တော်
များများကလည်း တစ်နေ့ထက်တစ်ခြား Facebook ကြီးပေါ်မှာ များပြားလာခဲ့ကြတယ်။
Fake Name တွေ၊ Fake Account တွေဆိုရင် လက်မခံဘဲတားဆီးပိတ်ပင်ထားတာမျိုးပေါ့။
(ဒါပေမယ့်လည်း အဲ့လောက် ထိန်းချုပ်ရုံနဲ့ မဟန့်ထားနိုင်သေးပါဘူး။) Facebook က
သူ့ရဲ့ Social Network ထဲမှာ မရိုးသားမှု၊မမှန်ကန်မှုတွေမဖြစ်ရအောင်သူ့ဘက်ကနေ
Rules & Regulationsတွေနဲ့ ထိန်းပါသေးတယ်။

ဝါသနာတူရာ၊တူရာသမားတွေလည်း တွေ့ဆုံးနိုင်ကြတယ်။လူမှုရေးပရဟိတစိတ်ဝင်စား
သူတွေကလည်း ပရဟိတသမားအချင်းချင်းဆုံစည်းနိုင်တယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့
သူတွေကလည်းနိုင်ငံရေးသမားတွေနဲ့တွေ့ကြတယ်။ ပညာရေးစိတ်ဝင်စားတဲ့သူတွေ
ကလည်း ပညာရေးသမားတွေနဲ့တွေ့ကြတယ်။ စာပေ၊အဆို၊အတီး၊အက ... စတဲ့
အနုပညာဝါသနာပါသူတွေကလည်း ~ ၀ါသနာပါသူ အချင်းချင်းပေါ့။

ဒီလိုပဲ . . . ကောင်မလေးချောချောလေးတွေကြိုက်တဲ့သူတွေကလည်းကောင်မလေး
ချောချောတွေကိုတွေ့လို့ရကြ ... ကောင်လေးချောချောကိုကြိုက်တဲ့သူတွေကလည်း
ကောင်လေးချောချောတွေကိုတွေ့ကြရနဲ့ ... ကိုယ်အားသန်ရာ ၊ . . . ကိုယ့်အကြိုက်
တွေကို ဒီနေရာမှာ ထုတ်ဖော်/ရှာဖွေလို့ရတယ်လေ။ ရင်ဘတ်တူသူတွေ ဆုံစည်းလို့ရတယ်။
တူရာ၊တူရာလေးတွေ ဒီမှာ လာစုစည်းလို့ရတယ်။ ဥပမာတစ်ခုပြောရရင်လွန်ခဲ့တဲ့ 2003 ၊
2004 လောက်က ဆိုရင်  အဆိုဝါသနာပါတဲ့သူတစ်ယောက် သူလုပ်ထားတဲ့ သူရဲ့
တေးသီချင်းလေးတွေကို ပရိုဂျူဆာတွေထံမရောက်ရောက်အောင် ( လက္ဘရည်ဆိုင် ၊
အခွေဆိုင် ၊ ဂိမ်းဆိုင် ၊ အ၀တ်အစားဆိုင်တွေ စူပါးမာကတ်တွေကနေ ... public ဖြစ်တဲ့
နေရာတွေကနေ ) ground ဖြန့်တော့ . . . လှုပ်ရှားကြိုးစားရတာ ~ အနည်းငယ်
ခက်ခဲတယ်။ ယနေ့အချိန်မှာတော့ ဖေ့ဘွတ်လောက်မှာ share မယ် ၊ ကိုယ်ကနေ
တစ်ဆင့် ကိုယ့်သူငယ်ချင်းတွေကို မျှဝေခိုင်းမယ် ၊ ကိုယ့်သူငယ်ချင်း
တွေကနေတစ်ဆင့် ထပ်ပြီးဖြန့်ဝေဦးမယ်ဆိုရင် . . . အချိန်အတိုင်းအတာ
(အတိုလေး)အတွင်းမှာပင် လူထုကို ထိုးဖောက်အာရုံစိုက်စေနိုင်တယ်။ 
ဒါက ဘာလဲဆိုတော့ Facebook က အွန်လိုင်းလူမှုကွန်ယက်တွေထဲမှာ ဖြန့်ဝေမှုအား
အကောင်းဆုံးနဲ့ သတင်းစီးဆင်းမှုနှုန်းထား လျင်မြန်လွန်းလို့ပါ။

လူတစ်ချို့က Facebook ကြီးပေါ်မှာ နာမည်ကြီးအောင်လုပ်ချင်ကြသလို လူတစ်ချို့ကလည်း
Facebook ကြီးပေါ်က နာမည်ကြီးသူအချို့ကိုမှ ခင်မင်၊ရင်းနှီး ပတ်သက်ကျွမ်းဝင်ချင်ကြတယ်။
(ဒါဟာလည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် နာမည်ကြီးလိုခြင်းပါ။
တစ်နည်းဆိုရရင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ရအောင်ပေါ့။)ကောင်းတဲ့ရည်ရွယ်ချက်နဲ့
သုံးတဲ့လူကလည်း သူနဲ့စိတ်တူကိုယ်တူ၊၀ါသနာတူတွေကို တွေ့မြင်ဆုံစည်းချင်
သလို သူတို့အချင်းချင်းလှုပ်ရှားမှုတွေ ချိတ်ဆက် link မိအောင်လို့ပါ။ မကောင်းတဲ့
ရည်ရွယ်ချက်နဲ့ သုံးနေကြသူတွေကိုလည်း ဘာမှတော့ပြောလို့ရမှာမဟုတ်ဘူး ...
သူတို့လည်း သူတို့အားသန်ရာနဲ့ သူတို့ပေါ့။
 
တစ်လက်စတည်း ထပ်ပြောရရင် ~ ယနေ့ခေတ်မှာ လူတိုင်း Facebook သုံးလာကြသလို
Facebook Account တစ်ခုမှမရှိရင်(Facebookမသုံးတတ်ရင်) ခေတ်နောက်ကျသလို
တောင် ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ သတိထားရမှာက ဖေ့ဘွတ်သည်
ကျွန်တော်တို့ရဲ့ ဒုတိယပုံရိပ်ဆိုတာပါပဲ...။ ကျွန်တော်တို့နိုင်ငံက တစ်ချို့
ကုမ္ပဏီကြီးကြီးတွေဆိုရင် အလုပ်အင်တာဗျုးလျှောက်တာနဲ့ မင်းမှာဖေ့ဘွတ်ရှိလား။
ဘာနာမည်နဲ့သုံးနေလဲ ? စတာကအစ မေးတတ်ကြပြီး ... ကိုယ့်ရဲ့ ပုံရိပ်ကို ~
ပုံရိပ်ဖမ်းတဲ့အနေနဲ့တောင် လေ့လာနေကြပါပြီ ...။

နစ်ကီကြောင့်လည်းလူတွေဒုက္ခမဖြစ်ပါဘူး။ မေမြတ်မွန်ကြောင့်လည်း လူတွေဒုက္ခမရောက်
ပါဘူး။ လူတစ်စုရဲ့ အနှောက်လုပ်ရပ်ကြောင့် ဖန်တီးထားတဲ့ (လူမှုရေးပဋိပက္ခဖြစ်ပွားအောင်
လုပ်နေကြတဲ့ပေ့ခ်ျ၊ ဘာသာရေးအဓိကရုဏ်း ဖြစ်အောင် ဆူပူအုံကြွနေကြတဲ့ပေ့ခ်ျ၊ နိုင်ငံရေး
ပြဿနာဖြစ်ပွားအောင်လုပ်နေတဲ့ပေ့ခ်ျ၊ ကိုယ်ကျိုးရှာအမြတ်ထုတ်နေကြတဲ့ပေ့ခ်ျ)
အဲဒီပေ့ခ်ျတွေကြောင့်သာ လူတွေ ဒုက္ခဖြစ်သွားနိုင်တယ် . . . ။

(((အဘရေ ... ခင်ခင်မင်မင်နဲ့ ကျွန်တော့်အမြင်လေး ၀င်ဆွေးနွေးသွားပါတယ်။)))
ပြောရတာ ရှည်တော့လည်း . . . မောထှာ :P

Wednesday, 13 November 2013

Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ်စာမူပြိုင်ပွဲ

Save The Aged (၄)နှစ်ပြည့် အထိမ်းအမှတ်စာမူပြိုင်ပွဲ



သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေး ပရဟိတအသင်း ( Save The Aged ) ၏ အသင်းဝင်များနှင့် စာပေချစ်မြတ်နိုးသူ အပေါင်းတို့ခင်ဗျာ -


ဇန်န၀ါရီလ ( ၃ ) ရက် ၊ ၂၀၁၄ ခုနှစ်တွင် ကျရောက်မည့် Save The Aged အသင်း၏ (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်
ဝတ္တု နှင့် ဆောင်းပါး စာမူပြိုင်ပွဲအားပြုလုပ်ကျင်းပမည် ဖြစ်ပါသဖြင့် စာပေချစ်သော မိတ်ဆွေများနှင့်
ပရဟိတနယ်ပယ်အသီးသီးမှ မည်သူမဆို အားလုံးပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ..။


ကျင်းပရသည့် ရည်ရွယ်ချက် - ရသစာပေချစ်မြတ်နိုးသူ အဖွဲ့ဝင်များအချင်းချင်း စည်းလုံးချစ်ခင်ရင်းနှီးမှု တိုးပွားရရှိစေရန်။
- ပရဟိတအကျိုးဆောင်ရွက်လိုစိတ်များကို ရသစာပေဖြင့် နှိုးဆွပေးရင်း စာရေးစာဖတ် အကျင့်ကောင်းပါ ရရှိလာစေရန်။
- အွန်လိုင်းပရဟိတအဖွဲ့ဖြစ်သည်နှင့် လျော်ညီစွာ အွန်လိုင်းပေါ်တွင် စာပေပြိုင်ပွဲများပြုလုပ်ပေးခြင်းမှတဆင့် အဖွဲ့၏ ရည်ရွယ်ချက်၊ ခံယူချက်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို အများပြည်သူ သိရှိလာနိုင်စေရန်။

ပြိုင်ပွဲအမျိုးအစား ၁။ ၀တ္တု
- ၀တ္တုတို (ဇော်ဂျီဖောင့် ၁၀, A4စာရွက် ၃ မျက်နှာထက်မရှည်ရ)
- ၀တ္တုရှည် (ဇော်ဂျီဖောင့် ၁၀, A4စာရွက် ၆ မျက်နှာထက်မရှည်ရ)

၂။ အက်ဆေး/ ဆောင်းပါး
ဇော်ဂျီဖောင့်ဆိုဒ် ၁၀, A4စာမျက်နှာ ၃မျက်နှာထက်မရှည်ရ။

မှတ်ချက် စာမူများကို အဖွဲ့ဆိုက်တွင် ပြန်လည်တင်ပြပေးမည်ဖြစ်ပါ၍ စာမူရေးသား ရာတွင် ဇော်ဂျီဖောင့်ဆိုဒ်(၁၀)ဖြင့်သာရေးသား
စေလိုပါသည်။ အကယ်၍ အခြားဖောင့်များ အသုံးပြုထားပါက ၄င်းစာမူများအား ပြိုင်ပွဲအတွက် ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။



စာမူစတင်လက်ခံရက်
/ စာမူနောက်ဆုံးပိတ်ရက်

နိုဝင်ဘာ (၁၀) ရက်/ ဒီဇင်ဘာ (၁၀)ရက်အထိ




ဆုရသူစာရင်းကြေညာချက်


ဒီဇင်ဘာ(၁၅)ရက်

မှတ်ချက် ။ ဆုရရှိသူများကို Save The Aged (၄)နှစ်ပြည့် အခမ်းအနားတွင် ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။


စာမူပေးပို့ရမည့် အီးမေးလ်လိပ်စာ

savetheaged.editor2013@gmail.com



အမှတ်ပေးစည်းမျဉ်းများ


၁။ ပရဟိတနှင့်သက်ဆိုင်သော ခံစားရေးဖွဲ့မှုများ (သို့) STA နှင့် ပတ်သက်ဆောင်ရွက်မှုများဖြင့်  ပရဟိတဆန်သောပုံရိပ်များကို ထင်ဟပ်စေအောင် ပီပီပြင်ပြင် ရေးဖွဲ့နိုင်ရမည်။
၂။ စာမူတွင် ခေါင်းစဉ်၊ ရေးသားသူများ၏ကလောင်အမည်နှင့်တကွ၊ ကိုယ်တိုင်ရေးဖြစ်ကြောင်းကို ရှင်းလင်းထင်ရှားစွာရေးသား
ဖော်ပြရမည်။

၃။ စာလုံးပေါင်းသတ်ပုံသတ်ညွှန်းမှန်ကန်မှုကို အမှတ်ပေးစည်းမျဉ်းတွင် ထည့်သွင်းစဉ်းစားမည်။
၎။ သတ်မှတ်ရက် နောက်ပိုင်းမှ ရောက်ရှိလာသည့် စာမူများကို ပြိုင်ပွဲတွင် ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။
၅။ သတ်မှတ်ထားသည့် စာမျက်နှာကျော်လွန်နေသူများ၊ ဇော်ဂျီဖောင့်အစား တခြားစာလုံးဖောင့် အသုံးပြုထားသည့် စာမူများအား ပြိုင်ပွဲတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။


သို့ဖြင့်၍ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် သတ်မှတ်ချက်များအတိုင်း ပျော်ရွှင်စွာဖြင့် ပူးပေါင်းပါဝင် ယှဉ်ပြိုင်စေလိုပါသည်။ သမာသမတ်ကျကျ စီစစ်ရွေးချယ်မည်ဖြစ်၍ စာမူပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုပါက အကဲဖြတ်အဖွဲ့၏အီးမေးလ် savetheaged.editor2013@gmail.com သို့ တိုက်ရိုက်မေးလ်ပို့ မေးမြန်းနိုင်ပါသည်။ ပြိုင်ပွဲပြီးဆုံး၍ စာမူဆုရစာရင်းများကြေငြာသည့်အချိန်တွင် အကဲဖြတ်ဒိုင်များ၏ အမည်များကိုပါ ပူးတွဲဖော်ပြပေးသွားမည် ဖြစ်ပါသည် ။ ပုဂ္ဂိုလ်ရေးဆက်သွယ် မေးမြန်းခြင်းများအား လက်ခံဖြေကြားမည်မဟုတ်ပါ။ ဆုံးဖြတ်ချက်များသည် အကဲဖြတ်အဖွဲ့၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။



Save The Aged တွင် ရသစာပေဖွံ့ဖြိုးရှင်သန်စေ၍ ပရဟိတတွဲလက်များဖြင့် ကမ္ဘာမြေကို အလှဆင်နိုင်ကြပါစေ။




စာမူအကဲဖြတ်အဖွဲ့
Save The Aged (၄)နှစ်ပြည့်
အမှတ်တရစာမူပြိုင်ပွဲ