Sunday, 3 November 2013

"ရင်ဘတ်ထဲက သံစဉ်"

"ရင်ဘတ်ထဲက သံစဉ်"

27 September 2010 at 14:54

အိပ်မက်မက်နေတယ်လို့ 
သိလိုက်ရရင်တောင်မှ
မနိုးတမ်းအိပ်ချင်နေတာက
မင်းရဲ့ နှလုံးသားထဲမှာပါကွာ ...

အချစ်နဲ့ ဘ၀က~ တကယ်တော့
ခြားလှတယ်ဆိုတာ
ငါနားလည်ပါတယ်
ကောင်မလေးရယ် ...

အမှတ်တမဲ့နဲ့ ...
ငါ့ရင်ဘတ်ကိုတံခါးခေါက်လို့ 
ရင်ခုန်ခြင်းအိပ်မက်ရှည်တွေနဲ့ 
တိတ်တဆိတ်ထိုးဖောက်ကာ
နင်'၀င်ရောက်လာလေရဲ့  ...

ကျေးဇူးပြုပြီး...
လှုပ်နှိုးဖို့ တော့~မကြိုးစားပါနဲ့ တော့
နင်'ပေးခဲ့တဲ့အိပ်မက်ရှည်တွေနဲ့ 
ငါ'ဒီမှာ...တော်တော့်ကို အသားကျနေပါပြီ ...

အိပ်မက်ဆိုတာ...
ကြိုးပျက်နေတဲ့ပတ္တလားဟောင်းတစ်လုံးမို့ 
သံစဉ်ထွက်အောင်တီးခတ်ပေးဆိုရင်
နရီမပီ၊စည်းဝါးမညီဘဲ
သံစဉ်မကျနလို့ ၊ပနံတင့်ချင်မှတင့်မယ်နော် ...

ဒါပေမယ့်လည်း
ကြိုးသွားစုံလင်နေတဲ့...
ပတ္တလားကောင်းတစ်လုံးကိုပင်
အတီးမတတ်တဲ့သူ(ထ)ပြီးတီးခတ်ရင်
စည်းဝါးမညီ၊ကာရံမကိုက်လို့ 
သံစဉ်ပီသချင်မှ ပီသမယ်လေ ...

တစ်ချို့ တစ်ချို့ တွေမှာ
အားနည်းချက်ကွက်လပ်လေးတွေနဲ့ 
အတတ်နိုင်ဆုံးကြိုးစားလို့ ရယ်
အဖြစ်နိုင်ဆုံး ဖြည့်ဆည်းကြည့်ကြတဲ့အခါ

တစ်ခါတစ်ရံမှာ ...
ကြိုးပျက်နေတဲ့ ပတ္တလားသံဟာ
ပိုလို့  ချိုမြတတ်ပါတယ်ကွာ ... ။ ။

♥MOESUTNAY♥

11thJuly2010
( Sunday )
5:30 p.m.


 

No comments: